တိုင်းပြည်ကို အရင်းပြု ကြွေအံကစားနေကြသူများ

by Hla Soewai - Sep 04 2023

စစ်အာဏာသိမ်း အဖွဲ့သည် ဖွဲ့စည်းပုံ မပြည့်သော တပ်ကြွင်း တပ်ကျန်များ၊ လေကြောင်းအင်အား၊ လက်နက်ကြီး ပစ်ကူများ နှင့် နိုင်ငံ အနှံ့ ဖြန့်ကျက် တိုက်ခိုက်နေရပြီ ဖြစ်သည်၊ ရှိသမျှ အင်အားကို ရှေ့တန်းသို့ အကုန်စေလွှတ်နိုင်းခြင်း မရှိ၊ နောက်ချန် အင်အား အဖြစ် တဝက် လောက်ကို မဖြစ်မနေ ထားခဲ့ရသည်။ ၎င်းတို့ ခေါင်းကိုင် ဖခင်ကြီး တရုတ်ပြည်၏ ရေနံပိုက်လိုင်းများကိုပင် အပြည့်အဝ ကာကွယ်နိုင်မည့် စစ်အင်အား အလုံအလောက် မရှိတော့၍ ပျုစောထီး ဆိုသည့် အရပ်သားများကို ငွေပေးကာ အစောင့်အကြပ် အဖြစ် သုံးနေရပြီ ဖြစ်သည်။

 

ပြည့်သူ့ကာကွယ်ရေး တပ်များ နှင့် တိုင်းရင်းသား လက်နက်ကိုင်များသည် ၎င်းတို့ပိုင် စခန်းကုန်းများကို တခုပြီး တခု သိမ်းယူလာနေကြသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် စီးပွားရေး၊ စစ်ရေး တို့တွင် ခါချဉ်ကောင် လောက်သာ အင်အားရှိသူများကို တောင်ကြီးအား ဖြိုဖျက်ရန် နေပြည်တော်မှ အမိန့်ပေး ခိုင်းစေနေကြခြင်းသာ ဖြစ်သည်။ ၎င်းတို့ ထိန်းချုပ်နိုင်သော နယ်မြေများသည် တဝက်မျှပင် မရှိတော့။ စီးပွားရေး တွင်လည်း အမေရိကန် ဦးဆောင်သော နိုင်ငံတကာ၏ ပိတ်ဆို့ ဒဏ်ခတ်မှု များကြောင့်အဖက်ဖက်မှ ပြိုလဲလိုက်လာနေရပြီး ဒေါ်လာ ကိုင်ဆောင်သူကိုပင် ဖမ်းမယ် ဆီးမယ် အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်လာနေသည်။ တနိုင်ငံလုံး ဈေးနှုန်းများ တက်ပြီး အငတ်ဘေး နှင့် ရင်ဆိုင်ရတော့မည်ကို ရိပ်စားလာမိသော အာဏာသိမ်း အဖွဲ့သည် ယခုအခါ ကမ္ဘာတွင် ပဥ္စမမြောက် ပြည်ပသို့ ဆန်တင်ပို့ ရောင်းချမှုကိုပင် မဖြစ်မနေ ကန့်သတ်လိုက်ရပြီ ဖြစ်၍ ၎င်းတို့ အတွက် နိုင်ငံခြားဝင်ငွေများ ထပ်မံ ကျဆင်းသွားခဲ့ရပြန်သည်။

 

ထိုသို့သော အနေအထားများ ကြားတွင် နိုင်ငံတကာ သည် အာဏာသိမ်း အဖွဲ့ ပြိုလဲသွားနိုင်သည်ဟု အလေးအနက်ထား စဉ်းစားသည့် အဆင့် ရောက်မလာကြသေးပေ။ ၎င်းတို့ အားလုံး စိတ်ထဲတွင် မင်းအောင်လှိုင် နှင့် စစ်ဗိုလ်ချုပ်များသည် ထွက်ပေါက် ပိတ်လာသည်နှင့် အမျှ အာဏာကို မဖြစ်ဖြစ်သည့် နည်း နှင့် ဆက်၍ ဆုပ်ကိုင်သွားမည်၊ တော်လှန်ရေး အဖွဲ့များသည် စစ်တပ်၏ လေကြောင်းပစ်ကူများကို မခုခံနိုင်သရွေ့ အဓိက ထိုးစစ်ကြီး ဆင်နွှဲနိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပဲ ယခုလို အနေအထား နှင့် ဆက်ရှိနေဦးမည်ဟု လက်တကမ်း အကွာ မှ သုံးသပ်နေကြဆဲပင် ဖြစ်သည်ဟု ဩစတေးလျှ ရှိ တက်စ်မေနီယား တက္ကသိုလ်မှ မြန်မာ အရေး တွင် ထဲထဲဝင်ဝင် ပတ်သက်ခဲ့သူ နီကိုလပ် ဖါရယ်လီမှ ဩစတေးလျှ မဟာဗျုဟာ ပေါ်လစီ အင်စတီကျု ၏ The Strategist စာစောင်တွင် ဖေါ်ပြထားသည်။

