အီရန်၏ အစ္စလမ် တော်လှန်ရေး (နိဂုံး)
ရှေးရိုးစွဲ မူလာကြီးများ နှင့် ခိုမေနီ၏ တော်လှန်ရေး ကောင်စီ သည် အကျင့်ပျက် ခြစားမှု များ နှင့် သတင်းစာ လွတ်လပ်ခွင့် ကို စတင်တိုက်ခိုက်လာကြသည်။ နိုင်ငံတွင်းရှိ အမှီအခို ကင်းစွာ ရပ်တည် ရေးသားနေကြသည့် သတင်းစာများအား ပိတ်ပစ်ခဲ့ပြီး အနောက်တိုင်း ရုပ်ရှင်၊ ဂီတ နှင့် အနုပညာများ တင်သွင်းခွင့်ကို ပိတ်ပင်ပစ်ခဲ့ကြသည်။ ခိုမေနီသည် ထိုလုပ်ရပ်များ အတွက် တိုင်းပြည် ကို တောင်းပန်ခဲ့ခြင်းမျိုး မရှိသည့်အပြင် အီရန် တော်လှန်ရေးသည် အစ္စလမ် အတွက်သာ ဖြစ်သည်ဟု ပြောဆိုလာခဲ့သည်။
၁၉၇၉ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့တွင် မူလာကြီးများ ကြီးစိုးနေသည့် ကျွမ်းကျင်သူများ ညီလာခံမှ ဖွဲ့စည်းပုံ အသစ် မူကြမ်းကို ပြဋ္ဌာန်းခဲ့ကြပြီး ဒီဇင်ဘာလတွင် လူထုက ထောက်ခဲမဲဖြင့် အတည်ပြုရန် စီစဉ် ခဲ့ကြသည်။ အဆင့် နှစ်ဆင့် သတ်မှတ်ထားသည့် တမူထူးခြားသော နိုင်ငံရေး စနစ်ကို ကျင့်သုံးလာကြသည်။ ရွေးကောက်ခံ လွှတ်တော် အမတ်များ နှင့် သမ္မတ ဦးစီးသည် သမ္မတ နိုင်ငံ အဆင့်၊ လွှတ်တော်ကို ကြီးကြပ်စစ်ဆေးပြီး မည်သို့သော ကိုယ်စားလှယ်များ ဝင်ရောက် အရွေးခံသင့်သည်ကိုပါ ဆုံးဖြတ်မည့် မူလာကြီး ဆယ်နှစ်ဦးပါ ဘာသာရေး ဖက်ဆိုင်ရာ မှ အုပ်ချုပ်မည့် အဆင့် ဟူ၍ ဖြစ်သည်။ ယင်း အုပ်ချုပ်ရေး ကောင်စီမှ အယာတိုလာ ခိုမေနီအား ကြီးမြတ်သော ခေါင်းဆောင်ကြီးအဖြစ် လျာထားလာခံ့သည်။
၁၉၇၉ အောက်တိုဘာ ၂၂ ရက်တွင် သမ္မတ ဂျင်မီ ကာတာ မှ မက္ကဆီကို တွင် ခိုလှုံနေသော ရှားဘုရင်အား သွေးကင်ဆာ ကို ကုသနိုင်ရန် ဆိုကာ အမေရိကန်သို့ ဝင်ခွင့်ပြုရန် သဘောတူခဲ့သည်။ လူငယ်တော်လှန်ရေးသမား များက ထိုကျေညာချက်ကြောင့် အလန့်တကြား ဖြစ်လာခဲ့ကြသည်။ ရှားအား အမေရိကန် တို့ လက်ခံလာခဲ့ခြင်းသည် ၎င်းအား ပြန်လည် တင်မြှောက်နိုင်ရန် ပထမ ခြေလှမ်း ကို လှမ်းလာခဲ့ခြင်းဟု ရှူ မြင်လာသောကြောင့် ဖြစ်ပေသည်။ ထိုသို့ အလန့်တကြား ဖြစ်လာမှူ အား ခိုမေနီက သွေးထိုး မြှောက်ပင့်ပေးခဲ့ပြီး အမေရိကန် အား မကောင်းဆိုးဝါး အပေါင်း၏ ခေါင်းကိုင် ဖခင် "မာရ်နတ် ကြီး" ဟု ခေါ်ဝေါ်လိုက်သည်။
