မြန်မာ၏ပုံရိပ်ကို ညှိုးနွမ်းအောင် လုပ်လာနေသော ကုလသမဂ္ဂ

by Hla Soewai - Jan 17 2020

ယခုအခါ နိုင်ငံများသည် မိမိတို့ အချုပ်အခြာ အာဏာအတွက် စစ်မြေပြင်တွင် တိုက်ပွဲ ဝင်နေရခြင်း မျိုး မဟုတ်တော့ပဲ နိုင်ငံတကာ အသင်းအဖွဲများ၏ ရုံးခန်းများ အတွင်း ခုခံ ရုန်းကန်နေကြရပြီ ဆိုသည်မှာ မြန်မာ၏ အတွေ့အကြုံများက အထင်အရှား ပြသနေသည်ဟု ရဲဝံ့စွာဖေါ် ပြရေးသားလာခဲ့သူသည် Anna Slatz ဆိုသော အမျိုးသမီး ငယ်လေး ဖြစ်သည်။ သူမသည် မြန်မာ နိုင်ငံ၏ လူမျိုးရေး-ဘာသာရေး ပဋိပက္ခများ ကို စာတမ်း ပြုစုနေသူ ဖြစ်သည်။ ယခု စာတမ်းအား အမေရိကန် အွန်လိုင်း ဂျာနယ် ဖြစ်သော Human Events တွင် ရေးသားထားခြင်း ဖြစ်သည်။

 

                                      ********************************* ********************************         

 

ယမန်နေ့ည က အမေရိကန် သမ္မတလောင်း အဖြစ် ဒီမိုကရက် ပါတီ ဖက်မှ ဝင်ရောက် ယှဉ်ပြိုင်ရန် ထိပ်မှ ပြေးနေသူ များသည် အိုင်အိုဝါ ပြည်နယ် တွင် လာရောက် စုဝေးခဲ့ကြပြီး ခုနှစ်ကြိမ်မြောက် စကားစစ်ထိုးပွဲကို ပြုလုပ်ခဲ့ကြသည်။ကိုယ်စားလှယ် လောင်းများ အကြား သိသိသာသာ သဘောကွဲလွဲမှုများ ရှိနေ‌သော်လည်း သဘောတူညီကြသည့် အချက်များကို စိတ်ဝင်စားဖွယ် တွေ့လာခဲ့ရသည်။

 

အထက်လွှတ်တော် အမတ် ဆန်ဒါး မှ “ကုလသမဂ္ဂ နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ကို ပြန်လည် တည်ဆောက်ပြီး လက်ရှိ ကြုံတွေ့နေရသော မဆုံးနိုင်သည့် စစ်ပွဲများကို ရပ်တန့်ရန်၊ နိုင်ငံတကာ ပဋိပက္ခ များကို သံတမန် နည်းဖြင့် ဖြေရှင်းနိုင်ရန်၊ အတွက် ကမ္ဘာနိုင်ငံများ အား အတူ တကွ ခေါ်ယူ စုဝေးနိုင်စွမ်း ရှိမည့် အဖွဲ့အစည်းကြီး ဖြစ်လာရေး သေချာအောင် ပြုလုပ်ရမည်” ဟု ပြောသွားခဲ့သည်။ သူ၏ စကားကို ကျန် ကိုယ်စားလှယ်လောင်းများက အထူးတလည် ငြင်းခုံပြောဆိုခြင်း မရှိသည်ကို ကြည့်လျှင်၎င်းတို့အားလုံးသည် ကုလသမဂ္ဂ အဖွဲ့ကြီး ပေါ် အယုံအကြည် ရှိနေကြဆဲ ဖြစ်ပြီး ပို၍ ခိုင်မာတောင့်တင်းသည့် အဖွဲ့ကြီး ဖြစ်လာရန် လုပ်ဆောင်လိုနေကြသည်မှာ ထင်ရှားနေပေသည်။

 

