မင်းအောင်လှိုင်သည် ဩဂုတ်လ ၂၅ ရက်နေ့တွင် စားကောင်းသောက်ကောင်း အောင် ညာဝါးဖြီးဖြန်းနေကြပြီး ကိုယ်ပိုင်အတွေးအခေါ် ဟူ၍ တစက်ကလေးမျှ မရှိသော ခါချဉ်ကောင်များကို ခေါ်ယူလိုက်သော အစည်းအဝေးတွင် တိုင်းပြည်အကျပ်အတည်းများ ကျရောက်လာနေခြင်းသည် စားသုံးဆီများ၊ ဝိသမလောဘသားများ နှင့် ပြည်ပမှ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ ကြောင့်ဟု အပြစ်ပုံချ ပြောဆိုသွားခဲ့သည်။ ဖြစ်ခဲ့သမျှသည် သူ့ကြောင့် ဆိုသည်ကိုကား ပြောဆိုခြင်းမရှိ၊
လူထုအားလည်း တနှစ်လျှင် ဒေါ်လာ သန်း ၆၀၀ ဖိုးခန့် တင်သွင်းနေရသော စားသုံးဆီ ကို လျော့စားကြဖို့ပင် တိုက်တွန်းသွားပေသေးသည်။ သို့သော် တိုင်းပြည် လူဦးရေ၏ သုံးပုံတပုံသည် စားသုံးဆီကိုပင် မသုံးနိုင်သည့် ဘဝ ရောက်နေကြရသည်ကိုလည်း သတိပြုမိနိုင်စွမ်း မရှိတော့။ ၎င်းတို့ အုပ်ချုပ်ခဲ့သော နှစ်ပေါင်း ၆၀ လုံးလုံး ထိုအရေး အား ဖြေရှင်းရန် အဘယ်ကြောင့် အမျိုးသား စက်မှု လုပ်ငန်းများ ထူထောင်နိုင်ခဲ့ခြင်း မရှိရပေသနည်း။
မြန်မာ ဘဏ်တိုက်ကြီး နှစ်ခုအား အမေရိကန်မှ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုကြောင့် စီးပွားရေး အကျပ်အတည်းကြီး ဖြစ်လာရသည်ဟု ဝန်ခံခဲ့သည်။ ထိုနိုင်ငံများက ၎င်းတို့အား အလကားနေ အလကား လက်နက်သဖွယ် အသုံးချ တိုက်ခိုက်နေခြင်းဟု ပင် ဆိုလိုက်သေးသည်။ ထိုသို့ ဆိုက တိုင်းပြည် စီးပွားရေး အကျပ်အတည်း ကျအောင် ဒဏ်ခတ်နေကြသော နိုင်ငံများအား အဘယ်ကြောင့် တီမော လက်စတေ ကဲ့သို့ တိုင်းပြည်မှ နှင်မထုတ်နိုင် ဖြစ်နေရပေသနည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာရသည်။ ၎င်းတို့၏ ကြီးနိုင်ငယ်ညှင်း စိတ်ဓါတ်ကို လှစ်ဟပြလိုက်ခြင်းလည်း ဖြစ်ပေသည်။
အမေရိကန် ဒေါ်လာ နှင့် ရွှေများကို ကိုင်ဆောင်ထားသူ များသည် ငွေဈေးနှုန်း မတည်ငြိမ်အောင် ဈေးကစားနေသည်ဟု ဆိုသည်၊ သို့ဆိုက ထိုလူများသည် သူ့လက်ထက်ကျမှ ရုတ်ခြည်း ဆိုသလို ဝိသမ လောဘ များ တက်လာကြရပေသနည်း၊ ၎င်းတို့သည် ခေတ်အဆက်ဆက်ကပင် ထိုလုပ်ငန်းများကို လုပ်ကိုင်နေကြသူများ ဖြစ်သည်။ ၎င်းတို့၏ သုံးစားမရသော ဆေးမြီးတို ကုထုံးများကို မည်သူမျှ အယုံအကြည် မရှိကြတော့၊ တိုင်းပြည် တိုးတက်ရေး အား အမျိုးမျိုး အဖုံဖုံ စိတ်ထဲရှိရာ ပေါက်ပန်းဈေး အတွေးအခေါ်များ နှင့် ၎င်းတို့ ဖျက်လို ဖျက်ဆီး လုပ်ခဲ့ကြသည်မှာ နှစ်ပေါင်း ၆၀ ပင် မကတော့ပေ။ ဆင်းရဲသော လူတန်းစားများက လူစဉ်မမှီသည့် ဘဝနှင့် နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ ဒုက္ခအဝဝကို လူးလှိမ် ခံစားနေကြရသည်။
