ကိုလင်းလင်း-မချစ်သုဝေ တို့ အကြောင်း နယူးယောက်တိုင်းမ် သတင်းစာကြီး ၏ ပရိုဖိုင်း

by Hla Soewai - Sep 12 2023

ကိုလင်းလင်းသည် ထင်ရှားသော ဂီတ အိုင်ဒေါ တဦး အဖြစ်မှ ၂၀၁၅ တွင် နိုင်ငံ ခေါင်းဆောင် ဖြစ်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ကာကွယ်ရန် ဘော်ဒီဂတ် အဖြစ် ဗော်လံတီယာ လုပ်ကာ သူ့ဘဝ ကို မြုပ်နှံခဲ့သူ ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် နိုင်ငံကို စွန့်ခွာခဲ့ပြီး ယခုအခါ ရုပ်ရှင် ဒါရိုက်တာ အဖြစ် ပြန်လည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

ကာလကြာမြင့်စွာကပင် သူ၏ ရော့ခ် သီချင်းများ သီဆိုသည့် အသံများကို နေရာတကာတွင် ရေဒီယိုမှ ကြားနေခဲ့ရသည်။ နိုင်ငံတဝှမ်း စင်တင်ဖျော်ဖြေပွဲ မှန်သမျှ လက်မှတ် ဝယ်၍ မရသည့်အထိ ကြိတ်ကြိတ်တိုး စည်ကားခဲ့သည်။ သူ သွားလေရာ နေရာတိုင်းတွင်လည်း ပရိသတ်က ဆယ်ဖီ ဆွဲ၊ အော်တို ရေးခိုင်း နှင့် အလုအယက် ဝိုင်းအုံလာကြစမြဲပင် ဖြစ်သည်။ သို့သော် သူ၏ ထင်ပေါ်ကျော်ကြားမှု သည် နိုင်ငံ၏ နယ်နမိတ် အတွင်း တွင်သာ ရှိပေသေးသည်။

 

သူ၏ သီချင်းများသည် စစ်အုပ်ချုပ်ရေး အောက်တွင် လူထု ခံစားနေရသော ဒုက္ခသုက္ခများကို ထင်ဟပ်စေခဲ့သည့် အတွက်သာမက နိုင်ငံတော် အတိုင်ပင်ခံ အတွက် ကိုယ်ရံတော် အဖြစ် အနီးကပ် ရှိနေသည့် အတွက်လည်း စစ်ဗိုလ်ချုပ်များ၏ ပစ်မှတ်ထားခြင်း ခံလာခဲ့ရသည်။

 

ယခုအခါ အသက် ၃၉ နှစ်ရှိပြီ ဖြစ်သည့် ကိုလင်းလင်းသည် ဒုက္ခသည် အဆင့်အတန်း ဖြင့် မဲဆောက်တွင် နေထိုင်လျက် ရှိသည်။

 

သူ့၏ ဘဝ သည် မထင်မှတ်သော အလှည့် အပြောင်းကြီး နှင့် ကြုံတွေ့ခဲ့ရသော်လည်း အနုပညာကို မြတ်နိုးစွာ ဖက်တွယ်ထားဆဲပင် ဖြစ်သည်၊ ဒီတကြိမ်တွင်တော့ သူ၏ အနုပညာကို ရော့ခ် ဂီတ မှ ရုပ်ရှင်ဖက်သို့ ပြောင်းလဲပစ်ခဲ့သည်။

 