ကုလသမဂ္ဂသည် ပဋိပက္ခများကို ဖြေရှင်းနိုင်သည့် ကမ္ဘာဖိုရမ် ကြီး ဖြစ်ပေသည်ဟု ချီးကျူးလိုသူများ အနေဖြင့် မြန်မာနိုင်ငံ ရင်ဆိုင်နေရမှု ကို အထူး အလေးပေး လေ့လာသင့်ပေသည်။ မြန်မာသည် ယခုအခါ ကုလသမဂ္ဂ၏ နိုင်ငံတကာ တရားရုံးတွင် ဘူမိနိုင်ငံရေး အရ ဖိအားပေးလာနေမှုများကို အလူးအလိမ့် ခံနေရသော နိုင်ငံ ဖြစ်နေပေသည်။

 

ကုလသမဂ္ဂသည် နိုင်ငံများ၏ ပြည်တွင်း တွင် ဖြစ်ပျက်နေမှုများကို ဝင်ရောက် စွက်ဖက်ရန် သင့်တော် သည့် အဖွဲ့အစည်း အဖြစ် ရှု့မြင်ခဲ့ကြသော်လည်း မကြာမီကာလများက ထိုသို့ ဝင်ရောက် စွက်ဖက်လာခြင်းများသည် နိုင်ငံ‌ရေး အသွင် ဆောင်လာသည်ကို တွေ့ရှိခဲ့ရသည်။ ကနေဒါ ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချခြင်း၊ ဆော်ဒီ အာရေဗီယား အား အမျိုးသမီးများ အဆင့်အတန်း လေ့လာရေး ကော်မရှင်တွင် ပါဝင်ခွင့်ပြုခဲ့ခြင်းများကို ကြည့်ခြင်းဖြင့် ကုလသမဂ္ဂအား ကြားနေ အဖွဲ့အစည်း တခု အဖြစ် ရှု့မြင်၍ မရနိုင်တော့ပေ။

 

ထို့အပြင် မြန်မာနိုင်ငံအား အိုင်စီ‌ဂျေမှ ကြားနာ စစ်ဆေးလာခဲ့ခြင်းသည် နိုင်ငံရေး အကြောင်းသက်သက် ဖြင့် အကွက်ချ စီစဉ်ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပေသည်။

 

၂၀၁၉ နိုဝင်ဘာ ၁၁ ရက်နေ့တွင် နိုင်ငံတကာ တရားရုံး၌  မြန်မာ အား လူမျိုးတုန်း သတ်ဖြတ်သည် ဆိုကာ ဂမ်ဘီယာ သမ္မတနိုင်ငံမှ အရေးယူပေးရန် တိုင်ကြားလာခဲ့သည်။ အထူးသဖြင့် မူဆလင် အများစု နေထိုင်ရာ ဂမ်ဘီယာ သည် ဗုဒ္ဓဘာသာ အများစု နေထိုင်ရာ မြန်မာမှ မူဆလင် လူနည်းစုများ အပေါ် အစိုးရမှ ဦးဆောင်ပြီး အကြမ်းဖက်နေပါသည်ဟု တိုင်တန်းလာခဲ့ခြင်း ပင် ဖြစ်သည်။

 

ဂမ်ဘီယာ မှ တင်သွင်းလာသည့် ၄၆ မျက်နှာ ပါစွဲချက်တွင် မြန်မာသည် ဘာသာရေး ကွဲပြားမှု သက်သက်ဖြင့် ဘာသာခြား လူနည်းစုဝင်များအပေါ် ပြစ်မှတ်ထားပြီး သုတ်သင်နေသည်ဟု ယုတ္တိကင်းမဲ့လှသည့် ကျူးလွန်မှုများ ကို ကြောက်မက်ဖွယ် ကောင်းလှ‌အောင် တင်ပြလာခဲ့သည်။

 

သို့သော် အဆိုပါ တင်ပြမှုများထဲတွင် မြန်မာနိုင်ငံ အဖို့ နှစ်ပေါင်း ၇၀ နီးပါး ရင်ဆိုင်နေရသည့် ပြင်းထန်လှသော ပြည်တွင်း စစ်များ အကြောင်းကိုကား တလုံးတပါဒမျှ ဖေါ်ပြခဲ့ခြင်း မရှိသည်မှာလည်း အံအားသင့်စရာ ဟုဆိုရမည်။ အဆိုပါ ပြည်တွင်းစစ်ကြီးသည် နိုင်ငံတွင်းရှိ လူမျိုးနွယ်စု ပေါင်း ၁၃၅ မျိုး စလုံးကို ထိခိုက် နစ်နာ‌‌ စေခဲ့သည်။

