အရှေ့ တီမော အစိုးရနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ အကြား တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်နေ၍ တီမော လက်စတေ အစိုးရ၏ တာဝန်မဲ့ အပြုအမူ များကြောင့်ဆိုသော အကြောင်းပြချက်ဖြင့် အရှေ့တီမော ၏ သံရုံးယာယီ တာဝန်ခံအား စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတွင်းမှ ထွက်ခွာရန် အာဏာသိမ်း အဖွဲ့၏ နိုင်ငံခြားရေး ဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
အာဏာသိမ်း အဖွဲ့သည် ပြည်တွင်း ပြည်ပ တွင် ၎င်းတို့အား တရားဝင် ရပ်တည်ပိုင်ခွင့် မရှိသော အဖွဲ့ဟု သတ်မှတ်ထားကြပြီး သံရုံး အများအပြားသည်လည်း သံတမန်ဆက်ဆံရေး အဆင့် လျော့ချသည့် အနေဖြင့် သံအမတ်များ ထပ်မံ ခန့်အပ်ခြင်း မရှိတော့ပဲ သံရုံး ယာယီ တာဝန်ခံ အဆင့် ဖြင့် ထားရှိနေကြသည်၊ အများစုမှ မင်းအောင်လှိုင်ထံ သွား၍ သံအမတ် ခန့်အပ်လွှာ ပေးရမည့် အရေးကို တွန့်ဆုတ်နေကြ၍ လည်း ဖြစ်သည်။
နိုင်ငံတကာ အလယ်တွင်လည်း အင်အားကြီး နှစ်နိုင်ငံ၏ အစောင့်ရှောက်ခံ ဘဝ ဖြင့် မျက်နှာငယ်စွာ နေနေကြရသူများလည်း ဖြစ်သည်။
တီမော သံအကြီးအကဲသည် အာဏာသိမ်းပြီးနောက် နိုင်ငံတွင်းမှ နှင်ထုတ်ခံရသည့် ပထမဆုံး သံတမန် ဖြစ်သည်။ သို့သော် သံတမန် ဆက်ဆံရေး ဖြတ်တောက်လိုက်ခြင်း မျိုးတော့ မဟုတ်ပေ။
အရှေ့တီမောသည် NUG ဖက်မှ လူသိရှင်ကြား ရပ်တည်ပေးခဲ့သော နိုင်ငံငယ်ကလေး ဖြစ်ပြီး မြန်မာ အရေးကို အာဆီယံမှ ထိထိရောက်ရောက် မဖြေရှင်းပေးနိုင်ပါက အသင်းကြီးသို့ ဝင်ရောက်ရေး ကို ဆိုင်းငံ့ထားမည်ဟုပင် တရားဝင် ထုတ်ဖေါ်ပြောဆိုခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။
အရှေ့တီမော သည် အာဆီယံ သို့ ဝင်ရောက်ခွင့် ကို အဖွဲ့ဝင် ဆယ်နိုင်ငံစလုံးမှ မူအားဖြင့် သဘောတူထားပြီး တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင် ဖြစ်ရန် လိုအပ်သည့် အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ ပြင်ဆင်မှု များ ပြုလုပ်နေချိန်လည်း ဖြစ်သည်၊ အရှေ့တီမော သည် အာဆီယံ အဖွဲ့ဝင် ဖြစ်ပါက ၎င်းတို့၏ နိုင်ငံသစ် ကလေး အတွက် စီးပွားရေး ဖက်တွင် အထူး ခံစားခွင့်များ ရရှိပြီး မည်မျှ အထိ အကျိုးများမည်ကို သိသိကြီး နှင့် စောင့်ထိန်းရမည့် ကိုယ်ကျင့်တရားကို ဦးစားပေးခဲ့သည့် ရှားရှားပါးပါး ဂုဏ်ယူ စံထားရမည့် လုပ်ရပ် ကြီးလည်း ဖြစ်သည်။
ဇူလိုင်လအတွင်း အရှေ့တီမော သမ္မတ ဟိုဆေး ရာမုစ် ဟိုတာ မှ ဝန်ကြီးချုပ် အသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဆန်နနာ ဂေါ့စ်မဲလ် ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် အား ဖိတ်ကြားခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီး နှစ်ဦးစလုံးသည် အင်ဒိုနီးရှားမှ လွတ်လပ်ရေး ရရန် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြသည့် ခေါင်းဆောင်များ ဖြစ်သည်။
နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်သည် စစ်ကောင်စီမှ အပြိုင် ခန့်အပ်ထားသော နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေထက်ပင် အလုပ်များပြီး နိုင်ငံတကာ နှင့် ထိတွေ့ဆက်ဆံနေရသူ ဖြစ်သည်၊ သန်းဆွေသည် ရုံးတွင် ထိုင်ကာ ရှုတ်ချစာ၊ ကန့်ကွက်စာ များ ဒိုင်ခံ ရေးပေးနေရသည့် စာရေး အလုပ်မျိုးသာ လုပ်ကိုင်နေရရှာသည်။ သူ့အား တွေ့ဆုံရသည့် နိုင်ငံခြား သံတမန်များသည်လည်း သံတမန် ထုံးတမ်းစဉ်လာအရသာ တွေ့ဆုံနေရခြင်းမျိုး ဖြစ်သည်။ အဓမ္မဝါဒီများ ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်နေသော နိုင်ငံမျိုးတွင် သူ့အဖို့လည်း ဒီထက်ပို၍ တတ်နိုင်ပေဦးမည်နည်း။