သူ၏ ပထမဆုံး ဖန်တီးမှု ရုပ်ရှင် ဇာတ်လမ်းတို လေးအား “The Beginning” ဟု အမည်ပေးခဲ့ပြီး မြန်မာပြည်ရှိ လူတစု အား စိတ်ကူးဖြင့် ဖန်တီးကာ ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေး တွင် စိတ်ရင်းစေတနာ ကောင်း ဖြင့် ပါဝင်ကြဖို့ သည် အရေးကြီးကြောင်းကို မီးမောင်းထိုးပြခဲ့သည်။ နောက်ပိုင်း ငါးလ အကြာတွင် “The Way” ဟူသော ရုပ်ရှင် ပေါ်ထွက်လာခဲ့သည်၊ ထိုရုပ်ရှင်သည် တိုင်းပြည်တွင် ဖြစ်ပေါ်လာနေသော အကျပ်အတည်းကြီး များကြောင့် မိသားစု တစု မျှော်လင့်ချက် များ ပျက်သုံးခဲ့ရမှု နှင့် အတူ စိတ်တွင် အမာရွတ်ကြီး ထင်ကျန်ခဲ့ရသည်ကို ထိထိမိမိ သရုပ်ဖေါ်နိုင်ခဲ့သည်၊ စိတ်ချမ်းမြေ့ဖွယ် မရှိသော အကြောင်းခြင်းရာများကို ဂီတဖြင့် သရုပ်ဖေါ်တင်ပြနိုင်ခဲ့သည့် မြန်မာပြည်၏ ပထမဆုံးသော ဒါရိုက်တာ ဖြစ်လာခဲ့သည်။

 

ရုပ်ရှင် နှစ်ခုစလုံးသည် နိုင်ငံတကာ ရုပ်ရှင် ပွဲတော်တွင် ဆုပေါင်းများစွာ ဆွတ်ခူးခဲ့ပြီး “The Way” သည် လည်း အသံပိုင်းဆိုင်ရာ နှင့် ပတ်သက်၍ ဝိုင်းဝန်း ချီးကြူးထောပနာ ပြုခြင်း ခံခဲ့ရပြန်သည်။

 

ကိုလင်းလင်းက “စစ်အာဏာသိမ်း အဖွဲ့သည် အနုပညာရှင် တဦး အား ကိုယ်ထိလက်ရောက် ဖိနှိပ်ထားနိုင်သော်လည်း သူ့ရင်တွင်း က အနုပညာ ဓါတ်ခံကိုတော့ တာဆီးချုပ်ချယ်၍ မရ” ဆိုသည့် မက်ဆေ့ချ် ကို ပေးလို၍ ဖြစ်သည်ဟု ခြိုးခြိုးခြံခြံ နှင့် တည်ဆောက်ထားခဲ့‌သော မဲဆောက်ရှိ သူ၏ စတူဒီယို ထဲမှ နေ၍ နယူးယောက်တိုင်း သတင်းစာကို ပြောပြခဲ့သည်။

 

ကိုလင်းလင်း၏ ဘဝသည် သူ့နိုင်ငံအတွင်း အာဏာရှင် စနစ်မှ ဒီမိုကရေစီ၊ ထိုမှတဖန် လက်ရှိ တော်လှန်ရေး ကာလ အစရှိသည့် ရေစီးကြောင်း အတိုင်း လိုက်ပါ စီးမျောခဲ့ရသည်။

 

ညီအကို လေးယောက်ထဲတွင် အငယ်ဆုံးလည်း ဖြစ်သော ကိုလင်းလင်းသည် မန္တလေး တွင် မွေးဖွားခဲ့ပြီး၊ ဖခင်ဖြစ်သူ မီးရထား လမ်း အလုပ်သမား တဦး ၊ အိမ်ရှင်မ ဖြစ်သူ မိခင်တို့နှင့် အတူ လူဖြစ်ကြီးပြင်းလာခဲ့သူ ဖြစ်သည်။

 

အသက် ငါးနှစ် အရွယ်မှာပင် စစ်အုပ်ချုပ်ရေး၏ အနိဌာရုံများကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ စစ်သားများက သင်္ဘောတစီး ပေါ်မှ ခရီးသည် များကို ဆွဲချပြီး အသက်အရွယ် ကြီးငယ်မရွေး အားလုံးကို ၎င်းတို့ ရှေ့တွင် ဒူးထောက်ထိုင်ခိုင်းခဲ့သည်။ ထိုသို့ လူ့ဂုဏ်သိက္ခာ ကို တန်ဖိုး မထားပဲ ဗိုလ်ကျ အနိုင်ကျင့်ခဲ့သည့် မြင်ကွင်းသည် သူဘဝတလျောက် မည်သို့မျှ မေ့ဖျောက်ပစ်၍ မရအောင် စွဲထင် ကျန်ရစ်ခဲ့ပေတော့သည်။

