စစ်ကောင်စီ လေတပ် အကြီးအကဲ အရှက်ကွဲပြန်

by Hla Soewai - Sep 12 2023

အာဆီယံ နိုင်ငံ အများ အပြားမှ လေတပ် ဦးစီးချုပ်များသည် အကြမ်းဖက် စစ်ကောင်စီ လေတပ် အကြီးအကဲ ဗိုလ်ချုပ် ထွန်းအောင်မှ ကြီးမှုး ပြုလုပ်မည့် လေတပ်ဦးစီးချုပ်များ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ဟု ပြောလာကြသဖြင့် စစ်ကောင်စီ အဖို့ ဝိုင်းပယ် ခံနေရသည့် အနေအထားသည် ပို၍ ထင်ရှားလာနေပြီ ဖြစ်သည်။

 

လက်ရှိတွင် မလေးရှား၊ ဖိလစ်ပိုင် နှင့် အင်ဒိုနီးရှားတို့မှ ကိုယ်စားလှယ်များ စေလွှတ်မည် မဟုတ်ဟု တရားဝင် ပြောလာပြီ ဖြစ်ပြီး ကမ္ဘောဒီယား၊ ဗီယက်နမ်၊ စင်္ကာပူ နှင့် ဘရူနိုင်း တို့မှ တက်မည် မတက်မည်ကို တစုံတရာ ပြောဆိုခြင်း မရှိသေးကြောင်း စင်္ကာပူရှိ စထရိတ်တိုင်းမ် သတင်းစာတွင် ရေးသားထားသည်။

 

နိုင်ငံ တွင်း လက်ရှိ ဖြစ်ပွားနေသော အကြမ်းဖက် မှုများ တွင် မင်းအောင်လှိုင် ပြီးလျှင် ပြစ်မှု အများဆုံး ကျုးလွန်နေသူ ထွန်းအောင် မှ ခေါ်ယူသည့် အစည်းအဝေးသို့ တက်ရောက်ရန် ချီတုံချတုံ ဖြစ်လာသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။ အချို့ကလည်း ထွန်းအောင်ကို ဘေးထုတ်ကာ ၎င်းတို့ လေတပ် ဦးစီးချုပ် အချင်းချင်း ဆွေးနွေးနိုင်မည့် အခွင့်အရေးများကို လက်လွှတ်ခံရမည့် အရေး တွန့်ဆုတ်နေကြခြင်း ဖြစ်ပုံရသည်။

 

လူ့အခွင့်အရေး အဖွဲ့များ၊ မြန်မာ အရေး လေ့လာစောင့်ကြည့်နေသည့် အဖွဲ့များ၊ ပြည်တွင်းရှိ အရပ်ဖက် အဖွဲ့အစည်းများ အားလုံးက ထိုသို့ တက်ရောက်မည့် အရေးကို ဝိုင်းဝန်း ကန့်ကွက် ရှုတ်ချထားပြီးလည်း ဖြစ်သည်။

 

အာဆီယံသည် မြန်မာ ပြဿနာ နှင့် ဒေသတွင်း တရုတ်-အမေရိကန် အားပြိုင်မှု တိုးမြှင့်လာခြင်းကြောင့် ညီညွတ်မှု ပြိုကွဲတော့မည့် အန္တရာယ် နှင့် ရင်ဆိုင်နေရပြီ ဆိုသည်ကို ဥက္ကဌ တာဝန်ယူထားသူ အင်ဒိုနီးရှားမှ စိုးရိမ်တကြီး ပြောဆိုနေရပြီ ဖြစ်သည်။

 

သိုးမည်း ဖြစ်နေသော မြန်မာ မှ လွဲ၍ ကျန် ကိုးနိုင်ငံစလုံးသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၈.၂ ဘီလီယံ တန်ကြေး ရှိသည့် နိုင်ငံ ဖွံ့ဖြိုးရေး စီမံချက်များ ကို စုပေါင်း လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ထိုအထဲတွင် လျှပ်စစ်ကား ထုတ်လုပ်ရေး၊ ဆိပ်ကမ်းများ တည်ဆောက်ရေး အစရှိသည်တို့ကို ဂျပန်၊ တောင်ကိုရီယား၊ တရုတ်တို့နှင့် ပူးပေါင်း လုပ်ဆောင်နိုင်ရန်လည်း ဆွေးနွေးခဲ့ကြသည်။

 

