ဝေဖန်မှုများ အပေါ် အီဂေါဗလာစီဗစ် မှ တုန့်ပြန်

by Hla Soewai - Sep 12 2023

မိမိတို့၏ တော်လှန်ရေးကြီးသည် ပန်းတိုင်သို့ လှမ်းမြင်လာနေရပြီ ဖြစ်သည်နှင့် အမျှ ပြင်းထန်သည် ထက် ပြင်းထန်လာပေတော့မည်။

 

ယင်းနှင့်အတူ ရန်သူနှင့် စေ့စပ်လိုသော ‌ရွှေပြည်အေး ဝါဒီများ၊ ရန်သူ ပေးမည့် မသဒ္ဓါရေစာ အခွင့် အရေးများ နှင့် တင်းတိမ်ကြမည့် အချောင်သမားဝါဒီများ၊ ငါသိငါတတ် နေရာယူလိုသူများ အလျှိုလျှို ထွက်ပေါ်လာကြမည် မှာလည်း ဓမ္မတာပင် ဖြစ်သည်။

 

ထိုအထဲတွင် စိတ်ရင်းကောင်း ဖြင့် ဝေဖန်သူများလည်း မရှိမဟုတ် ရှိပေသည်။ သို့သော် ထိုသို့ ဝေဖန်မှုများသည် လက်ရှိ တော်လှန်ရေးကို မည်သို့မျှ အကျိုးမပြုသည့် စိတ်ဓါတ်ကျစရာ defeatism များ ရောပြွမ်းပါလာခဲ့သည်။ ထိုအချက်များကို နိုင်ငံအတွင်း ပညာပေးရေး ဖက်ဆိုင်ရာ တွင် ငါးနှစ်ခန့် လုပ်ကိုင်သွားသူ၊ လက်ရှိ ပရပ်ဂ် အရပ်ဖက် အဖွဲ့အစည်း ဌာနတွင် အထက်တန်း အကြံပေး အဖြစ် လုပ်ကိုင်သွားသူ ချက် နိုင်ငံသား အီဂေါ ဗလာစီဗစ် သည် ဧရာဝတီ သတင်းစာမျက်နှာမှ တဆင့် တချက်ခြင်း ယခုလို တုန့်ပြန်သွားခဲ့သည်။

 

**လူထုကို စည်းရုံးသိမ်းသွင်း နိုင်စွမ်း ရှိသောခေါင်း ဆောင်မှု မရှိ

 

ထိုသို့သော ခေါင်းဆောင်မျိုး ရှိခဲ့လျှင် အကျိုးရှိမည် မှာ မှန်သော်လည်း လက်ရှိ တော်လှန်ရေး ပုံစံသည် တဦးတယောက်တည်း၏ ဦးဆောင်မှု အောက်တွင် ဖွဲ့စည်း ထွက်ပေါ်လာခဲ့ခြင်း မဟုတ်၊ အလုပ်လည်း ဖြစ်မည် မဟုတ်ပေ၊ လက်ရှိ ‌စုပေါင်း ခေါင်းဆောင်မှု ပုံစံသည် အပြစ်အနာ အချို့ ရှိနေသေးသော်လည်း အားလုံး တစိတ်တဝမ်းတည်း အဆင်ပြေအောင် လုပ်ဆောင်သွားဖို့သာ ရှိသည်။

 

ဒီမိုကရေစီ သည် အာဏာရှင်ကဲ့သို့ အထက်မှ ကျလာသည့် အမိန့်ကို အကောင်အထည် ဖေါ်ရခြင်း မျိုး မဟုတ်ပဲ အများစု၏ သဘောတူညီချက်ဖြင့် လုပ်ဆောင်ရခြင်းမျိုး ဖြစ်၍ နှေးကွေးပြီး ရှုပ်ထွေးမှု များ ရှိတတ်စမြဲပင်၊ သို့သော် လူထု အားကို စုရုံးတည်ဆောက်ရေး တွင် ဒီမိုကရေစီသည် အာဏာရှင်စနစ်ထက် များစွာ ထိရောက်မှု ရှိနေပေသည်။

 