 

အသက် ကိုးနှစ် အရွယ်တွင် ဂစ်တာ တီးပုံတီးနည်းကို သူဖာသာ လေ့လာ ဆည်ပူးခဲ့သည်၊ အထက်တန်း အောင်ပြီးနောက် ရန်ကုန်သို့ ပြောင်းရွှေ့လာခဲ့သည်၊ ဘတ်စ်ကား စပယ်ယာ အဖြစ်မှ လုံခြုံရေး ဝန်ထမ်း အထိ ဘဝကို ရုန်းကန် တိုက်ပွဲဝင်ခဲ့သည်။ တဖက်တွင်လည်း သူသည် ဂီတ ပညာရှင်တဦး ဖြစ်လာရန် လည်း ကြိုးစား ပျိုးထောင်ခဲ့ပြန်သည်။

 

၂၀၀၁ တွင်တော့ သူ့ဘဝ၏ အလှည့်အပြောင်းကြီး တခု နှင့် ကြုံလာခဲ့ရသည်။ တနေ့တွင် သူသည် အသံဖမ်း စတူဒီယို တခုရှိရာ ရောက်လာခဲ့ပြီး သူ၏ အသံသွင်း တိတ်ခွေ နမူနာ ကို ပြခဲ့သည်၊ ထို့နောက်တွင်တော့ သူသည် နာမည်ကြီး အဆိုတော်များ အတွက် သီချင်းရေးပေးသူ တဦး ဖြစ်လာခဲ့သည်။ မြန်မာပြည်တွင် သီချင်းများ အားလုံး နီးပါး ကို ပြည်ပ မှ ကော်ပီ ကူးယူနေကြချိန်တွင် ကိုလင်းလင်းသည် ကိုယ်ပိုင် သံစဉ် သီချင်းများ ရေးစပ်ခြင်းဖြင့် မှတ်တိုင်စိုက်ထူ နိုင်ခဲ့သည်။

 

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီး ဖြစ်ပွားလာခဲ့စဉ်တွင် ကိုလင်းလင်းသည် သံဃာတော်များ နှင့် အတူ နေ့စဉ်လို ချီတက် ခဲ့သည်၊ ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သည့် “Freedom From Fear” စာအုပ်ကိုလည်း ထပ်တလဲလဲ ဖတ်ရှု့ခဲ့သူလည်း ဖြစ်သည်။

 

သူသည် နိုင်ငံ၏ တင်းကျပ်သော ဆင်ဆာ ဖြတ်တောက်မှုများကိုလည်း ရှောင်နိုင်တိမ်းနိုင်ခဲ့သည်။ သူ၏ သီချင်း သုံးပုဒ်ကို စာသားများ ပြောင်းလဲရန် ညွှန်ကြားလာခဲ့သည်၊ တခါတရံ ထိုသို့ ကြုံလာရသည့် အခါ စာသား အသစ်များ ထည့်ကာ ပြန်တင်ခဲ့ပြီး နောက်ပိုင်းတွင် မည်သူမျှ မသိမထားမိအောင် မူလ စာသားများ နှင့် အစားပြန်ထိုးကာ ဖြန့်ချီခဲ့သည်။

 

ထင်ရှားသည့် ရုပ်ရှင်ဇာတ်ဆောင်လည်း ဖြစ် အဆိုတော်တဦးလည်း ဖြစ်သည့် ဇနီးဖြစ်သူ ချစ်သုဝေ က “သူက တော့ သူပုန်ကြီးပဲ” ဟု ပြောပြခဲ့သည်။

 

၂၀၀၈ တွင် ကိုလင်းလင်း သည် “Think” ဟု အမည်ပေးထားသည့် သီချင်းအယ်ဘမ် ကို ထုတ်ခဲ့သည်၊ ထိုသီချင်းများသည် မူလက အခြား အဆိုတော်များ အတွက် စပ်ဆိုပေးထားသည့် အချစ်သီချင်းများလည်း ဖြစ်သည်။ ထိုသီချင်းသည် ချက်ခြင်းလို ပေါက်သွားပြီး သူလည်း တမဟုတ်ချင်း ထင်ရှားကျော်ကြားလာခဲ့သည်။