 

ထို့အပြင် ရိုဟင်ဂျာ ဆိုသူများသည် သူတို့၏ ဘာသာရေး နှင့် ယဉ်ကျေးမှု များကို ရှေ့တန်းတင်နိုင်ရန် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်း များစွာကပင် ပုန်ကန်ထကြွနေကြပြီး ဖြစ်သည်ကို လည်း ဖေါ်ပြရန် ပျက်ကွက်ခဲ့ပြန်သည်။ အာဆာ ဟူသော အစ္စလမ် လက်နက်ကိုင်များသည် မူဆလင် လူနည်းစုများ ကို ကိုယ်စားပြုသည်ဟု ပြောဆိုလာခဲ့သည်။ ဆော်ဒီ အာရေဗီယား ၏ အခိုင်အမာ ထောက်ခံမှု ရရှိထားပြီး IS အဖွဲ့ နှင့် ဆက်နွယ်နေသည်ဟု သံသယ ရှိခြင်း ခံရသည့် အဆိုပါ အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းရှိ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာဝင်များကို သတ်ဖြတ်ခဲ့ကြသည်။ သတ်ဖြတ်ခံရသော အရည်အတွက်မှာ များပြားလှသဖြင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးမှပင် ၂၀၁၇ ဩဂုတ်လအတွင်း သတ်ဖြတ်ခံရသူ ၉၉ ဦး ရှိခဲ့ပြီး ပြန်ပေးဆွဲ သတ်ဖြတ်ခံရသူများပင် ရှိခဲ့သည်ဟု ထုတ်ဖေါ် ပြောဆိုလာခဲ့ရသည်။

 

ဂမ်ဘီယာမှ ယခုလို အိုင်စီဂျေတွင် တဖက်သတ် ပြောဆိုလာခြင်းမှာလည်း ရည်ရွယ်ချက်ရှိရှိ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာ အပေါ် ဂမ်ဘီယာ ၏ စွပ်စွဲချက်များအား ၎င်းတို့ကိုယ် ၎င်းတို့ ကမ္ဘာပေါ်ရှိ မူဆလင်များ၏ အသံကို ကိုယ်စားပြုသည်ဟု ကြွေးကျော်ထားသည့် အိုအိုင်စီက ထောက်ခံမှု ပေးလာခဲ့သည်။ အိုအိုင်စီသည် အစ္စလမ် အမည်ခံပြီး ကျူးလွန်နေခဲ့သော အကြမ်းဖက်မှုများကို အမည်တပ် ထုတ်‌ဖေါ်ရန် ငြင်းဆို‌လေ့ရှိသည့် သမိုင်းကြောင်းလည်း ရှိထားပြီး ဖြစ်သည့်အပြင် အစ္စလမ်ကို လူအများ ထိတ်လန့်လာနေသည့် Islamophobia ကို ‘အကြမ်းဖက်ဝါဒ ၏ အဆိုးဝါးဆုံး ပုံစံ’ ဟူ၍ပင် ခေါ်ဝေါ် ပြောဆိုခဲ့ကြသည်။

 

နိုင်ငံတကာ တရားရုံးတော်တွင် သူမ၏ နိုင်ငံအတွက် ခုခံ ချေပခဲ့သော ‌မြန်မာတို့၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်အတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်၏ ရှုပ်ထွေး နက်နဲလှပုံကိုသာမက သပွတ်အူ လိုက်နေသည့်အကြောင်းများကို ကမ္ဘာမှ သိရှိ‌အောင် ထိထိရောက်ရောက် တင်ပြသွားနိုင်ခဲ့သည်။ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခသည် စစ်သွေးကြွများမှ အသေအချာ အကွက်ချပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။ မြန်မာ လက်နက်ကိုင် တပ်ဖွဲ့ဝင်များမှ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဆိုလျှင် စစ်ဥပဒေ အတိုင်း တရားစီရင်သွားမည်ဟုလည်း တင်ပြခဲ့သည်။