လက်ရှိ စစ်ခေါင်းဆောင်ပိုင်း ၏ အရည်အသွေး ညံ့ဖျင်းနေမှု၊ နိုင်ငံ၏ အုပ်ချုပ်‌ရေး ယန္တရား အသီးသီးတွင် စစ်ဗိုလ်စစ်သားများက ဝင်ရောက် ကိုလိုနီ ပြု အုပ်ချုပ်နေမှုများသည် ၎င်းတို့အတွက် ပျက်စီးရာ ပျက်စီးကြောင်း လမ်း ကို လျှောက်လှမ်းနေကြခြင်း သာ ဖြစ်သည်။

 

(ထိုသို့သော ပုဂ္ဂိုလ်များ ၏ အရည်အသွေးကို လွှတ်တော် အစည်းအဝေးများ တွင် ထိုင်ထလုပ်ပြီး ပေါက်ပန်းဈေး များ ပြောဆိုနေခြင်းကပင် အထင်အရှား သက်သေခံနေပေသည်။)

 

**ဘဏ္ဍာရေး အပိုင်းတွင် အခက်အခဲများ ရှိလာနေမှု

 

ဤသည်က တော်လှန်ရေး အတွက် ကြီးမားသော စိန်ခေါ်မှု အဖြစ် ရှိနေဆဲပင် ဖြစ်သည်။ ယင်းသည် တော်လှန်ရေး အတွက်သာ မဟုတ် ပြည်သူတရပ်လုံး သည်လည်း လွန်စွာ ကျပ်တည်းသော အနေအထား နှင့် ရုန်းကန်နေရပေသည်။ စစ်အာဏာသိမ်း အဖွဲ့ အတွက်လည်း နိုင်ငံခြားငွေများ ကုန်ခမ်းလာနေ၍ ပို၍ ပင် ဆိုးရွားသော အခြေအနေများ နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ၎င်းတို့ အဖို့ ကြီးမားသော စစ်ယန္တရားကြီး ကို ဆီဖြည့်ဖို့ နှင့် ၎င်းတို့အား ထောက်ခံနေကြသူများ အတွက် စားပေါက်ချောင်ရန် ဖန်တီးပေးထားရသည့် အကျင့်ပျက် စနစ်ကြီး ဖြင့် အုပ်ချုပ်နေကြရသည်။

 

ထို့အတွက် တော်လှန်ရေး အင်အားစုများသာ ‌ငွေကြေး မတောင့်တင်းမှု နှင့် ရင်ဆိုင်နေကြရသည်မဟုတ်၊ စစ်ကောင်စီ လည်း ရင်ဆိုင်နေရသည်၊ ကွာခြားသည်က ၎င်းတို့အတွက် ထိုသို့သော အနေအထား ဖြင့် ဆက်ရပ်တည်သွားရန် အချိန်များများစားစား မကျန်တော့ခြင်းပင် ဖြစ်သည်။ တွန်းလှန်စစ် အောင်မြင်ရေးသည် မည်သူက ထိုသို့ အကျပ်အတည်းကြီး ကို ပို၍ တောင့် ခံနိုင်စွမ်း ရှိမည် အပေါ် မူတည်လာသည်။

 

နိုင်ငံတဝှမ်း တော်လှန်ရေး ကြီး ဆင်နွှဲနေစဉ်တွင် အေးအေးသက်သာ နေခဲ့ရသော ပြည်သူများဟူ၍ ကမ္ဘာ့ သမိုင်းတလျှောက် မရှိခဲ့ဖူး၊ မြန်မာ ပြည်သူများ အဖို့က ၎င်းတို့ လက်အောက်တွင် ထိုသို့သော ဒုက္ခများ နှင့် တချိန်လုံး နပမ်းလုံးလာခဲ့ရပြီး ဖြစ်၍ သန်းကောင်ထက် ညဉ့်မနက်တော့၊ ထိုသို့ အနေအထားမျိုး နှင့် တခါဖူးမျှ မကြုံခဲ့ရသော စစ်တပ်သည်သာ မည်မျှကြာကြာ တောင့်ခံနိုင်ပေမည်နည်း။ တော်လှန်ရေးကြီးကြောင့် ၎င်းတို့ ဝင်ငွေရရာ ရကြောင်းသည် တစထက်တစ လုံးပါး ပါးလာနေရပြီ ဖြစ်သည်။ 

 

**BURMA ACT

 