 

၂၀၁၁ တွင် စစ်တပ်သည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များ စတင်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်လည်း အကျယ်ချုပ်မှ ပြန်လွတ်လာခဲ့ပြီး အနုပညာရှင်များအား သူမ၏ နေအိမ်သို့ ခေါ်ယူတွေ့ဆုံခဲ့သည်။

 

ထိုအထဲတွင် ကိုလင်းလင်း လည်း ပါပြီး သူမအတွက် ဘာမဆို လုပ်ပေးရန် အဆင်သင့်ရှိကြောင်းကို တခါတည်း အသိပေးခဲ့သည်။ ဤသို့ဖြင့် သူသည် ၂၀၁၂ ကြားဖြတ် နှင့် ၂၀၁၅ ရွေးကောက်ပွဲကာလများ အတွင်း သူမ၏ ကိုယ်ရံတော် ဖြစ်လာခဲ့သည်။

 

၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့ပြီး တိုင်းပြည်၏ အရပ်သား အစိုးရ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ကိုလင်းလင်းလည်း ဂီတလောက သို့ ပြန်လည် ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် စစ်ဗိုလ်ချုပ်များ အကြောင်း လွတ်လွတ်လပ်လပ် ရေးဖွဲ့သီဆိုနိုင်ပြီ ဖြစ်၍ သူ၏ “Fourth Revolution” သီချင်း အယ်ဘမ် ထွက်လာခဲ့သည်။

 

လူထု မဲဆန္ဒဖြင့် တခဲနက် အနိုင်ရရှိသွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်အား ၂၀၂၁ ဖေဖေါ်ဝါရီ လ တွင် ဖမ်းဆီးလိုက်ပြီး စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီး နောက်တွင်တော့ ကိုလင်းလင်း၊ ဇနီး ဖြစ်သူ အပါအဝင် အနုပညာရှင် ပေါင်း များစွာကို “နိုင်ငံတော် ဆူပူရန် လှုံ့ဆော်မှု” ဖြင့် စွဲချက်တင်လာခဲ့သည်။ လပေါင်း အတန်ကြာ ပုန်းအောင်း နေခဲ့ကြပြီးနောက် ကိုလင်းလင်း မိသားစုသည် မြန်မာနိုင်ငံ မှ ထွက်ခွာရန် စိတ်ကိုတင်းပြီး ဆုံးဖြတ်ခဲ့ရပေတော့သည်။

 

၂၀၂၁ ဩဂုတ်လတွင် ကိုလင်းလင်းသည် သူတဦးတည်း တောကို ဖြတ်၊ မြစ်ကိုကူးပြီး မဲဆောက်သို့ ရောက်လာခဲ့သည်။ တပတ်အကြာတွင် ချစ်သုဝေ နှင့် အမွှာသမီး နှစ်ဦး ‌နောက်မှ လိုက်လာခဲ့သည်။

 

ကိုလင်းလင်းသည် မြန်မာပြည်တွင် ရှိစဉ် ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ချင် စိတ် မရှိခဲ့ပေ။ သူ၏ မိသားစုပိုင် ကုမ္ပဏီမှ ထုတ်လုပ်သော ကားများ အတွက် ဇာတ်ညွှန်း‌ရေးခြင်း ဖြင့် ကူညီပံ့ပိုးပေးခဲ့သည်များသာ ရှိသည်။ မြန်မာပြည်တွင် ထွက်ရှိနေသော ဇာတ်ကားများသည် အဆင့်အတန်း နိမ့်လွန်းလှ၍ စိတ်ဝင်တစား မရှိခဲ့ခြင်း ကြောင့်လည်း ဖြစ်သည်။

 

ယခု ရုပ်ရှင် ကို ဘယ်လို ရိုက်ရသည်ကို ပြည်တွင်း ရှိ အနုပညာရှင်များ အား “စိန်ခေါ်ရန်” အတွက် ရိုက်ကူးလာခဲ့ခြင်းလည်း ဖြစ်သည်။ ပြည်တွင်းရှိ အနုပညာရှင်များသည် ယခုအခါ စစ်တပ်၏ ဝါဒဖြန့်ချီရေး အတွက် အသုံးတော် ခံများ ဖြစ်လာကြသည်။ 