ငါသာ သမ္မတ ဖြစ်လျှင် လျပ်စစ်ကားများ၊ ရထားများ ထုတ်လုပ်မည်ဟူသော ကလေးသာသာ အတွေးဖြင့် အာဏာသိမ်းလာခဲ့သူ သာ ဖြစ်သည်။
ထိုမျှ မကသေး၊ ၎င်းတက်လာမှ တိုင်းပြည်ကြီး ငြိမ်းချမ်း ပျော်ရွှင်နေပြီ ဆိုကာ အတင်းအကျပ် အလှုခံ၊ လူထု၏ အခွန်ငွေများ၊ မြင်မြင်ရသမျှ စည်းကြပ်ကောက်ခံငွေများ ဖြင့် ပွဲလမ်းသဘင်များ နှင့် လွန်စွာ အကုန်အကျ များလှသည် ဘုရား ဆင်းတုတော်ကြီးကိုပင် ရွှေငွေကျောက်သံ ပတ္တမြား များ နှင့် ဌာပနာ ထား၍ တည်လိုက်ပေသေးသည်။ (ပုံတွင်ရှု)
ထိုသို့ စားကောင်းသောက်ကောင်း အောင် ဘာသာရေး အရေခြုံများ က ထိုလုပ်ရပ်များကြောင့် ၎င်းအပေါ် လူထုက မင်းကောင်းမင်းမြတ်ကြီး အဖြစ် အမြင်မှန် ရလာကြလိမ့်၊ ကြည်ညို လာကြလိမ့်မည်ဟု မြှောက်ထိုးပင့်ကော် စကားများ ကို အဟုတ်ကြီး ထင်ကာ သွေးနာထင် ရောက်လာခဲ့ခြင်းပင် ဖြစ်သည်။
ဗုဒ္ဓဘာသာ ဝင် ပြည်သူများ အပေါ် အမျိုးမျိုး အဖုံ နှိပ်စက်ညှင်းပမ်း သတ်ဖြတ်နေသည့် အရေးကိုပင် အမျိုးဘာသာ သာသနာ ကာကွယ်ရန် လုပ်သင့်လုပ်ထိုက် သော ကိစ္စ ဟူ၍ပင် ပြောလာခဲ့ကြသည်။
၎င်းတို့၏ ကမောက်ကမ လုပ်ရပ်များကြောင့် နှစ်နှစ်ကျော် ကာလအတွင်း မှာပင် ဒေါ်လာ၊ ရွှေ၊ ကား၊ စားကုန်များ နှစ်ဆကျော် ဈေးတက်လာရသည်၊ လ္ဘက်ရည်တခွက်ပင် လမ်းဘေးဆိုင်တွင်တထောင်နီးပါး ဖြစ်လာသည်ကိုလည်း ဝိသမ လောဘ ကြောင့် ဟု ဆိုပြန်သည်။
ယခင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်တွင် ထိုသို့ တခါဖူးမျှ လောဘ မတက်သူများ ရုတ်ခြည်း လောဘတက်လာကြသည်မှာ ထူးဆန်းအံ့ဩဖွယ် ကောင်းလေစွ။
၎င်းတို့၏ အာဏာသိမ်း မှုကြောင့် တတိုင်းပြည်လုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်လာရသည်ကို ကလေးပင် မကျန် သိနေပါလျက် နှင့် မျက်နှာပြောင်တိုက်ကာ သူ့ကြောင့်ဖြစ်ရသည်မဟုတ်၊ တွေးလို့ ရသမျှ အကုန်သိမ်းကျုံးကာ အပြစ်ပုံချ လူသိရှင်ကြား ပြောရဲဆိုရဲ သူများသည် ၎င်းတို့ အကျိုးရှိမည်ဆိုက ဘယ်အရာမဆို လုပ်ဖို့ အမှန်တကယ် ဝန်မလေးသူများပင် ဖြစ်သည်။
