သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(170)

by Hla Soewai - Aug 24 2023

၁၉၈၉ ခုနှစ် တော်လှန်ရေးများ

 

သမိုင်းတ၁၉၈၉ ခုနှစ် တော်လှန်ရေးများလျောက် ဖြစ်စဉ်များကို ငဲ့စောင်းကြည့်မည် ဆိုက ၁၉၈၉ ‌နွေရာသီ အတွင်း ဖြစ်ပျက်ခဲ့မှုများသည် ရှားရှားပါးပါး ပေါ်ပေါက်ခဲ့သည့် ဖြစ်စဉ် များ ဆိုသည်ကို သဘောပေါက် လက်ခံလာကြမည်သာ ဖြစ်သည်။

 

တော်လှန်ရေး များ ဖြစ်ပွားခဲ့သည့် အရှေ့ ဥရောပအား စစ်အေး တိုက်ပွဲကြီး တဖက်ခြမ်း သံကန့်လန်ကာ နောက်က နိုင်ငံများဟုသာ ကျွနုပ်တို့ ယေဘုယျ အားဖြင့် နားလည် ထားခဲ့ကြသည်။ ထို ကန့်လန့်ကာကြီး၏ အခြား တဖက်ခြမ်းတွင်တော့ ဒီမိုကရေစီ၊ လွတ်လပ်ခွင့် နှင့် အရင်းရှင် စီးပွားရေးများ ဖြစ်ထွန်းနေသည့် အခြမ်းဟူ၍ ဆိုလိုရင်းလည်း ဖြစ်သည်။

 

၁၉၈၉ တွင်တော့ ဟိုဖက်ခြမ်း နှင့် ဒီဖက်ခြမ်း သိသာစွာ ကွဲပြားနေမှု များ အပြီးအပိုင် ကွယ်ပျောက်သွားတော့မည့် လက္ခဏာများ တွေ့လာခဲ့ရသည်။

 

ထို့မတိုင်မီက အမေရိကန် သမ္မတ ရောနယ် ရီဂင်နှင့် ဆိုဗီယက် ၏ ခေါင်းဆောင်သစ် ဖြစ်လာသူ အသက် ၅၄ နှစ်ရှိ မီခေးလ် ဂေါဘာချော့ တို့အကြား ထိပ်သီး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြပြီးလည်း ဖြစ်သည်။ ဂေါဘာချော့သည် ကွန်မြူနစ် အရင့်အမာကြီး တဦး ဖြစ်ပြီး အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော ဆိုဗီယက် ခေါင်းဆောင်များ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကွယ်လွန်ခဲ့ကြပြီး နောက်တွင် ခေါင်းဆောင်နေရာသို့ တက်လှမ်းလာခဲ့သူလည်း ဖြစ်သည်။

 

သို့သော် ဂေါဘာချော့အား အတွင်းကျကျ လေ့လာ ကြည့်သူတိုင်း သူသည် အရင်လူများ နှင့် ကွဲပြားသော ခေါင်းဆောင်မှု စတိုင်ကို ကျင့်သုံးလိုသူ ဖြစ်သည် ဆိုသည်ကို ရိပ်စားမိလာကြမည် ဖြစ်သည်။ တကယ်တမ်းတွင် သူသည် ပြိုလဲလိုက်လာနေသော ကွန်မြူနစ်ဝါဒအား အသက်ပြန်သွင်းနိုင်ရန် ပြုပြင်ပြောင်းလဲရေးများ လုပ်ချင်နေသူ ဖြစ်သည်။

 

ဆိုဗီယက် စီးပွားရေး သည် လေးလံ ထိုင်းမှိုင်းလာနေသည့် အဖြစ်နှင့် အစိုးရ အဖွဲ့အတွင်း ကာလကြာမြင့်စွာ အမြစ်တွယ်လာနေသည့် အကျင့်ပျက် ခြစားနေသည်များကို လက်ခံနေ၍ မဖြစ်တော့ ဟု ခံယူလာခဲ့သည်။

 

သို့သော် နိုင်ငံ အတွင်း နှင့် ပြင်ပအတွက် ဂေါဘာချော့ ချမှတ်လာသော ပြုပြင်ပြောင်းလဲရေး အစီအမံများသည် တာထွက်ကတည်းက အလဲလဲ အပြိုပြို ဖြစ်ခဲ့သည်ဟု ပြော‌ကောင်း ပြောနိုင်ပေသည်။ မျှမျှတတ သုံးသပ်ရမည် ဆိုလျှင် ပေါ်ပေါက်လာသော အဖြစ်အပျက်များသည် သူ့ဖက်က မရှိဟု ဆိုရမည် ဖြစ်သည်။