 

စစ်တပ်၏ လူထု ဆက်ဆံရေး နှင့် ဝါဒဖြန့်ချီရေး ဌာနသည် ရုပ်ရှင် မင်းသား မင်းသမီးများကို အသုံးချကာ စစ်သားများကို ဂုဏ်ယူစရာ စစ်သားကောင်းများ အဖြစ် အမြဲလို ပုံဖေါ်ခဲ့ကြသည်။ ထိုသို့ ရေငုံနှုတ်ပိတ်ကာ သရုပ်ဆောင် ပေးသည့် အတွက် အခွင့်ထူးများ ခံစားခဲ့ရပြီး အကယ်ဒမီ ဆုပေးပွဲ အခမ်းအနားများသို့လည်း တက်ရောက်ခွင့် ရခဲ့ကြသည်။

 

စစ်တပ်၏ ရက်စက်ကြမ်းကြုပ်စွာ လူထု အပေါ် ပြုကျင့်နေသည့် သတင်းများ ထွက်လာတိုင်း အချိန်ကိုက်ပြီး ထိုသို့သော ရုပ်ရှင်များ ရိုက်ကူး ထုတ်လုပ်လေ့ရှိသည်ကိုလည်း ကိုလင်းလင်း သတိပြုမိလာခဲ့သည်။

 

ကိုလင်းလင်းသည် အင်တာဗျုးနေစဉ် ဝတ်ထားသော တီရှပ်ကို မတင်ပြီး သူ့ကျောပြင်တွင် သေသပ်စွာ ရေးထိုးထားသည့် လူ ၇၀၀ ၏ အမည်များကို ပြခဲ့သည်၊ ထိုလူများသည် အာဏာသိမ်းပြီးနောက် သေဆုံးသွားခဲ့ရသူများ ဖြစ်သည်။ ထိုအမည်များကို မှန်ထဲတွင် အမြဲလို ကြည့်ပြီး အချိန်နှင့် အမျှ အရေးကြီးနေပြီး ပေါ့လျော့နေ၍ မဖြစ် ဆိုသော သူ၏ ခံယူချက် ကို အမြဲလို သတိပေးခဲ့သည်။

 

မြန်မာနှင့် ကပ်နေသော မဲဆောက်လို နေရာမျိုးတွင် “The Way” ကို ရိုက်ကူးရသည်မှာ လွန်စွာ အန္တရာယ်များ ကြောင်း လည်း သူ သိထားပြီး ဖြစ်သည်၊ သူ၏ ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ၂၀ ဦး အနက်၊ ၁၇ ဦးသည် “နိုင်ငံတော်ကို ဆူပူရန် လှုံ့ဆော်မှု” နှင့် စွဲချက်တင်ခံထားရသူ များ ဖြစ်သည်။ စစ်တပ်၏ ဒလျိုများလည်း မဲဆောက်တွင် ခြေချင်းလိမ်နေသည်။ သူတို့အားလုံး ပြန်ပေးဆွဲခံရ သို့မဟုတ် သတ်ဖြတ်ခံရမည့် အန္တရာယ်များ ရှိနေသည်။

 

ရုပ်ရှင်ထဲတွင် အဓိက အဖြစ် သရုပ်ဆောင်ရသည့် မိသားစု သီဆိုသော သီချင်း များထဲတွင် ပြည်တွင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ဒုက္ခရောက်ခဲ့ရမှု များ နှင့် ငြိမ်းချမ်းမှု၊ တရားမျှတမှု ကို ရှာဖွေနေရသည့် အကြောင်း ထည့်သွင်းခဲ့ပြီး မြန်မာ အမည်ကို ချပ်လှပ်ထားခဲ့သည်၊ ဤသည်မှာလည်း သူ၏ ဇာတ်လမ်းသည် နိုင်ငံ လူမျိုး မရွေး ကိုယ်စားပြု သက်ဆိုင်နေသည်ကို ပြသလို၍ ဖြစ်သည်။

 

