ပဲခူး တိုင်း အား အာဏာသိမ်း အဖွဲ့ ထိန်းချုပ်နိုင်စွမ်း မရှိတော့

by Hla Soewai - Sep 04 2023

တရုတ်၊ ရုရှား တို့၏ အစောင့်ရှောက်ခံ ဘဝ ဖြင့် တိုင်းရင်းသား ပြည်သူတို့အား အမျိုးမျိုး အဖုံဖုံ ဖိနှိပ်အုပ်ချုပ်လျက် ရှိသော အာဏာသိမ်း အဖွဲ့ နှင့် ၎င်း၏ သစ္စာခံ တပ်များအား ပြည်သူတို့၏ ဆန့်ကျင် တွန်းလှန်မှု သည် တနေ့တခြား ပြင်းထန်သည်ထက် ပြင်းထန်လာနေပြီ ဖြစ်ရာ ယခုအခါ ပဲခူးတိုင်း ဒေသကြီးအား စိုးမိုးနိုင်စွမ်း မရှိတော့ဟု မြေပြင် သတင်းများကို အခြေခံပြီး ဧရာဝတီ သတင်း မှ ယခုလို ရေးသား တင်ပြလာခဲ့သည်။

 

ယခင်က ကရင်အမျိုးသား သမဂ္ဂ (ကေအင်ယူ) တပ်မဟာ (၃) ၏ လှုပ်ရှား နယ်မြေ ဖြစ်သော ပဲခူးတိုင်း အတွင်းရှိ ရွှေကျင်၊ ကျောက်ကြီး နှင့် မုန်း မြိုနယ်တဝိုက်တွင်သာ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှ ယခုအခါ စစ်တောင်းမြစ် အနောက်ဘက် ခြမ်း သို့ ကူးစက်လာပြီ ဖြစ်သည်။

 

ရန်ကုန်-မန္တလေး လမ်းဟောင်းမှ မိုင် အနည်းငယ်သာ ကွာဝေးသည့် ကျောက်တံခါး မြို့နယ် အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့၍ အာဏာသိမ်း အဖွဲ့မှ လေကြောင်းပစ်ကူ ကိုပင် အသုံးပြုလာရသည်။

 

ဩဂုတ် ၁၈ ရက် နေ့တွင် ညောင်လေးပင် မြို့နယ် အတွင်း စစ်ထရပ်ကားတစီး အား အဝေးထိန်း စနစ်ဖြင့် မိုင်းခွဲ တိုက်ခိုက်ခဲ့ကြသည်။ ဤသည်ကို ကြည့်မည်ဆိုက အာဏာသိမ်း အဖွဲ့သည် ရန်ကုန်-မန္တလေး ကားလမ်း နှင့် ရထားလမ်း အပါအဝင် ပဲခူးတိုင်း ရှိ အချို့ ဒေသများအား စိုးမိုးထားနိုင်ခြင်း မရှိတော့ ဆိုသည်ကို ပြဆိုနေသည်။

 

ဩဂုတ် ၉ ရက်နေ့တွင် တော်လှန်ရေး အင်အားစုများသည် ရန်ကုန်-မန္တလေး လမ်း အနီးရှိ သမင် အင်ဂွန်း ရွာရှိ စစ်ကောင်စီတပ်များ အား ဝင်ရောက်စီးနင်း တိုက်ခိုက် ခဲ့ကြရာ စစ်သား သုံးဆယ်ခန့် သေဆုံးသွားရသည်။ အခြား ကျေးရွာ များ တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာနေ၍ ညောင်လေးပင်မြို့နယ် သည် စစ်မျက်နှာ ဖြစ်လာခဲ့ပြီ ဟု ဆိုသည်။

 

“စစ်ကောင်စီ တပ်များသည် မြေပြင်တိုက်ပွဲများ ဖြင့် ရင်ဆိုင် နိုင်စွမ်း မရှိတော့ပဲ ရသမျှ စစ်အင်အား ၁၀၀, ၁၅၀ ခန့် စုစည်းပြီး တခါတရံသာ စစ်ကြောင်းထိုးနိုင်တော့ချိန်တွင် တော်လှန်ရေး အင်အားစုများသည် စစ်တောင်းမြစ်ကို ဖြတ်ကျော်လာနိုင်ကြပြီး ဒေသအတော်များများ ကို ထိန်းချုပ်ထားနိုင်ခဲ့ကြသည်” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပြသည်။

 

ပဲခူး အရှေ့ခြမ်း ရှိ စစ်တောင်းမြစ်ဝှမ်းဒေသအား ထိန်းချုပ်နိုင်ရေး သည် စစ်ကောင်စီ နှင့် တော်လှန်ရေး တပ်ဖွဲ့များ အတွက် အရေးတကြီး ဖြစ်လာနေသည်။ ညောင်လေးပင်သည် ပဲခူးရိုးမ နှင့် ထိစပ်နေပြီး ရန်ကုန်-မန္တလေး ကားလမ်း အသစ် နှင့် အဟောင်းဘေးတွင် ရှိနေသည်။

 

‌ညောင်လေးပင် ‌မြောက်ဖမ်းခြမ်း ရှိ တောင်ငူ၊ ရေတာရှည် နှင့် ယခုအခါ ကေအင်ယူ ထိန်းချုပ်နယ်မြေ ဖြစ်လာနေသော သံတောင် သည် အာဏာသိမ်း အဖွဲ့များ ခိုအောင်းနေသည့် နေပြည်တော် နှင့် ထိစပ် ဒေသများ ဖြစ်သည်။ တောင်ဖက်ခြမ်းသည် ပဲခူး မှ ၇၄ ကီလိုမီတာ၊ ရန်ကုန် မှ ၁၅၇ ကီလိုမီတာ သာ ကွာဝေးသည်။

