ငွေစက္ကူ အသစ် ရိုက်နှိပ်ထုတ်ဝေရခြင်း၏ အကြောင်းရင်း

by Hla Soewai - Sep 04 2023

နိုင်ငံတနိုင်ငံသည် တန်ဖိုးမြင့် ငွေစက္ကူများ ရိုက်နှိပ် ထုတ်ဝေ ရန် လိုအပ်လာသည့် အကြောင်း လေးရပ် ရှိသည်ဟု ကယ်လီဖိုးနီယား ပြည်နယ် တက္ကသိုလ် တွင် စီးပွားရေး ပညာရပ်အား သင်ကြားပို့ချပေးနေသော ပါမောက္ခ ဒေါ်မင်းမင်းသော် မှ ဧရာဝတီ အား ယခုလို ရှင်းပြခဲ့သည်။

 

ပထမ အကြောင်းမှာ ငွေကြေးဖေါင်းပွမှု အဆမတန် မြင့်မားလာခြင်း ကြောင့် လက်ရှိ ငွေစက္ကူများ တန်ဖိုး မရှိဖြစ်လာခြင်း ကြောင့် ဖြစ်သည်၊ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန် နှင့် ဂျာမဏီတို့မှ တန်ဖိုးမြင့် ငွေစက္ကူများ ရိုက်နှိပ်ထုတ်‌ဝေခဲ့သည်။ သို့သော် မြန်မာတွင် ငွေဖေါင်းပွမှု နှုန်းသည် ၁၈ မှ ၂၂ ရာနှုန်း အတွင်းသာ ရှိနေ၍ ထိုသို့ ရိုက်နှိပ်ထုတ်ဝေရန် မလိုအပ်ပေ။၊ ငွေတန်ဖိုး အလွန်အကျွံ ဖေါင်းပွခြင်း ဆိုသည်မှာ ဈေးနှုန်းများ ၅၀ ရာနှုန်း ကျော် မြင့်တက်လာခြင်းကို ဆိုလိုသည်။

 

ဒုတိယ အကြောင်းမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်း ဖြစ်သည်။ ဈေးကွက်အတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်းသည် ဗဟိုဘဏ် ၏ ဈေးထက် အဆ ၁၀,၀၀၀ ခန့် ကွာဟလာနေချိန်တွင် ထုတ်ဝေရခြင်း ဖြစ်သည်၊ သို့သော် မြန်မာ တွင် ထိုမျှ အထိ ကွာခြားမှု မရှိသေးပေ။

 

တတိယ အကြောင်း မှ ငွေတုများ ကြောင့် ဖြစ်သည်။ ထို့အခါတွင် အစိုးရသည် လည်ပတ်နေသော ငွေများ သုံး၍မရတော့ရန် တန်ဖိုးမြင့် ငွေစက္ကူများ ထုတ်၍ လဲလှယ်ပေးရန် လိုအပ်လာသည်။ မြန်မာတွင် ငွေစက္ကူ အတုများ ရှိနေသော်လည်း လူထုအား ထိခိုက်စေသည့် အဖြစ်အထိ မရောက်သေးပေ။

 

စတုတ္ထ အကြောင်းမှာ နိုင်ငံတနိုင်ငံသည် စစ်ဖြစ်လာသည့်အခါ နိုင်ငံခြားငွေ အသဲအသန် လိုအပ်လာနေသည်၊ မြန်မာ တွင် လိုအပ်သော နိုင်ငံခြားငွေများကို ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းမှ ရရှိနေသည်၊ လိုအပ်သော နိုင်ငံခြားငွေများကို မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်နှင့် မြန်မာ့ နိုင်ငံတကာ ကူးသန်း ရောင်းဝယ်မှု ဘဏ်များမှ ထိုငွေစက္ကူများ သုံး၍ လဲလှယ်ယူနိုင်သည်။ ထိုဘဏ်နှစ်ခုသည် အစိုးရပိုင်လုပ်ငန်းများ နှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ၊ ပြည်ပဈေးကွက်များ နှင့် ဒေါ်လာ အသွင်းအထုတ် လုပ်ကိုင်နေသည်။