လွန်ခဲ့သော ၁၅ နှစ်က ခိုမေနီ အား ပြည်နှင်ဒဏ် ပေးခဲ့သည့် နှစ်ပတ်လည်နေ့ ဖြစ်သော ၁၉၇၉ နိုဝင်ဘာ ၄ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသား ၈၀ ခန့်နှင့် အခြား ခိုမေနီ၏ နောက်လိုက်များသည် တီဟီရန် ရှိ အမေရိကန် သံရုံးကို သိမ်းပိုက်လိုက်ကြသည်။ ထိုလုပ်ရပ်အား ကန့်ကွက်သည့် အနေဖြင့် ကြားဖြတ် အစိုးရ ဝန်ကြှီးချုပ် အဖြစ် ခန့်အပ်ထားသော ဘာဇာဂန် နှင့် သဘောထား အလယ်အလတ် ရှိသော ခေါင်းဆောင်များ ရာထူးမှ နှုတ်ထွက်လိုက်ကြသည်။ ဤသို့ဖြင့် အစိုးရ အာဏာ အရပ်ရပ်သည် ခိုမေနီ နှင့် သူ၏ တော်လှန်ရေး ကောင်စီ လက်ထဲ အခိုင်အမာ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။
ခိုမေနီသည် အမေရိကန် သံရုံးအား သိမ်းပိုက်ခြင်းနှင့် သံရုံး ဝန်ထမ်း ၆၆ ဦးအား ဓါးစာခံ အဖြစ် ထိန်းသိမ်းထားခြင်းများကို ညွှန်ကြားခဲ့ခြင်းမျိုး မရှိသော်လည်း ဖြစ်လာသည့် အခါတွင်တော့ ထိုလုပ်ရပ်သည် မှန်ကန်ကြောင်း အတည်ပြု ပေးခဲ့သည်။ သမ္မတ ကာတာ သည် ဓါးစာခံများအား လွှတ်ပေးရန် တောင်းဆိုလိုက်ပြီး အီရန် ပိုင် ဒေါ်လာ ဘီလီယံ ပေါင်းများစွာအားလည်း ထိန်းချုပ်လိုက်သည်။
ကျောင်းသားများက လူမည်း ၁၃ ဦး နှင့် အမျိုးသမီး များကို လွတ်ပေးခဲ့ပြီး ရှားအား အီရန် သို့ ပြန်လည် လွှဲပြောင်းပေးရန် တောင်းဆိုလာကြသည်။ ရှားဘုရင် သည် ၁၉၈၀ ဇူလိုင်လ အတွင်း ကိုင်ရိုတွင် ကွယ်လွန် သွားခဲ့သော်လည်း ပြဿနာသည် ပြေလည်သွားခြင်း မရှိခဲ့ပေ။
ကျောင်းသားများသည် အမေရိကန် သံရုံး ဝန်ထမ်းများအား ရက်ပေါင်း ၄၄၄ ရက်ကြာ ထိန်းသိမ်းထားခဲ့ပြီး နောက် သမ္မတ ဂျင်မီကာတာ အိမ်ဖြူတော်မှ အပြီး အပိုင် ထွက်ခွာခဲ့သည့် ၁၉၈၁ ဇန်နဝါရီ ၂၀ ရက်နေ့ နာရီ အတိအကျ ကို ချိန်ကိုက်၍ ပြန်လွှတ်ပေးခဲ့ကြသည်။ ကာတာ နေရာတွင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရီပတ်ဘလီကင် သမ္မတလောင်း ရော်နယ် ရီဂင် ဆက်ခံခဲ့သည်။
အီရန်လူထု အကြားတွင် သံရုံးကို သိမ်းပိုက်ခဲ့မှူ အပေါ် အများစုက လိုလိုလားလား ကြိုဆိုခဲ့ကြသည်။ ဒီဇင်ဘာလ တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွက် လူထု ဆန္ဒခံယူ ရာတွင် သောင်ပြိုကမ်းပြို ထောက်ခံ ခဲ့ကြသည်။ လူမှုရေး နှင့် ဝါဒရေးရာများ အပေါ် သဘောကွဲလွဲမှုများ ရှိနေသော်ငြားလည်း ခိုမေနီ အပေါ် တိုင်းပြည်ကို တသွေးထဲ တသားထဲ ဖြစ်အောင် စည်းရုံးနိုင်ခဲ့သည့် ခေါင်းဆောင်ကြီး အဖြစ် အသိအမှတ်ပြု ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။