 

၁၉၈၆ ဧပြီလ တွင် ယူကရိန်း ပြည်နယ် အတွင်းရှိ ချာနိုဘိုင်း နျူကလီယား ဓါတ်အားပေး စက်ရုံကြီး မှ ရေဒီယို သတ္တိကြွ အဆိပ်ဓါတ်ငွေ့များ ယိုစိမ့်ထွက်လာခဲ့မှုသည် သူ၏ ခေါင်းဆောင်မှု အပေါ် စမ်းသပ်လိုက်သလို ဖြစ်ခဲ့ရသည်။ ထိုသို့ ဖြစ်ခဲ့ရခြင်းသည် လျပ်စစ်ဓါတ်အား ရုတ်ခြည်း မြင့်တက်သွားခဲ့ရာမှ မီးစွဲလောင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန်တို့ ခံစားခဲ့ရသည့် ရေဒီယို သတ္တိကြွမှု ထက် အဆ နှစ်ရာခန့် မြင့်မားခဲ့သည်။

 

ထို ကဲ့သို့ သမိုင်းတွင် အဆိုးဝါးဆုံး ဖြစ်ခဲ့သည့် နျူကလီယား မတော်တဆ မှုကြီးကြောင့် စက်ရုံ အလုပ်သမား နှစ်ဦး ချက်ခြင်းလို လဲကျသေဆုံးသွားခဲ့ပြီး သုံးလ အတွင်း နောက်ထပ် ၂၈ ဦး ထပ်မံသေဆုံးခဲ့ရသည်။ ပုံစံထုတ် ဒီဇိုင်းပိုင်းတွင် အပြစ်အနာ အဆာများ ရှိခဲ့ခြင်း၊ ဟောင်းနွမ်းယို့ယွင်းနေသော စက်ပစ္စည်းများ၊ နှင့် ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးမှု အပိုင်းတွင် အားနည်း ခဲ့ခြင်းများ ကြောင့်ပင် ဖြစ်သည်။ ထိုမတော်တဆ မှုကြီးသည် ယို့ယွင်း ပျက်စီးလာနေပြီ ဖြစ်သည့် ဆိုဗီယက် စနစ်ကြီး တခုလုံး၏ ဝမ်းနည်းဖွယ်ရာ ပြယုဒ် အဖြစ် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

 

ထိုအချိန်တွင် အမေရိကန် သမ္မတ ရောနယ် ရီဂင်သည် လက်နက်ပြိုင်ပွဲ ကြီးကို အရှိန်အဟုန်နှင့် ပြန်စ လာခဲ့သည်။ လွန်စွာ မှ အကုန်အကျ များမည့် စတားဝါး (ကြယ်တာရာစစ်ပွဲ) ဟု သိထားကြသည့် မဟာဗျူဟာ မြောက် ကာကွယ်ရေး အစီအစဉ် Strategic Defence Initiative (SDI) ကို အကောင်အထည် ဖေါ်လာခဲ့သည်။

 

ထိုအချိန် တွင် ဆိုဗီယက် အဖို့ စီးပွားရေး အရ အမေရိကန် တို့အား မယှဉ်ပြိုင် နိုင်တော့သည့် အပြင် အာဖဂန် နစ္စတန် အား ကာလကြာမြင့်စွာ ကတည်းက ဝင်ရောက် သိမ်းပိုက်ခဲ့သည့် စစ်စရိတ်များလည်း ထောင်းလာနေပြီ ဖြစ်သည်။ ထိုသို့သော အခြေအနေများ ကြောင့် အမေရိကန် တို့ စတင်လာခဲ့သော လက်နက် ပြိုင်ပွဲကြီးအား အမှီလိုက် နိုင်ရန် ငွေကြေးအားဖြင့် မတတ်နိုင်တော့သည့် အခြေဆိုက်လာနေသည်။

 

အမေရိကန်တို့ အား ချော့မောထားနိုင်မှ ဖြစ်ပေတော့မည်။ ထိုသို့ ချောမော့နိုင်ဖို့ က အရှေ့ဥရောပတွင် နိုင်ငံရေး လွတ်လပ်ခွင့်များ ဖြေလျော့ ပေးခြင်းပင် ဖြစ်သည်၊ ထိုသို့ ဖြေလျော့ပေးခဲ့ခြင်းသည် နောက်ဆုံး ဆိုဗီယက် ယူနီယံ ပြိုကွဲသွားသည်အထိ ဖြစ်သွားခဲ့ရသည်။