 

သို့သော် ထိုသို့ ယူဆထားချက်များ အားလည်း ပြည်သူတို့၏ တော်လှန်ရေး အရှိန်အဟုန်က နေ့စဉ်နှင့် အမျှ စိန်ခေါ်လာနေပြီ ဖြစ်သည်။

 

စစ်ဗိုလ်ချုပ်များသည် နေပြည်တော်မှလွဲ၍ တနိုင်ငံလုံး သစ်ငုတ်သာ ကျန်နေစေကာမူ ဆက်ပြီး အုပ်ချုပ်သွားကြမည့် လူများသာ ဖြစ်သည်။ ထိုသို့ သားစဉ်မြေးဆက် အုပ်ချုပ်သွားနိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံ ဖြင့် နားလှည့် ပါးရိုက် လုပ်ရန် ကြံစည်ခဲ့ကြသည်။ စီးပွားရေး ဦးမော့လာအောင် နိုင်ငံရေးဖက်တွင် ဖြေလျော့ပေးပြီး အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသည်၊ သို့သော် ၂၀၁၅ တွင် ပြည်သူတရပ်လုံးက လူထု ဦးဆောင်ပါတီ ကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သောင်ပြိုကမ်းပြို ရွေးချယ်ခဲ့ကြသည်။

 

၎င်းတို့ အဖို့ အခြားရွေးစရာ လမ်း မရှိတော့၊ အာဏာကို အသာတကြည် လွှဲပြောင်းပေးခဲ့ရသည်။ သို့သော် နောက်တကြိမ် ရွေးကောက်ပွဲတွင် မည်သို့မျှ အနိုင်မရရှိရေး အတွက် စစ်တပ် နှင့် ကြံ့ဖွတ်ပါတီများက တာဝန်ယူရတော့မည် ဖြစ်သည်။ မူဝါဒ ပိုင်းတွင် မည်သို့မျှ ယဉ်နိုင်စွမ်း မရှိတော့သည်ကို သိလာကြ၍ ဆတ်ဆတ်ထိ မခံသော ဘာသာရေးကို အကြောင်းပြ၍ လူမျိုးရေး မုန်တီးမှု ကို ဘုရားသားတော်ဆိုးများ အကူအညီနှင့် စတင် ဖန်တီးလာခဲ့သည်။ စစ်တပ်ကလည်း နယ်စပ်ဒေသတွင် ဟန်ချက်ညီညီ ရိုဟင်ဂျာ အရေးအခင်းကြီးကို ဖန်တီးပေးခဲ့သည်။

 

ယင်းသည် နိုင်ငံတော် အတိုင်ပင်ခံ နှင့် လူထု အား တိုက်ပေးလိုက်ခြင်း ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး တိုက်ပွဲဝင်သူ အဖြစ် နိုင်ငံတကာ က တလေးတစား အသိအမှတ်ပြုသူ ဖြစ်၍ ရိုဟင်ဂျာ အရေးတွင် သူတို့အား ဆန့်ကျင်ပြောဆိုလာမည်ဟု တွက်ဆခဲ့ကြသည်၊ သူတို့အား ဆန့်ကျင် ပြောဆိုခြင်းသည် အမျိုးဘာသာ သာသနာကို ဆန့်ကျင်ခြင်းပင် မဟုတ်ပါလော။

 

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် သူမ ရရှိထားသော နိုင်ငံတကာ လေးစားမှုထက် အမျိုးသား ရင်ကြားစေ့ရေး လမ်းကို ရွေးချယ်လိုက်ပြီး ၎င်းတို့ဖက်ကပင် နိုင်ငံတကာ တရားရုံးတွင် မျက်စိမှိတ် အကာအကွယ် ပေးခဲ့သည်။

 

ထင်သလို ဖြစ်မလာပဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်များ တွင် အောင်မြင်မှုများ ရလာနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ယခင်ကထက် ပင် ပိုသော မဲအရည်အတွက် နှင့် အောင်ပွဲခံလာခဲ့ပြီ ဖြစ်သည်။

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နောက်ထပ် ငါးနှစ် ဆက်အုပ်ချုပ်ခွင့်ရပါက တိုင်းပြည်အား အခွင့်ထူးခံ ဘဝနှင့် သားစဉ်မြေး ဆက် အုပ်ချုပ်ရေး ဆိုသည့် ၎င်းတို့၏ ရည်မှန်းချက်သည် ကြိမ်းသေပေါက် ပျက်ပြားသွားတော့မည် ဖြစ်၍ တုံးတိုက်တိုက် ကျားကိုက်ကိုက် မျက်စိမှိတ်ကာ မဲသမာမှု ဆိုသည့် မခိုင်လုံသော အကြောင်းပြချက် ဖြင့် အာဏာသိမ်းယူလိုက်ရသည့် ဘဝ ရောက်သွားခဲ့ရပေတော့သည်။ အာဏာရှင် လက်ဟောင်းကြီးများ တုံဏှိဘာဝေ လုပ်နေကြခြင်းကပင် ၎င်းတို့ နောက်ကွယ်က ရှိကြောင်း သက်သေခံနေပေသည်။