ခါချဉ်ကောင်များကလည်း တတ်သမျှ မှတ်သမျှ နှင့် ခေါင်းဆောင်ကြီး အကြိုက် တောင်ကြီးကို ဖြိုရန် ဖန်တီးပေးရပြန်သည်၊ ဥပမာ ဆိုရက ဧရာဝတီတိုင်း မြို့တမြို့တွင် သတ်မှတ်ထားသော ဈေးဖြင့် ရောင်းရမည်ဆိုကာ တပတ်လျှင် နှစ်ရက် “အခွန်လွတ်”ဈေး ဖွင့်၍ သားငါးများကို အတင်းရောင်းချခိုင်းသည်၊ ဈေးသည်များကလည်း သားငါးများကို အချိန် များ ချိန်တွယ်ပြီး လေးငါးဆယ်ထုတ် ခွဲကာ သူတို့ ပြောသည့် ဈေးဖြင့် လာရောင်းကြရသည်၊ နီးစပ်ရာ ကို လက်တို့ထား၍ အမြန်ကုန်သွားသည်၊ ထိုအခါ ၎င်းတို့ ဆိုင်များ သို့ ပြန်လာ၍ ပုံမှန်ဈေးဖြင့် ရောင်းကြရပြန်သည်။
အာဏာသိမ်း အဖွဲ့သည် ဖြစ်ပေါ်လာနေသော ပြဿနာများကို ကုစားနိုင်ရန် ၎င်းတို့ လက်ထဲတွင် တခုတည်းသာ ပိုင်ဆိုင်ထားသည့် ဖိနှိပ် အုပ်ချုပ်ရေး စက်ယန္တရားကြီး တဝီဝီ မောင်းနှင်လာခဲ့ပြန်သည်။ စက်တင်ဘာ ၁ ရက်နေ့မှစ၍ ဆန်ဈေးနှုန်း အားလည်း လက်လီဈေး တအိတ်လျှင် ၈၀,၀၀၀ မှ ၁၄၀,၀၀၀ ကျပ်အထိ အမျိုးအစားကို လိုက်၍ ရောင်းချရမည်ဟု ကုန်သည်ကြီးများ အသင်း ဥက္ကဌ မှ စစ်ဗိုလ်ချုပ်များ၏ အမိန့်ကို သံယောင်လိုက်၍ ရာဇသံ ပေးလာသည်။
ဆန်ရောင်းသူများလည်း လောလောဆယ် သူတို့ ကျေနပ်စေရန် ဆန် အကောင်း နှင့် အညံ့ကို ရော ရောင်းကြပေတော့မည်သာ ဖြစ်သည်။
ယခုအခါ မြန်မာ အထည်ချုပ် လုပ်ငန်း အသင်းကြီးမှ နိုင်ငံခြား ကုမ္ပဏီများအား တိုင်းပြည်မှ ထွက်ခွာ မသွားရန် ဆော်သြလာပြီး ထိုသို့ လုပ်ပါက ထောင်သောင်းချီသော အလုပ်သမားများ အလုပ်လက်မဲ့ ဘဝ ရောက်ရတော့မည် ဟု ဆိုလာသည်။ ထိုသို့ နိုင်ငံခြား ကုမ္ပဏီများသည် နိုင်ငံတကာ တွင် ဂုဏ်သိက္ခာဖြင့် ရပ်တည်နေကြရသူ များ ဖြစ်၍ အလုပ်သမားများကို လူမဆန်စွာ နိုင်ထက်စီးနင်း ဆက်ဆံ နေမှုများ ကြောင့် ထွက်ခွာနေကြခြင်းပင် ဖြစ်သည်၊ ထိုသို့ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်နေမှု ကို ထိုအသင်းကြီးမှ တလုံးတပါဒမျှ တားမြစ် အရေးယူခြင်းမျိုး မရှိ၊ ကန့်ကွက်ပြောဆိုသူများ အား ထောင်ထဲပို့ခဲ့သည်ကိုပင် လက်ပိုက်ကြည့်နေခဲ့ကြသည်။ ယခုအခါ ကျမှ မိကျောင်းမျက်ရည် ကျပြနေခြင်းမျိုးပင် ဖြစ်သည်။
စစ်ဗိုလ်ချုပ်များသည် ၎င်းတို့ အာဏာတည်မြဲရေး၊ စည်းစိမ်ချမ်းသာ ခံစားရေး ကွက်ကွက်လေးလောက်ကိုသာ မြှော်မြင် ကြည့်တတ်သူများ ဖြစ်ပြီး ရာဇပလ္လုင် လှုပ်လာတော့မည်ဟု အထင်ရောက်က သွေးရူးသွေးတမ်း ဖြင့် ထင်ရာမြင်ရာ လုပ်လာကြခြင်းသာ ဖြစ်သည်။
တော်လှန်ရေးကြီး မအောင်မြင်မချင်း ဒီမိုး ဒီလေ ဒီလူမျိုးများ နှင့် တိုင်းပြည်ကြီးသည် ရွက်မရှိ တက်မရှိသော လှေကဲ့သို့ မျောချင်ရာ မျောနေဦးမည်သာ ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
ဓါတ်ပုံ - ဧရာဝတီ သတင်း