ခိုမေနီသည် အာဏာကို မည်သည့်နည်းနှင့်မျှ စွန့်လွှတ်မည် မဟုတ်သည်ကလည်း ထင်ရှားလာခဲ့သည်။ အီရန် တော်လှန်ရေး ကြီးသည် ရှေးရိုးစွဲ အမြင် ရှိသည့် ဘာသာရေး ခေါင်းဆောင်ပိုင်းကို မွေးထုတ်ပေးခဲ့ပြီ ဖြစ်သည်။ တိုင်းမ် မဂ္ဂဇင်းကြီးမှ ခိုမေနီအား နှစ်တနှစ်၏ ထူးခြားသော ပုဂ္ဂိုလ် အဖြစ် ရွေးချယ်ခဲ့ပြီး "လွန်စွာမှ ဖြစ်တောင့် ဖြစ်ခဲ ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်ခဲ့သော ခေါင်းဆောင်တဦး" ဟု ဖေါ်ပြခဲ့သည်။ ခိုမေနီသည် ကွယ်လွန်သွားခဲ့သည့် ၁၉၈၉ ခုနှစ်အထိ အီရန်၏ မဟာ ခေါင်းဆောင်ကြီးအဖြစ် ရပ်တည်သွားခဲ့သည်။
အီရန် တော်လှန်ရေးသည် သမိုင်း၏ ဖြစ်ပေါ်တိုးတက်မှု အပေါ် အနေုာက်နိုင်ငံများတွင် လွှမ်းမိုးနေသော အယူအဆကို စိန်ခေါ်နိုင်လိုက်ခြင်းလည်း ဖြစ်သည်။ လစ်ဘရယ် အတွေးအခေါ်များ၊ လူတဦးချင်းစီ၏ အခွင့်အရေးများနှင့် လောကီရေးတွင် ဘာသာရေး ရောထွေးခြင်း မရှိစေရ ဆိုသည်ကို အခြေပြုထားသော ပုံစံကို နောက်ထပ် တနည်း ရှိသေးသည် ဆိုသည်ကို ချပြလိုက်ခြင်းပင် ဖြစ်သည်။
အယာတိုလာ ခိုမေနီသည် အီရန်၏ အစဉ်အလာ ယဉ်ကျေးမှု ထုံးတမ်းများကို ငြင်းပယ်ခဲ့ခြင်း မရှိသည့်အပြင် လိုလိုလားလား လက်ခံခဲ့သည်။ ထိုမှတဆင့် ဘာသာရေး သွင်ပြင်လက္ခဏာများကို နှိုက်ထုတ်ပြီး အစိုးရ အား ညီညီညွတ်ညွတ် နှင့် သစ္စာခံလာအောင် ပြုလုပ်နိုင်ခဲ့သည်။
ဤသို့ဖြင့် အီရန် တော်လှန်ရေးသည် အနာဂတ်အား လမ်းကြောင်းသစ် ဖြင့် ပုံဖေါ်နိုင်ရန် အတိတ်က ရှိခဲ့သော ဝိသေသ လက္ခဏာများ နှင့် ရောမွှေလာခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် အီရန် နှင့် ပြည်သူများသည် ၁၉၇၉ မတိုင်မီကထက် စာလျှင် ယခုအခါ ပို၍ စည်ပင် ဖူလုံ လာမလာ ဆိုသည်ကတော့ အခြေအတင် ဆွေးနွေး ပြောဆိုကြရမည့် အကြောင်းအရာ တခုလည်း ဖြစ်ပေသည်။ တော်လှန်ရေး၏ လှိုင်းဂယက်ကြီးများကတော့ အီရန် နိုင်ငံတွင်း သာမက အရှေ့အလယ်ပိုင်း တခွင် နှင့် ကမ္ဘာတဝှမ်းသို့ပါ ပြင်းထန်စွာ ရိုက်ခတ် ခံနေရဆဲပင် ဖြစ်သည်။
၁၉၈၉ ခုနှစ် တော်လှန်ရေးများ ကို ဆက်လက် တင်ပြပါမည်။