လွန်ခဲ့သည့် နှစ် နှစ်ကျော် ကာလတွင် “သေရဲရင် ထွက်ခဲ့” ဟု ဆိုကာ ဝေသာလီ ပြည်ကို ဘီလူး စီးသလို ကြမ်းချင်တိုင်း ကြမ်း၊ ရမ်းချင်တိုင်း ရမ်း ခဲ့ကြသည့် အကြမ်းဖက် စစ်ကောင်စီ တပ်များကို မည်သို့မျှ ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့၍ ပြည်သူ လူထုသည် မိမိတို့၏ အသက်အိုးအိမ် စည်းစိမ် ကို ခုခံ ကာကွယ်ရန် တူမီး၊ လေး မြှား အစရှိသည့် ရရာလက်နက်များ ကိုင်စွဲကာ ခုခံတိုက်ခိုက်လာခဲ့ကြသည်မှာ အားလုံး အသိပင် ဖြစ်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရသည် လည်း လူထု အပေါ် အဓမ္မ ညှင်းပမ်း နှိပ်စက်လာမှု များကို မည်သို့မျှ လက်ပိုက် ကြည့်နေ၍ မရတော့သဖြင့် ၂၀၂၁ စက်တင်ဘာ ၇ ရက်နေ့တွင် တနိုင်ငံလုံး အနှံ ခုခံတွန်းလှန်စစ် ဆင်နွှဲသွား မည်ဟု ကျေညာခဲ့ရသည်။
ထိုသို့ စစ်ရေးစစ်ရာ တွင် အတွေ့အကြုံ ရှိသူ တဦးတလေမျှ မပါဝင်ပဲ စတင်လာခဲ့ရသည့် တွန်းလှန်စစ်သည် ယခုအခါ တွင် တော့ ပြည်သူလူထု၏ တခဲနက် ပံ့ပိုး ကူညီမှု ဖြင့် တူမီး၊ လေးမြှား နေရာတွင် ခေတ်မီ အော်တိုမက်တစ် မောင်းပြန် သေနတ်များ ကိုင်ဆောင်လာနေကြသည်။ ထိုမျှသာ မကသေး ရာပေါင်းများစွာသော ဒရုန်းများ ပင် တီထွင် ထုတ်လုပ်ကာ တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သည်။
မြို့နယ်ပေါင်း ၂၅၀ တွင် တပ်ရင်း ပေါင်း ၃၀၀ ခန့်အထိ ဖွဲ့စည်းကာ ရန်ကုန် နှင့် ဧရာဝတီ တိုင်း မှ အပ တနိုင်ငံလုံး အနှံ တိုက်ပွဲ ဝင်လာနိုင်ပြီး စစ်ကောင်စီ အား ပြင်းထန်စွာ ခြိမ်းခြောက်လာနေပြီ ဖြစ်သည့် အင်အားစုကြီး အဖြစ် ထွက်ပေါ်လာခဲ့သည်မှာ အားလုံး အသိပင် ဖြစ်သည်။
ထိုအထဲတွင် စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း ထိပ်ဆုံးမှ ပါဝင်လာခဲ့သည်၊ ဇူလိုင် ၃၁ အစည်းအဝေးတွင် ၎င်း၏ စစ်သားများ ကျဆုံးနေကြောင်း နှင့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ ဒေသကြီး များ နှင့် ကရင်၊ ကယား၊ ချင်း နှင့် မွန်ပြည်နယ်များ တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဝန်ခံ ပြောကြားသွားရသည်။ ထိုသို့ ဖြစ်ရခြင်း မှာ “လူတစု၏ မိုက်မဲမှု” ကြောင့် ဟုပင် အထိတ်တလန့်နှင့် သွေးရူးသွေးတမ်း ပြောဆိုလာသည်၊ ယင်းသည် ပြည်တွင်း ပြည်ပ ရှိ စဉ်းစားဉာဏ် ရှိသူတိုင်း လိုလိုက ၎င်းကို လက်ညှိုးထိုး ပြောဆိုနေသည့် စကား ဖြစ်ပြီး ဘယ်ရောက်၍ ဘယ်ပေါက်မှန်း မတွေးနိုင်လောက်အောင်ပင် သူက ပြန်၍ ပြောလာသည့် အထိ ဖြစ်ခဲ့ရသည်။
ဒေါက်တာ မီမီဝင်းဘတ်က စစ်ကောင်စီသည် လေကြောင်းပစ်ကူ ကို အားကိုးနေရပြီ ဖြစ်သဖြင့် နေရာတိုင်းတွင် ကျရှုံးနေသည်ကို အထင်အရှား တွေ့လာရ၍ လူထု၏ ခုခံတွန်းလှန်စစ် သည် အရှိန်ရလာနေပြီ ဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။