 

အာဏာသိမ်း အဖွဲ့သည် နိုင်ငံတကာ ဒဏ်ခတ် ပိတ်ဆို့မှုများ ကြောင့် နိုင်ငံခြားငွေများ ပို ၍ လိုအပ်လာနေ၍ တန်ဖိုးမြင့် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

 

အာဏာသိမ်း အဖွဲ့သည် အစိုးရဝန်ထမ်းများအား လစာပေးရန်ပင် ငွေအလုံအလောက် မရှိဖြစ်နေသည်၊ စီးပွားရေးသည်လည်း ကျဆင်းလျက် ရှိနေပြီး အလုပ်လက်မဲ့နှုန်း မြင့်မားကာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု နှင့် ကမ္ဘာလှည့် ခရီးသွားများ မရှိသလောက် ဖြစ်နေသည်။ ထို့အတွက် ဘတ်ဂျက်ပိုင်း တွင် အကျပ်အတည်း ဖြစ်လာနေ၍လည်း ငွေစက္ကူများ ရိုက်ထုတ်လာခြင်း လည်း ဖြစ်သည်။

 

ငွေစက္ကူ အသစ် အား ဆင်ဖြူမွေးနေ့ဆိုက ယတြာချေရန်လည်း လိုအပ်နေ၍ တချက်ထဲနှင့် ငှက်နှစ်ကောင် မှန်အောင် ပစ်ခဲ့ခြင်းပင် ဖြစ်သည်ဟု ရှင်းပြခဲ့သည်။

 

သို့သော် စစ်ဗိုလ်ချုပ်များသည် ထိုငွေစက္ကူများကို မည်မျှ ပမာဏ နှင့် မည်မျှ ကြာအောင် ထုတ်လုပ်မည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိ၍ ကြာလာသည်နှင့် အမျှ ငွေကြေး အလွန်အကျွံ ဖေါင်းပွသည့် အဖြစ်သို့ ဦးတည်သွားနိုင်သည်ဟု ဆိုသည်။

 

၎င်းတို့ အပေါ် စီးပွားရေး အသိုက်အဝန်း နှင့် လူထု က ယုံကြည်မှု မရှိကြ၍ ငွေစက္ကူ ထုတ်ဝေပြီး ၄၈ နာရီ အတွင်းမှာပင် ဈေးနှုန်းများ ထိုးတက်သွားခဲ့ရခြင်း ဖြစ်သည်။

 

ငွေကြေးဖေါင်းပွမှုသည် ချမ်းသာသောလူများကို အကြီးအကျယ် ထိခိုက်နိုင်မည် မဟုတ်သော်လည်း အလယ်အလတ် နှင့် အောက်ခြေလူတန်းစားများ အတွက် လူတန်းစား မညီမျှမှုသည် ကျယ်ပြန့်လာနိုင်သည်။ ယခုအခါ ဆာလောင်မွတ်သိပ်လာသူများ နှင့် သတ်မှတ်ထားသည့် ဆင်းရဲမှု နှုန်း အောက် ရောက်လာသူများ တနှစ်ပြီး တနှစ် များပြားလာနေပြီ ဖြစ်သည်။

 

သူမက စစ်တပ်၏ စီးပွားရေး စီမံခန့်ခွဲမှုအပေါ် ဆက်၍ ရှင်းပြရာတွင် နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ပထမဆုံး လိုအပ်ချက်သည် တည်ငြိမ်မှု ရှိရေး ဖြစ်ပြီး ဒုတိယ အနေဖြင့် ငွေလဲလှယ်မှု နှုန်း တည်ငြိမ်နေရေး နှင့် တတိယ အချက် အနေဖြင့် အခြေခံ အဆောက်အအုံပိုင်း၊ စတုတ္ထ အနေဖြင့် ကျွမ်းကျင်မှု မရှိသေးသည် အလုပ်သမား အင်အား၊ ပဥ္စမ အဖြစ် ပညာတတ် အသိုက်အဝန်းများ ရှိနေခြင်း တို့ ဖြစ်သည်။