 

တိုင်းပြည်သည် တရားဝင် အသိအမှတ်ပြုခံရသည့် အစိုးရမျိုး မရှိတော့ပဲ မျက်နှာစာ အသီးသီးတွင် ၎င်းတို့ အစွမ်းအစ ဖြင့် ပြန်၍ အဖတ်ဆယ်မရအောင် ဖြစ်လာနေသော်လည်း ၎င်းတို့၏ သားစဉ်မြေးဆက် အကျိုးစီးပွားကြောင့် မသိကျိုးကျွံပြုနေကြသည်။

 

မင်းအောင်လှိုင် နှင့် မိသားစု တိုင်းပြည်မှ ထွက်ပြေး၊ သို့မဟုတ် လက်ရဖမ်းဆီးမိချိန်တွင် တနိုင်ငံလုံး ညလုံးပေါက် ကခုန် မြူးတူး အောင်ပွဲခံကြမည်ကား မလွဲမသွေပင် ဖြစ်သည်၊ သို့‌သော် ပြည်သူများ ထိုသို့ အောင်ပွဲခံပြီး မောမော နှင့် အိပ်ပျော်သွားကြပြီး နောက်တနေ့ ပြန်လည် နိုးထလာချိန်တွင်တော့ ၎င်းတို့ ရှေ့တွင် လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဒုက္ခများ ပင်လယ်ဝေပြီး ကျန်ရစ်ခဲ့သူများ အရေး စသည့် ကြီးမားသော ပြဿနာကြီး အား ဖြေရှင်းရတော့မည် ဆိုသည့် လက်တွေ့ အခြေအနေများ ကို မဖြစ်မနေ သတိပြုလာကြတော့မည် သာ ဖြစ်သည်။

 

သို့သော် ပြည်သူများဖက်ကလည်း စစ်ဗိုလ်ချုပ်များ ဆက်လက်အာဏာတည်မြဲနေသရွေ့ ပို၍ ဆိုးလာဖို့သာ ရှိတော့၍ ပိုနေမြဲ ကျားနေမြဲ မှိန်းနေ၍ မရတော့ပဲ မဖြစ်မနေ ရင်ဆိုင်ရမည့် ပြဿနာ အဖြစ် မှတ်ယူထားကြပြီး ဖြစ်သည်။ လက်ရှိ ပဋိပက္ခကြီးအား အမျိုးဘာသာ သာသနာ နှင့် အချုပ်အခြာအာဏာကို ခြိမ်းခြောက်လာမှု အဖြစ် ဝါဒဖြန့်ကာ ရှေ့တန်းသို့ စေလွှတ်နေကြခြင်းသာ ဖြစ်သည်။

 

နိုင်ငံတကာ အနေဖြင့် မြန်မာ တော်လှန်ရေးကြီး အပြီး တွင် အရာရာတိုင်းသည် အဆင်ပြေ ချောမွေ့ပြီး အကုန်အကျ နည်းမည်ဟု ယူဆ၍ မရတော့၊ စစ်ဗိုလ်ချုပ်များ အား မြန်မြန် ဖယ်ရှားနိုင်မှသာလျှင် အခြေအနေကို အချိန်မီ အဖတ်ဆယ် နိုင်မည်သာ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား အဖွဲ့အစည်းများသည်လည်း ဖက်ဒရယ် တပ်မတော်ကြီး ကို အမြန် ဖွဲ့စည်းပြီး အုပ်ချုပ်ရေး အာဏာများကို အမြန်ဆုံး ထိထိရောက်ရောက်တာဝန်ယူကြရမည် ဖြစ်သည်၊ ထို့အတွက်လည်း ပြင်ဆင်ထားလောက်ပြီး ဖြစ်ပေမည်။ အမျိုးသား ညီညွတ်ရေး အစိုးရ အဖို့ တော်လှန်ရေး အောင်မြင်ဖို့သာမက တိုင်းပြည်အား အမြန်ဆုံး တည်ငြိမ်မှု ရလာအောင် စီမံ ရမည့် ကြီးလေးသော တာဝန်ကြီး နှစ်ရပ်ကို တပြိုင်တည်း ထမ်းဆောင်နေကြရပြီ ဖြစ်သည်။ မိမိတို့ ပြည်သူများဖက်မှ မြန်မာတို့သည် မည်မျှ စည်းကမ်းသေဝပ်ပြီး ညီညွတ်မှု ရှိသည်ကို ကမ္ဘာအား ပြသနိုင်ရန် ကြိုးစားရမည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!