 

အိုင်စီဂျေ ကြားနာပွဲ အပြီး ရက်အနည်းငယ် အတွင်းမှာပင် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ မြန်မာ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချကြောင်း အဆိုကို ချမှတ်လာခဲ့ပြန်သည်။ ထိုအဆိုတွင် အခြားသော လူမျိုးစုများ ကို တာဝန်ကျေ ထည့်သွင်း ဖေါ်ပြခဲ့သော်လည်း အဓိက အားဖြင့် မူဆလင် လူနည်းစုများကို ကာကွယ်ပေးနိုင်ရန် ဦးတည်ထားခြင်း ဖြစ်သည်။ အိုင်စီဂျေ ၏ ဆုံးဖြတ်ချက်သည် လွတ်လပ်ပြီး အမှီအခို ကင်းသည် ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ အပေါ် တဖက်စောင်းနင်း ဖြစ်စေရန် တမင် ဖန်တီးခဲ့ခြင်းသာ ဖြစ်ပြီး အိုင်စီဂျေမှ မဆုံးဖြတ်ရသေးမီမှာပင် မြန်မာ၏ လုပ်ရပ်များသည် ရာဇဝတ်မှု မြောက်သည်ဟု ဆုံးဖြတ်ပေးလိုက်ခြင်းပင် ဖြစ်သည်။

 

အမှန်မှာ မြန်မာ အား စွပ်စွဲခဲ့‌သော ဂမ်ဘီယာသည် လူ့အခွင့်အရေး ဖေါက်ဖျက်မှုများနှင့် ပြည့်နှက်နေသော နိုင်ငံ ဖြစ်နေပြန်သည်။ ရိုက်တာ သတင်းအရ ဂမ်ဘီယာ အမျိုးသမီး ၇၅% သည် လိင်အင်္ဂါ ပုံပျက်အောင် ပြုလုပ်ခံထားရသူများ ဖြစ်ပြီး ၈၀% သည် အိမ်ထောင်ရေး တွင် အကြမ်းဖက်ခံရသော်လည်း ကျူးလွန်သူသည် ကျင့်ဝတ်တရားများ ဖေါက်ဖျက်ခြင်း မရှိဟု ယုံကြည်ထားကြသည်။ လွန်ခဲ့သည် သုံးနှစ်က ပိတ်ပင်ခဲ့သည့် ကလေးသူငယ်များ အား လက်ထပ်ထိမ်းမြားပေးခြင်းကိုလည်း တနိုင်ငံလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြပြန်သည်။ အာဏာသိမ်းပြီး တက်လာသော ယခင် အာဏာရှင်ဟောင်းဖြစ်သူ ယာဟား ဂျမေးသည် အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား လှည့်ဖျားပြောဆိုခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းနှင့် အခြား အာဖရိကနိုင်ငံများ မှ ဂမ်ဘီယာထဲ ဝင်ရောက်လာသူများ ကို သတ်ဖြတ်ခြင်း စသည့် အမှုများကို ကျူးလွန်ခဲ့သူလည်း ဖြစ်သည်။

 

မြန်မာနိုင်ငံ ၏ ပြည်တွင်းရေး၊ ယဉ်ကျေးမှု နှင့် သမိုင်းကြောင်းကို ဂဂနန သိရှိခြင်း မရှိသည့်အပြင် ၎င်းတို့ကိုယ်တိုင်ပင် ကြောက်မက်ဖွယ်ကောင်းလှသော လူအခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့် ဂမ်ဘီယာ ၏ စွပ်စွဲ ချက်များအား ကုလသမဂ္ဂမှ အရေးတယူ စဉ်းစားခဲ့ကြသည်။

 