 

ပညာတတ်များသည် စစ်အုပ်ချုပ်ရေး အောက်တွင် နေထိုင်ရမည့် အရေးကို ငြင်းပယ်လာကြသည်။ မိဘများကလည်း ၎င်းတို့၏ ရင်သွေးများကို နိုင်ငံခြားသို့ စေလွှတ်ခဲ့ကြသည်၊ မိဘများက သားသမီးများ ပြည်ပတွင် နေမှ စိတ်ချရမည်ဟုလည်း ခံယူလာကြသည်။ ထို့အတွက် တိုင်းပြည်တွင် ဉီးနှောက် ယိုစီးမှု ဖြစ်လာခဲ့သည်။

 

တိုင်းပြည်တွင် တည်ငြိမ်မှု ဆိုသည်က စစ်ဗိုလ်ချုပ်များ အာဏာ ဆုပ်ကိုင်ထားသရွေ့ မည်သို့မျှ ဖြစ်နိုင်ဖွယ် မရှိ။

 

ဗဟိုဘဏ်ကို စီမံအုပ်ချုပ်နေသူများသည် စွမ်းဆောင်ရည် မရှိသူများ ဖြစ်နေသည်။ ဤသည်ကို လူထု နှင့် နိုင်ငံတကာက ကောင်းစွာ သိထားကြပြီး ဖြစ်သည်။ ၎င်းတို့အပေါ် မည်သူမျှ ယုံကြည်မှု မရှိကြ၍လည်း ငွေ လဲလှယ်နှုန်းသည် တည်ငြိမ်မှု ရှိမည် မဟုတ်ပေ။

 

စစ်အာဏာသိမ်း အဖွဲ့ တည်မြဲနေသရွေ့ တိုင်းပြည်သည် ဖွံ့ဖြိုးတိုးတက်ခြင်း ရှိမည်မဟုတ်သည့် အတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်လည်း မဟုတ်ပေ။ စစ်ဗိုလ်ချုပ်များ စစ်တန်းလျားများသို့ ပြန်သွားသည့် အခါမှသာ အရည်အချင်း ရှိသူများ တိုင်းပြည်ကို ဦးဆောင်လာနိုင်မည် ဖြစ်ပြီး နိုင်ငံတကာ၏ ယုံကြည်မှုလည်း ရလာပေလိမ့်မည်။

 

မြန်မာ ပြည်သူများ နှင့် စီးပွားရေး အသိုက်အဝန်းမှ စစ်အာဏာသိမ်း အဖွဲ့အပေါ် ယုံကြည်မှု တစက်မျှပင် မရှိကြပေ။ အမြဲလို အပြောတမျိုး အလုပ်တမျိုး ဖြစ်နေကြပြီး အရည်အချင်းရှိသူများကို ချောင်ထိုးထားကြသည်။ မည်သူတဦးတယောက်နှင့်မျှလည်း တိုင်ပင်ခြင်း မရှိ၊ ကျပ်ငွေ နှစ်သောင်းတန် အား ဘာကိုမျှ ထည့်သွင်းစဉ်းစားခြင်း မရှိပဲ ရိုက်နှိပ် ထုတ်ဝေခဲ့ခြင်းကပင် သက်သေခံနေပေသည်။

 

၎င်းတို့ ဆက်၍ အုပ်ချုပ်နေသမျှ လူထုသည် ရှေ့လျောက် ဒုက္ခပင်လယ်ဝေနေကြမည်သာ ဖြစ်သည်ဟု ဒေါ်မင်းမင်းသော်က ထောက်ပြသွားခဲ့သည်။

 

ထိုသို့ ဖြစ်ပျက်နေသည်များကို တိုင်းပြည်အကျိုး အတွက် ဆင်ခြင်စဉ်းစားရကောင်းမှန်း မသိပဲ လူတကာကို အပြစ်ပုံချကာ ဉာဏ်နီဉာဏ်နက်များ သုံး၍ ဆေးမြီတို ဖြင့် ကုစားရန် ကြံနေကြဆဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

ဓါတ်ပုံ - RFA