 

ဆိုဗီယက် စီးပွားရေး အား ပြန်လည် အဖတ်ဆယ်နိုင်ရန် အတွက်လည်း ယခင်လို သံကန့်လန့်ကာကြီး နောက်ကွယ်က နိုင်ငံများအား စီးပွား‌ ရေး အရ ကျားကန် ပေးထား၍ မဖြစ်တော့ သဖြင့် တချက်ခုတ် နှစ်ချက် ပြတ် ဆိုသလို အမေရိကန်တို့လည်း ကျေနပ်‌ စေ၊ တဖက်တွင် ပြည်တွင်း စီးပွာရေးလည်း ဦးမော့လာစေ ဆိုကာ သံပြုတ်တူ ကြီးအား ဖြေလျော့ ပေးခဲ့ခြင်းမျိုးလည်း ဖြစ်‌ ပေသည်။

 

ထိုသို့ ပြေလျော့သွားခဲ့မှု နှင့် အတူ တော်လှန်ရေးများ ပေါ်ပေါက် လာခဲ့တော့သည်။

 

ဒုတိယ ကမ္ဘာစစ် အတွင်း အမေရိကန် နှင့် ဆိုဗီယက်တို့သည် ဝါဒသဘောတရား ရေးရာ ကွဲလွဲမှုများကို ဘေးချိတ်ကာ နှစ်နိုင်ငံ စလုံးအား ခြိမ်းခြောက်လာနေသည့် ဟစ်တလာ နှင့် နာဇီ ဂျာမဏီ၏ ရန်ကို အတူတကွ တွန်းလှန် ခဲ့ကြသည်။ သို့သော် ဟစ်တလာ အရေး နိမ့်သွားခဲ့မှု နှင့် အတူ စစ်ပွဲကြီး အဆုံးသတ် ခဲ့ပြီး နောက်တွင်မူ ပေါ်ထွန်းစ နိုင်ငံငယ်များ အပေါ် ဩဇာလွှမ်းနိုင်ရန် နှစ်နိုင်ငံ စလုံးက အပြိုင်အဆိုင် လုံးပမ်းလာခဲ့ကြရင်း မဟာမိတ် အဖြစ် မှ ရန်ဖက် နိုင်ငံများ အဖြစ် ရောက်သွားခဲ့ကြသည်။ ထိုသို့ ဖြစ်လာခဲ့မှု နှင့် အတူ စစ်အေး တိုက်ပွဲကြီး စတင်ခဲ့ပေတော့သည်။ စစ်အေး တိုက်ပွဲကြီး၏ ရှေ့တန်း စစ်မျက်နှာသည် ဥရောပ တိုက်ကြီး ဖြစ်လာခဲ့သည်။

 

ဆိုဗီယက် ယူနီယံသည် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း လူပေါင်း ၂၅ သန်းခန့် အသက်ဆုံးရှုံးခဲ့ရပြီး ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ထိခိုက်ပျက်စီး သွား ခဲ့သည်။ ထိုသို့ အဖက်ဖက်က အားနည်းနေမှု ကြောင့် အနောက်မှ ကျုးကျော်တိုက်ခိုက်လာမည့် အရေးကို စိုးရိမ်လာပြီး ၎င်းတို့ သိမ်းပိုက်နိုင်ခဲ့သည့် အရှေ့ ဥရောပ နိုင်ငံများအား ကြားခံ ဇုံအဖြစ် တည် ဆောက်နိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့အတွက် ၎င်းတို့နှင့် ဝါဒရေးရာ အရ တူညီသည့် ကွန်မြူနစ် ခေါင်းဆောင်များ အာဏာ ရရှိအောင် ကူညီပေးခဲ့ပြီး မိတ်ဆွေ နိုင်ငံများ အဖြစ် ရပ်တည်စေခဲ့သည်။

 

၁၉၄၈ ဖေဖေါ်ဝါရီလ တွင် ချက်ကိုစလိုဗက်ကီယား တွင် ကွန်မြူနစ်တို့၏ အာဏာသိမ်းပွဲကြီး အထမြောက်သွားခဲ့မှု နှင့် အတူ ဆိုဗီယက်တို့၏ ရည်မှန်းချက်များ ပြည့်ဝသွားခဲ့ရသည်။