၎င်းတို့၏ စွပ်စွဲချက်များသာ အောင်မြင်သွားမည်ဆိုလျှင် ပြီးခဲသည့် ကိုးနှစ်လောက်ကစ၍ စစ်အာဏာရှင် စနစ် အောက်မှ ရုန်းထွက်လာနိုင်ခဲ့သည့် မြန်မာ၏ အချုပ်အခြာ အာဏာကို ထိခိုက်လာနိုင်သည်။ အိုင်စီဂျေ ၏ ဆုံးဖြတ်ချက် ကို မြန်မာမှ လိုက်နာခြင်း မရှိလျှင် ကုလ လုံခြုံရေး ကောင်စီ၏ အမိန့်အာဏာဖြင့် ဝင်ရောက်စွက်ဖက်ပြီး အတင်းအကျပ် လိုက်နာအောင် ပြုလုပ်လာကြမည်လည်း ဖြစ်သည်။

 

မြန်မာနှင့် ခြားနားလှစွာ လူ့အခွင့်အရေး ချိုးဖောက်မှုများ အကြီးအကျယ် ရှိနေသော တရုတ်နိုင်ငံကို ကုလသမဂ္ဂမှ ထိုသို့ မဆက်ဆံခဲ့ပေ။ ဝီဂါနှင့် ဖာလွန်ဂေါင်တို့အပေါ် ဆက်ဆံနေမှုများသည်အခိုင်အမာ သက်သေပြနိုင်ပြီး သီးခြား ပြစ်မှတ်ထားကာ အစိုးရမှ စနစ်တကျ ကျူးလွန်နေခြင်းလည်း ဖြစ်သည်။ ဖာလွန် ‌ဂေါင်၏ အယူ ကျင့်သုံးသူများ ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း နှင့် လူ့အင်္ဂါ အစိတ်အပိုင်းများ ဖြတ်တောက် သိမ်းဆည်းထားခြင်းများ ကျူးလွန်ခဲ့ကြပြန်သည်။ ကုလသမဂ္ဂ မှ ထိုအဖြစ်အပျက်များအတွက် ဖြေရှင်းချက် ပေးပါရန်သာ ယဉ်ယဉ်ကျေးတောင်းဆိုထားခဲ့ပြီး ယခုထိ ထွက်ပေါ်လာခြင်း မရှိသေးပေ။ မြန်မာ ကိုမူကား ၎င်းတို့ဖာသာ စုံစမ်း စစ်ဆေးရန်ပင် ခွင့်မပြုခဲ့ပဲ ကုလသမဂ္ဂမှ ဝင်ရောက် စွက်ဖက်လာခဲ့ကြသည်။

 

ထို့အပြင် တရားရုံး မရောက်မီ မှာပင် စီရင်ချက် ကြိုတင် ချခံခဲ့ရသော အဖြစ်မျိုး မြန်မာသည် ကြုံတွေ့နေခဲ့ရသည်။ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည့်အပြင် စစ်အစိုးရအား အကြမ်းမဖက် တွန်းလှန်ခဲ့သူ ဖြစ်၍လည်း ငြိမ်းချမ်းရေး နိုဘဲလ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူမသည်သာ သူမနိုင်ငံ၏ အကြောင်းကို နိုင်ငံခြား သံတမန်များ၊ သတင်းစာ ဆရာများထက် ပိုပြီး သိနိုင်ပေသည်။

 

မည်သို့ပင် ဆိုစေ နောက်ဆုံးတွင် မြန်မာသည် ကုလသမဂ္ဂ၏ ကြောင်သူတော် မူဝါဒ စနစ်တကျ ကျင့်သုံးလာသည့် ဒဏ်ကို မရှု့မလှ ခံခဲ့ရသည်။ ထို့အတွက် ကမ္ဘာ မိသားစု ကြီးသည် လူ့အခွင့်အရေး ချိုးဖောက်နေသူများမှ ကျင့်ဝတ်တရား ပိုင်းတွင် အထက်စီးမှ နေရာယူလာနေခြင်းကို အားပေး ထောက်ခံနေသည့် ဘူမိ နိုင်ငံရေး သဘောဆောင်လာနေသော အဖွဲ့အစည်းကြီးကို ထောက်ခံသင့်မသင့် အလေးအနက် စဉ်းစားရမည့် အချိန်ရောက်လာနေပြီ ဖြစ်ပေသည်။