အမေရိကန် လွှတ်တော်မှ ပြဋ္ဌာန်းပေးလိုက်သော ထိုအက်ဥပဒေသည် တော်လှန်ရေး အား ကြီးမားစွာ အထောက်အကူ ပြုလိမ့်မည်ဟု မျှော်လင့်၍မရဟူသော အချက်သည် အမှန်ပင် ဖြစ်သည်။ လက်ရှိတွင် ထိုဥပဒေသည် တော်လှန်ရေး အတွက် စိတ်အားတက်ကြွစရာသာ ဖြစ်ခဲ့ရသည်။

 

ပြင်ပ အကူအညီများ ရရှိပါက တော်လှန်ရေးသည် ယခုထက် ပို၍ အောင်မြင်မှု များ ရနိုင်စရာ ရှိသော်လည်း မြန်မာ ပြည်သူတို့၏ လက်ရှိ အမျိုးသားရေး သစ္စာဖေါက် စစ်တပ်အား တွန်းလှန် ချေမှုန်းရေးသည် ပြင်ပ အကူအညီမရလည်း ပြည်တွင်း ပြည်ပရှိ မြန်မာပြည်သူ တရပ်လုံး၏ တခဲနက် လှိုက်လှိုက်လှဲလှဲ ထောက်ခံမှု ဖြင့် တဖြေးဖြေး အင်အား ကြီးထွားလာနေသည်မှာ မျက်မြင်ပင် ဖြစ်သည်၊ ထို့အတွက် လက်ရှိ လမ်းကြောင်းကိုသာ စနစ်တကျ တည်ဆောက်သွားဖို့သာ အရေးကြီးပြီး ပြည်ပ အကူအညီ မရဟု၍ လက်မှိုင်ချ ငိုကြွေးနေစရာ ပင် မလို အောင် ဖြစ်လာရသည်။ သို့သော် ပြည်ပ အကူအညီများ ရနိုင်သရွေ့ ရဖို့က ဆက်၍ ကြိုးပမ်းသွားရမည်သာ ဖြစ်သည်။

 

ယခုထက်ထိ ၎င်းတို့ အကူအညီများ မရသေးသော်လည်း တော်လှန်ရေး သည် ကျဆုံးသွားခြင်း မရှိ၊ အောင်မြင်မှု များ ဆက်တိုက်ဆိုသလို ရရှိနေပြီ ဖြစ်သည်။ အရှိန်အဟုန် ကျဆင်းလာနေသည်ဟူသော လက္ခဏ တစုံတရာပင် မတွေ့ခဲ့ရ။ ကျဆင်းနေသည့် လက္ခဏာများ က အကြမ်းဖက် စစ်တပ် တွင် သာ တွေ့နေရသည် မဟုတ်ပါလော။

 

**မတည်မငြိမ်မှု များ နှင့် လူထု ရင်ဆိုင်ရမည့် အကျပ်အတည်းများ

 

ထိုစကားများသည် မြန်မာ နှင့် ဆက်စပ်နေသော သံတမန်များ၊ မြန်မာ အရေး လေ့လာသုံးသပ်နေသူ များ အကြား အများဆုံး ထွက်ပေါ်လာသည့် စကားများပင် ဖြစ်သည်။

 

ထိုပြဿနာများကို ရှုမြင်ရာတွင် ဘက်နှစ်ဖက် ဆိုသည်မရှိ၊ အဓိက အကြောင်းရင်းသည် စစ်အာဏာသိမ်း အဖွဲ့ကသာ စတင် ဖန်တီး လာခဲ့ခြင်းဟူသည်ကိုသာ ပြတ်ပြတ်သားသား ရှုမြင်ဖို့ လိုသည်။ လက်ရှိ ပြည်သူများ အား တော်လှန်ရေး ကို စိတ်ကုန်သွားရန် စစ်ရေး နည်းဗျူဟာ တရပ် အဖြစ် ကျပ်တည်းသည်ထက် ကျပ်တည်းအောင် ဖန်တီးနေခြင်း ပင် ဖြစ်သည်။

 

ထိုအချက် အား အခြေခံကျကျ နှင့် မြင်အောင် ကြည့်တတ်ရမည် ဖြစ်သည်။ ထိုအနေအထားသည် စစ်တပ်ဖက်က အားသာလာနေခြင်း၊ မင်းအောင်လှိုင် အာဏာတွင် ဆက်၍ တည်မြဲနေခြင်း ရှိနေသရွေ့ မည်သို့မျှ ပြောင်းလဲ တိုးတက်လာမည် မဟုတ်သည့် အပြင် ပို၍ ပင် ဆိုးလာမည် ဖြစ်သည်။ ၎င်းအတွက် အောင်ပွဲရပြီး အာဏာတည်မြဲရေး သာ အဓိက ဖြစ်နေသည်။