ထိုသို့ နှင်ထုတ်သည့်အထိ ဒေါသ အမျက်ချောင်းချောင်း ထွက်ခဲ့ရခြင်းမှာ ပြီးခဲ့သည့် အပတ်အတွင်း လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းအား မြို့တော် ဒီလီတွင် လူ့အခွင့်အရေး လေ့ကျင့်သင်ကြား ပို့ချသည့် သင်တန်း ဖွင့်ပွဲ တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး သမ္မတ ရာမုစ် ဟိုတာ မှ လက်ခံတွေ့ဆုံခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။
အရှေ့တီမော အစိုးရမှ ထိုသို့ နှင်ထုတ်ခဲ့မှု အား ရှုတ်ချကြောင်း ပြောကြားခဲ့ပြီး၊ “၎င်းတို့၏ လုပ်ရပ်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေး အတွက် မိမိတို့၏ ထောက်ခံနေမှု သည် မည်မျှအထိ အရေးပါကြောင်း ထပ်မံပြသလိုက်ခြင်း ဖြစ်ပြီး၊ မိမိတို့သည် မြန်မာပြည်သူများ နှင့် တစည်းတလုံးတည်း ရပ်တည်သွားမည် ဖြစ်ကြောင်း နှင့် စစ်ကောင်စီ အားလည်း လူ့အခွင့်အရေးများကို လေးစား လိုက်နာရန် နှင့် ပြဿနာအား ငြိမ်းငြိမ်းချမ်းချမ်း နှင့် ဖြေရှင်းရန် တိုက်တွန်းကြောင်း” ကျေညာချက် ထုတ်ပြန်ခဲ့သည်။
အရှေ့ တီမောကျွန်းနိုင်ငံကလေးသည် ပေါ်တူဂီ လက်အောက်သို့ ရာစုနှစ်ပေါင်း များစွာ ကျရောက်ခဲ့ပြီး ၁၉၇၅ နိုဝင်ဘာလတွင် ပေါ်တူဂီတို့ အား အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပြီး နောက် လွတ်လပ်ရေးကို ကျေညာခဲ့သည်၊ နောက်တလမှာပင် အင်ဒိုနီးရှား တပ်များ မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီး ပြည်နယ် တခု အဖြစ် သွတ်သွင်းခဲ့ခြင်း ဖြစ်သည်။
နောက် နှစ်ပေါင်း နှစ်ဆယ်ကျော် ခုခံတွန်းလှန်ရေး စစ်ပွဲများ၊ ငတ်မွတ်ခေါင်းပါးမှု အစရှိသည်များ ကြောင့် လူပေါင်း နှစ်သိန်းခန့် သေဆုံးခဲ့ရသည်။
နောက်ဆုံးတွင် အင်ဒိုနီရှားသည် နိုင်ငံတကာ ၏ ဖိအားပေးမှု များအား ဆက်လက်တင်းခံနိုင်စွမ်း မရှိတော့ပဲ ၁၉၉၉ ဩဂုတ်လ ၃၀ ရက်နေ့တွင် တီမော၏ အနာဂတ်အရေး လူထုဆန္ဒခံယူပွဲ ကို ခွင့်ပြုခဲ့ရသည်။
ကျွန်းနေလူထု၏ ငါးပုံလေးပုံ ခန့်က ခွဲထွက်ရန် ထောက်ခံမဲပေးခဲ့ကြ၍ ကုလသမဂ္ဂ ကြီးကြပ်မှု အောက်သို့ ရောက်ရှိလာခဲ့သည်၊ သို့သော် လွတ်လပ်ရေး ကို ဆန့်ကျင်နေကြသည့် စစ်သွေးကြွများမှ ပုန်ကန်လာကြသဖြင့် ရာပေါင်းများစွာ သေဆုံးခဲ့ပြီး သိန်းနှင့် ချီ၍ နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ကြရသည်။
၂၀၀၂ ဧပြီလ တွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ပြီး တီမော လွတ်မြောက်ရေး အမျိုးသား ကောင်စီ ၏ ခေါင်းဆောင် ဆာဇနာ ဂပ်စ်မိုအား သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ယင်းနှင့်အတူ အရှေ့ တီမော သည် တီမော လက်စလီ နိုင်ငံအဖြစ် အချုပ်အခြာ အာဏာပိုင် နိုင်ငံ အဆင့်သို့ ရောက်ရှိလာခဲ့ရသည်။ သို့သော် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့များ ကတော့ ဆက်၍ ရှိနေခဲ့သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!