 

ယခုအခါ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ကေအင်ယူ တပ်များသည် ဆော်လမွန် စစ်ဆင်‌ရေး ဖြင့် ပဲခူးရိုးမကို ထိုးဖောက်လာခဲ့ပြီး စစ်တောင်းမြစ်ဝှမ်း အား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာပြီ ဖြစ်သည်။

 

ကျောက်ကြီး နှင့် ပဲနွယ်ကုန်း အကြား တံတား သုံးခု အား ဖေါက်ခွဲ ဖျက်စီးနိုင်ခဲ့ပြီး စစ်ကောင်စီ ၏ ထောက်ပို့ လမ်းကြောင်းများ ဖြတ်တောက်နိုင်ရန် အရှိန်မြင့် တိုက်ခိုက်လာဖို့ ရှိနေသည်။

 

စစ်ကောင်စီ သစ္စာခံတပ်များသည် ယခုအချိန်အထိ ၎င်းတို့ ဆုံးရှုံးသွားသော စခန်းများကို ပြန်လည် သိမ်းယူရန် ကြိုးပမ်းလာသည့် အရိပ်အယောင်များ မတွေ့ရ၊ အကယ်၍ မိမိတို့သည် နိုင်ငံရေး နှင့် စစ်ရေး အရ လွန်စွာ အရေးပါလှပြီး လူဦးရေ လည်း ထူထပ်များပြားသည့် စစ်တောင်းမြစ်ဝှမ်း အောက်ဖက်ခြမ်းအား ထိန်းချုပ်နိုင်လိုက်ပြီ ဆိုလျှင် ၎င်းတို့ဖက်မှ အသည်းအသန် တိုက်ခိုက်လာဖွယ် ရှိနေသည်ဟု ကေအင်ယူ ပြောခွင့်ရ ပဒို စောကဲလေး က ပြောသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ယခုအခါ စစ်တောင်းမြစ် ကို ဖြတ်ကျော်လာနေပြီ ဖြစ်သည့် တော်လှန်‌ရေး အင်အားစုများကို တုန့်ပြန်နိုင်စွမ်း မရှိ ဖြစ်နေသည်။ ပဲခူးရိုးမ အရှေ့ခြမ်း တွင် စခန်းများ တည်ဆောက်ရန် လုံးပမ်းနေပြီး ထိုမှ ရန်ကုန်-ပြည် ကားလမ်း နှင့် ဧရာဝတီ တိုင်း အတွင်းသို့ ထိုးဖေါက်နိုင်ရန် ပြင်ဆင်လျက် ရှိနေသည်။

 

ကေအင်ယူ နှင့် တော်လှန်ရေး တပ်ဖွဲ့များသည် စစ်တောင်းမြစ် အနောက်ဖက်ခြမ်း ရှိ လမ်းများ ပေါ်တွင် စစ်ဆေးရေး ဂိတ်များ ပင် ထူထောင် ထားနိုင်ပြီ ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားခဲ့သည်။

 

တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့်လည်း စစ်မြူကာ ကျုံးသွင်း ဝိုင်းဝန်း ပိတ်ဆို့ ခံရမည့် အရေးကိုလည်း သတိကြီးစွာ ထား ရှောင်ရှားကြရပေဦးမည်။ 

 

ထိုသို့သော မဟာဗျူဟာကို ဗီယက်နမ် ရှိ ဒိန်ဗင်ဖူး တိုက်ပွဲ တွင် အထင်အရှား တွေ့လာခဲ့ရသည်။ ပြင်သစ် တို့သည် ဗီယက်နမ် တွင် မဟာဗျုဟာအရ လွန်စွာ အရေးပါသော ဒိန်ဗင်ဖူး ခံတပ် အား စစ်အင်အား ဖြည့်တင်း၍ အယောင်ပြကာ စစ်မြူလာခဲ့သည်၊ ထိုခံတပ်အား သိမ်းယူနိုင်ပါက စစ်ပွဲ၏ အလှည့်အပြောင်းကြီး ဖြစ်သွားမည်ကိုသိသော ဗီယက်ကောင်း မျိုးချစ် တော်လှန်ရေး တပ်များသည် ရှိသမျှ အင်အား ထုတ်နှုတ်သုံးကာ သိမ်းယူရန် ကြိုးပမ်းလာတော့မည်ဟု လည်း တွက်ချက်ထား၍ အပြီးအပိုင် ချေမှုန်း ပစ်မည်ဟု ကြံရွယ်ထားခြင်း ဖြစ်သည်။

 

သို့သော် နှစ်လ နီးပါး အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး နောက် ကျုးကျော်သူ ပြင်သစ်တို့ လက်နက်ချ အညံ့ခံခဲ့ရမှု နှင့် အတူ ဗီယက်နမ် မှ အပြီးအပိုင် ထွက်ခွာသွားခဲ့ရသည်။

 

ယခုအခါ အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနမှ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ နှင့် နေပြည်တော် ဒေသတဝိုက်တွင် “နေပြည်တော် ဆီသို့” အမည်ပေးထားသော ထိုးစစ်ကြီး စတင်လာပြီ ဖြစ်၍ မကွေး နှင့် စစ်ကိုင်းတိုင်း ဒေသကြီးများ တွင် စစ်ကောင်စီ တပ်များ၏ သရဲမရဲ စီး ကာ ကျေးရွာများကို မီးလောင်တိုက်သွင်းနေသည့် အဖြစ်မှ သက်သာရာ ရနိုင်ဖို့ ရှိလာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - ဧရာဝတီ