စစ်ရေး လေ့လာသုံးသပ်သူ ဒေါ်လှကျော်ဇောမှ ခေါင်းဆောင်မှု တခုတည်း အောက်တွင် တစုတစည်း တည်း ရပ်တည်သွားမည်ဆိုက အနှေး နှင့် အမြန် ဆိုသလို အောင်ပွဲ ခံနိုင်လိမ့်မည်ဟု သုံးသပ်သွားခဲ့သည်။
သို့သော် ပြဿနာ ရှိနေသည်က ရံပုံငွေ ရရှိရေး ဖြစ်နေသည်၊ ကွဲပြားနေသော တော်လှန်ရေး တပ်ဖွဲ့များသည် အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်တွင် ရှိနေပါက သူတို့ ချပေးသလောက်သာ လက်ခံရမည့် အရေးကို စိုးရွံ့နေကြဟန် ရှိသည်။ မိမိ လက်အောက်ခံ တပ်သားများ အတွက် ကိုယ့်နည်းကိုယ့်ဟန် နှင့် ရံပုံငွေ ရှာနိုင်မှသာ ဖြစ်မည်ဟု ယူဆလာကြသည်။ ၎င်းတို့၏ စိုးရိမ်ပူပန်မှု ကို အထိုက်အလျှောက် ဖြေရှင်းပေးနိုင်မည်ဆိုက ဖြစ်လာနိုင်စရာ ရှိသည်ဟု ထင်မြင်မိသည်။
အဓိက အချက်သည် တော်လှန်ရေးကြီး အောင်မြင်ဖို့ပင် မဟုတ်ပါလော၊ အားလုံးက တိုက်တွန်းနေကြပြီ ဖြစ်၍ တော်လှန်ရေး အဖွဲ့များသည် ထိုအရေးကို ဦးစားပေး စဉ်းစားသင့်သည်။ ကူညီပံ့ပိုးနေသူများ ဖက်ကလည်း ထိုသို့ ဖြစ်လာအောင် တိုက်တွန်းသင့်ပေသည်။
ယခုအခါ အာဆီယံ နိုင်ငံများသည် ဒေသတွင်း တရုတ်-အမေရိကန် အားပြိုင်နေမှု မှ ကင်းကင်းရှင်းရှင်း နေကြရန် အချင်းချင်း လက်တို့ တိုင်ပင်နေကြသည့် အချိန်တွင် ကြံရာမရ ဖြစ်နေသော အကြမ်းဖက် အာဏာသိမ်း အဖွဲ့သည် တိုင်းပြည် အရေးကို ပြောင်ပြောင်ကြီး လျစ်လျုရှုကာ တရုတ်၊ ရုရှား တို့ နှင့် အတင်း ပူးပေါင်းကာ ၎င်းတို့ ထံမှ ရနိုင်သမျှ အကူအညီများကို လက်ဖြန့်တောင်းရန် အထူး သံတမန်များ စေလွှတ်နေရပြီ ဖြစ်သည်။
၎င်းတို့ဆီမှ အကြံဉာဏ်များ ယူ၍ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များအကြား စိတ်ဝမ်းကွဲအောင် နည်းမျိုးစုံဖြင့် လုံးပမ်းလျှက် ရှိနေသည်။
တဖက်တွင်လည်း အကျအဆုံးများလာပြီး အောင်ပွဲ နှင့် ဝေးသည်ထက် ဝေးလာပြီ ဖြစ်သော ၎င်းတို့၏ အာဏာတည်မြဲရေး အတွက် အိမ်ကြက်ချင်း အိုးမဲသုတ်ကာ တိုက်ခိုက် ခိုင်းနေသည့် အဓိပ္ပါယ်မဲ့လှသော စစ်ပွဲကြီးအား ဆက်၍ တိုက်ခိုက်ရန် တပ်မှုး၊ ဗိုလ်မှုးများက နည်းလမ်းပေါင်းစုံဖြင့် ရှောင်လွှဲနေကြပြီ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် အစိုးရပိုင် ဆိုနာလီ ဘဏ်မှ အာဏာသိမ်း အဖွဲ့ပိုင် ငွေများကို ထိန်းချုပ်လိုက်ပြီ ဖြစ်၍ ယခုအခါ ပင်လယ်ကူး သင်္ဘောများ ဖြင့် ဆန်၊ မြေပဲ၊ ကြက်သွန်များ တင်ပို့မှု ကို တရားဝင် ပိတ်ပင်လိုက်ရပြီ ဖြစ်ပြီး နယ်စပ်မှ တဆင့် ကုန်သွယ်ခြင်းကိုသာ ခွင့်ပြုတော့မည်ဟု ကျေညာသည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!