ရုပ်ရှင်ရိုက်ရန် နှစ်ပတ်သာ လိုတော့သည့် အချိန်တွင် သူ့တွင် နောက်ဆုံးပေါ် စက်ပစ္စည်း ကိရိယာ များလည်း မရှိ ၍ မိတ်ဆွေတဦးပိုင် iPhone 13 Pro ကို ကင်မရာ အဖြစ် အသုံးပြုရန် ငှားရမ်းခဲ့ရသည်။ တေးဂီတ အတွက် အသံထပ်ရန် သူ့ဖာသာ အမြန် လေ့ကျင့် သင်ယူခဲ့ရသည်။

 

ကိုလင်းလင်း ၏ ရုပ်ရှင် အဖွဲ့သားများ သည်ကလည်း ရုပ်ရှင်များထဲတွင် တခါဖူးမျှ သရုပ်ဆောင်ခဲ့ဖူးခြင်း မရှိသူများလည်း ဖြစ်သည်။ အချို့က သူဖန်တီးမည့် ဇာတ်လမ်း ဇာတ်ကွက် နှင့် ဆင်တူသည့် နောက်ခံ အကြောင်းများ ရှိထားခဲ့သူများ ဖြစ်သည်။ သူသည် ပါဝင်မည့် လူများအား ဇာတ်ညွှန်းကို ဖတ်ပြီး “စိတ်ထဲ နှလုံးသားထဲ သွင်းယူ ခံစားကြရန်” သာ ညွှန်ကြားနိုင်ခဲ့သည်။ သရုပ်ဆောင်တဦး ဖြစ်သည့် ကိုအောင်လွန်း သည် ငါးနှစ်သား အရွယ် သားငယ်နှင့် ဇနီး ဖြစ်သူကို ထားပြီး ရောက်လာခဲ့သူ ဖြစ်သည်။

 

“The Way” ရုပ်ရှင် တွင် ကိုအောင်လွန်း သရုပ်ဆောင်ရမည့် ဇာတ်ရုပ်သည် စစ်သားများက ရွာကို မီးရှို့စဉ် သမီးဖြစ်သူ စာသင်ကျောင်းထဲ ကျန်နေသည့် ဇာတ်လမ်းဇာတ်ကွက် ဖြစ်သည်။ ထိုအခန်းကို ရိုက်ကူးနေစဉ် ကိုအောင်လွန်းသည် ရှိုက်ကြီးတငင် ငိုကြွေးနေ၍ ရှုတင်ကို တနာရီ ခန့် ရပ်နားပေးခဲ့ရသည်။

 

ကိုလင်းလင်းသည် ယခုခါ သူ့မိသားစုနှင့် အတူ အမေရိကန် ပြည်ထောင်စု တွင် အခြေချနေထိုင်ခွင့် ရရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ သူ့တွင် ရိုက်ကူးရမည့် ဇာတ်လမ်းဇာတ်ကွက် များစွာ ရှိထားပြီးလည်း ဖြစ်သည်။

 

သူသည် ဘယ်နေရာ ရောက်ရောက် ရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်သွားရန် ရည်ရွယ်ထားပြီးလည်း ဖြစ်သည်။

 

“ကျွန်တော်က တော့ တကမ္ဘာလုံး နားလည်နိုင်မယ့် ဘာသာစကားမျိူးပဲ သုံးချင်တာဗျ၊ အနုပညာသမား ဆိုတာ ပြေးလွှားနေရတာတောင်မှ သူတို့ရဲ့ အနုပညာဟာ အင်နှင့် အားနှင့် ရှင်သန်နေဆဲ ဆိုတာ သိစေချင်တယ်”

 

(ထိုဆောင်းပါးကို စက်တင်ဘာ ၈ ရက်နေ့ထုတ် နယူးယောက်တိုင်း သတင်းစာ တွင် အရှေ့တောင်အာရှ ဗြူရို အကြီးအကဲ ၂၀၂၁ ပူလစ်ဇာ ဆုရှင် Sui-lee Wee မှ တခမ်းတနား ရေးသား ဖေါ်ပြခဲ့ခြင်း ဖြစ်သည်။)

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!