 

တော်လှန်ရေး အင်အားစုများသည်သာ ဒုက္ခသုက္ခရောက်နေသော လူထုကို တတ်နိုင်သမျှ ထောက်ပံ့ပေးနေသည်။ ကာကွယ်ပေးနေကြသည်။ ထို့အတွက် နိုင်ငံတကာ အလှုရှင်များ အနေဖြင့် တော်လှန်ရေး အင်အားစုများ ထံသို့သာ ထောက်ပံ့သင့်သည်၊ စစ်တပ်အဖို့က ထိုအကူအညီများ ကို လက်နက်သဖွယ် အသုံးချပြီး ၎င်းတို့ အား ထောက်ခံနေသူများ သို့သာ ပေးပို့ကြပေလိမ့်မည်။

 

**ရှေ့မတိုး နောက်မဆုတ် ဖြစ်နေမှု

 

ထိုသို့ ပြောဆိုလာနေမှုများ သည် လုံးဝမှားယွင်းသော သုံးသပ်မှုမျိုး သာ ဖြစ်သည်ကို သိရှိရမည် ဖြစ်သည်။ ထိုသို့ ဖြစ်လာနေ၍ လူထု အဖို့ ပို၍ ဆင်းရဲဒုက္ခ ရောက်လာမည်၊ ထို့အတွက် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ရန် အပစ်အခတ် ရပ်စဲဖို့ ပင် ပြောဆိုလာကြသည်။

 

စစ်တပ်သည် ထိုသို့သော အပြောမျိုးကို ကြိတ်၍ သဘောကျနေမည် သာ ဖြစ်သည်၊ ၎င်းတို့ဖက်က တော့ အားပျော့သွားပြီ ထင်မည်စိုး၍ စပြီး ကမ်းလှမ်းမည်တော့ မဟုတ်၊ အပစ်အခတ် ရပ်စဲလိုက်မည် ဆိုက စစ်တပ်သည် တော်လှန်ရေး အင်အားစုများ အကြား သွေးကွဲအောင် အနုနည်း ဖြင့် ကြံစည်ကြတော့မည်သာ ဖြစ်သည်၊ လက်ရှိ အနေအထား တွင် မည်သို့မျှ ထိုသို့ အဖြစ်ခံ၍ မရ။

 

စစ်တပ်သည် ပြည်သူတို့၏ ခုခံတွန်းလှန်စစ်ကို မည်သို့မျှ နှိမ်နှင်း နိုင်စွမ်း မရှိတော့သော်လည်း လူထုကို ရက်စက်ကြမ်းကြုတ်သည့် နည်းမျိုးစုံဖြင့် ဆက်၍ ဒုက္ခပေးနေမည်သာ ဖြစ်သည်။ ၎င်းတို့၏ ထိုသို့ သော လုပ်ရပ်များကြောင့် တိုင်းပြည်သည် အဖက်ဖက်မှ ချွတ်ခြုံကျလာနေသည့် failed state အဖြစ်သို့သာ ဦးတည်သွားတော့မည် ဖြစ်သည်။

 

(တိုင်းပြည်သည့် ထိုသို့ အနေအထား ဦးတည်လာနေသည်ကို ရှက်ရကောင်းမှန်း မသိပဲ စစ်ကောင်စီ၏ ကုန်သွယ်ရေး ဝန်ကြီး ဆိုသူ ချာလီသန်း ဆိုသူသည် ရုရှား မှ SU-30 တိုက်လေယာဉ်နှစ်စီး ပထမအသုတ် အဖြစ် ရောက်ရှိလာပြီဟုပင် မနေ့က ထုတ်ဖေါ် ကြွားဝါလာခဲ့သည်။)

 

အားလုံးကို ခြုံကြည့်မည် ဆိုက မြန်မာပြည်အတွက် အမှန်တကယ် စိုးရိမ်မကင်း ဖြစ်သည်ဆိုက တော်လှန်‌ရေး အင်အား စုများ ကို အဖက်ဖက်မှ ပံ့ပိုးပေးခြင်းသည်သာ ထိုသို့ ဆိုးဝါးသော အခြေအနေများ မှ ရှောင်လွှဲနိုင်မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!