အာဆီယံ ၏ တခုတည်းသော အောင်မြင်မှု သည် နောက်နှစ် တွင် ဥက္ကဌ ဖြစ်လာမည့် လာအို အား မြန်မာ အရေးကို ကိုင်တွယ်ခွင့် မပြုတော့ပဲ သုံးနိုင်ငံ ပူးပေါင်း ကိုင်တွယ်သွားရေး အစီအစဉ်ကို အကောင်အထည် ဖေါ်နိုင်ခဲ့၍ စစ်ကောင်စီ အတွက် သက်သာရာ ရပေတော့မည် ဆိုသော အတွေးများ ပျက်ပြယ်သွားခဲ့ရခြင်းပင် ဖြစ်သည်။ နောက်တချက်က ၂၀၂၆ အတွက် ဥက္ကဌ ရာထူး ယူရမည့် အရေးမှ ရပ်ဆိုင်းပစ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

 

ဂျကာတာ သို့ ရောက်ရှိနေသော ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် အန်ထိုနီ ဂူတာရက်စ် မှ ဆိုးဝါးလာနေသော အခြေအနေများ အပေါ် စိုးရိမ်မကင်း ဖြစ်နေကြောင်း နှင့် မြန်မာ စစ်အာဏာပိုင်များ အနေဖြင့် ပြည်သူများ ၏ လိုလားတောင်တနေသည့် အသံများ ကို နားထောင်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားရန် တိုက်တွန်းသွားသည်။ နိုင်ငံတကာ အနေဖြင့်လည်း မြန်မာ အကျပ်အတည်းကို အမြန်ဆုံး အဆုံးသတ်နိုင်ရေး အတွက် တူညီသော မဟာဗျုဟာတခု ချမှတ်ရန်လည်း ပြောကြားသွားသည်။

 

အမေရိကန် ဒုသမ္မတ ကမ်မလာ ဟာရစ်မှလည်း စစ်ကောင်စီ ကျုးလွန်နေသော ထိတ်လန့် စက်ဆုပ်ဖွယ် ကောင်းသည့် အကြမ်းဖက်မှုများ အဆုံးသတ်ရန် ဆက်လက် ဖိအားပေးသွားမည်ဟု ဆိုသည်။

 

သို့သော် စစ်ဗိုလ်ချုပ်များ၏ ဒီမိုကရေစီ သည် ပြည်သူ အများစု အား ကိုယ်စားပြုသော ပါတီများ ကို ပိတ်ပင်ပြီး ၎င်းတို့ အလိုကျ သစ္စာခံမည့် အဖွဲ့များအား ပါတီ ခေါင်းစဉ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲမျိုးသာ ဖြစ်သည်။ ၎င်းတို့ စိတ်ထဲတွင် ရွေးကောက်ပွဲ ပြီးလျှင် ဒီမိုကရေစီ အမည်တပ်၍ ရနေပြီဟု ယူဆထားကြသူများလည်း ဖြစ်သည်။ မင်းအောင်လှိုင်သည် ယခုအခါ ရွေးကောက်ပွဲ ကို အီလက်ထရောနစ် မဲပေးစနစ်ဖြင့် ၂၀၂၅ တွင် ပြုလုပ်မည်ဟု အသံလွှင့်လာပြန်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ ပြည်သူတို့၏ ခုခံတွန်းလှန်စစ် စတင်ကြောင်း ကျေညာခဲ့သည့် နှစ်နှစ်မြောက် အထိမ်းအမှတ် အဖြစ် ထုတ်ပြန်သော ကျေညာချက်တွင် အကြမ်းဖက် စစ်တပ်၏ မြေပြင် တပ်အင်အား တဝက်ခန့် ကို ချေမှုန်း နိုင်ခဲ့သည်ဟု ပါရှိခဲ့သည်။ ထိုနှစ်နှစ် အတွင်း တိုက်ပွဲပေါင်း ၉,၉၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၏ စခန်း ၂၈ ခုကို သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

 

ယခုအခါ စစ်ကောင်စီ အား ပံ့ပိုးပေးနေသည့် အရပ်ဖက် ဝန်ထမ်းများသည်လည်း ညနေ အိမ်ပြန်ရောက်မှ သာ အသက်နှင့် ကိုယ် အိုးစားမကွဲသေးဟု တွေးနေကြရပြီ ဖြစ်သည်။

 

ထို့အတွက်ကြောင့်လည်း အရှေ့တီမော အစိုးရမှ မြန်မာ စစ်တပ်သည် မည်သည့် နည်းနှင့်မျှ အနိုင်ရဖို့ လမ်းမမြင်ဟု အယ်ဂျာဇီယား နှင့် အင်တာဗျူးတွင် ပြောသွားခဲ့ခြင်းလည်း ဖြစ်ပေသည်။

 

သို့သော် စစ်ဗိုလ်ချုပ်များသည် ၎င်းတို့ အခြေအနေမှန်ကို ယခုထိ စစ်ကြောနိုင်ခြင်း မရှိသေးပဲ လက်အောက်ငယ်သားများကို စတေးကာ သူများ နှာခေါင်းပေါက်နှင့် ဆက်၍ အသက်ဆက်နိုင်ရန် သာ ကြံစည်နေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Cartoon Credit - DVB