အာဏာသိမ်း အဖွဲ့က ၂၀၂၆ အာဆီယံ ဥက္ကဌ ရာထူး စွန့်လွှတ်မည်ဟု ဆို

by Hla Soewai - Aug 24 2023

နိုင်ငံ၏ အပျံသင်စ ဒီမိုကရေစီ စနစ်အား နင်းခြေ ဖျက်ဆီး ပစ်ခဲ့သည့် အာဏာသိမ်း စစ်ဗိုလ်ချုပ်များသည် ယခုအခါ ၎င်းတို့ ဆက်လက်ရပ်တည် နိုင်ရေး အား အကြီးအကျယ် ခြိမ်းခြောက်လာနေသည့် အန္တရာယ်ကြီး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

 

ပြည်သူ့တော်လှန်ရေး အင်အားစု များ နှင့် တိုင်းရင်းသား လက်နက်ကိုင် များ က တနေ့တခြား အောင်ပွဲများ ရရှိလာသည် နှင့် အတူ ဆိုးရွားကျပ်တည်းလှသော စစ်ဖိနပ်အောက်မှ တမျိုးသားလုံး ကို ရွေးနုတ်ကယ်တင်နိုင်ရန် နေပြည်တော်ကို ချည်းကပ်နိုင်ဖို့ပင် ဟန်ရေးပြင်လာကြပြီ ဖြစ်သည်။

 

ချင်း၊ ကရင် နှင့် ကယားနီ ဒေသများ တွင် စစ်တပ်၏ စစ်စခန်းများ တခုပြီး တခု သိမ်းပိုက်ရရှိနေပြီး စစ်ကောင်စီ အကြမ်းဖက် တပ်များက ထိုသို့ စခန်းကျတိုင်း အနီးအနားရှိ လူနေဒေသများ ပါမကျန် ဗုံးကြဲတိုက်ခိုက် ခြင်း ဖြင့်သာ လက်တုံ့ပြန်နိုင်တော့သည်။

 

ထိုအရေးအား ဝန်ခံသည့် အနေဖြင့် ၂၀၂၆ တွင် အာဆီယံ ဥက္ကဌ ရာထူး တာဝန်ကို ယူနိုင်ခြင်း မရှိဟု ငြင်းဆန်လိုက်ကြောင်း ထိုင်း PBS သတင်းဌာန က ဖေါ်ပြလာသည်။ တကယ်တမ်း တွင် တိုင်းပြည်အာဏာကို လက်နက်အားကိုး ဖြင့် သိမ်းယူထားသော လူတစု မှ ထိုသို့ ပြောပိုင်ခွင့် မရှိသော်လည်း ၎င်းတို့ အား ဥက္ကဌ ရာထူး ပေးရန် အကြီးအကျယ် အငြင်းပွားလာမည် ကို အရှက်ပြေ ကြိုကန်လိုက်ခြင်းသာ ဖြစ်သည်။ မင်းအောင်လှိုင် အဖို့လည်း အာဆီယံ ခေါင်းဆောင်များအား သမ္မတ အဖြစ် ခေါင်းပေါင်းစ တလူလူ နှင့် ဧည့်ခံ ကြိုဆိုရမည့် အခွင့်အရေးအားလည်း မတတ်သာ၍ လက်လွှတ်လိုက်ရခြင်းပင် ဖြစ်ပေတော့သည်။

 

တိုင်းပြည်၏ စီးပွားရေးသည် လုံးဝ ပြိုလဲ လုမတတ် အခြေ ဆိုက်လာနေသည်။ ကျပ် နှစ်သောင်းတန် ရိုက်ထုတ်ခြင်း၊ နိုင်ငံပိုင် ဘဏ်ကြီးနှစ်ခုအား အမေရိကန်မှ အရေးယူ ပိတ်ဆို့လိုက်ခြင်း၊ စင်္ကာပူ ရှိ UOB ဘဏ်တိုက်ကြီးမှ မြန်မာ ဘဏ်များ နှင့် ဆက်ဆံရေး ရပ်ဆိုင်းလိုက်ခြင်း များ ကြောင့် ကျပ်ငွေတန်ဖိုးသည် ဆက်တိုက်ဆိုသလို ကျဆင်းနေပြီး မည်သူမျှ လက်ဝယ် ကိုင်မထား ခြင်တော့အောင် ဖြစ်နေ၍ ဒေါ်လာဈေး၊ ရွှေဈေး၊ အိမ်ခြံမြေဈေးများ အဆမတန် ခုန်တက်လိုက်လာနေပြီ ဖြစ်သည်။

 

တဒေါ်လာလျှင် စစ်ကောင်စီ သတ်မှတ်ဈေးမှာ ၂,၁၀၀ ကျပ်ဖြင့် ကျောက်သား ကျောက်ဆိုင်လို ခိုင်မာနေသော်လည်း ပြင်ပတွင်တော့ ၃,၆၀၀ အထိ ဖြစ်လာပြီး ‌ရွှေတကျပ်သားလျှင် ၃၇ သိန်း ကျော်လာပြီ ဖြစ်သည်။ စစ်ကောင်စီသည် ယခင်ကလို ဒေါ်လာများကို ထုတ်ရောင်းပေးသည် ဆိုသော အသံလည်း ကွယ်ပျောက်နေပြီ ဖြစ်သည်။

 

မြေပြင် အနေအထား နှင့် မည်သို့မျှ မကိုက်ညီသော ၎င်းတို့ သတ်မှတ်ဈေး ဖြင့် မရောင်းချ၍ ဆိုကာ စံနမူနာ ပြ အနေဖြင့် ကုမ္ပဏီ ၁၃ ခုကို နိုင်ငံခြားငွေ ဝယ်ရောင်း လိုင်စင်ကို ရုပ်သိမ်း လိုက်ခြင်း ဖြင့် ခြိမ်းခြောက်လာခဲ့သည်။

 

မင်းအောင်လှိုင်သည် ပကတိ အခြေအနေသစ်များကို နားလည်နိုင်စွမ်း ရှိသူ မဟုတ်ပဲ သူလုပ်ချင်တာ တခုသာ သိသော ဆင်ခြင်ဉာဏ်မဲ့သူ တဦး ဖြစ်နေ၍ ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ကုန်ဈေးနှုန်းများ အဆမတန် တက်လာမည့် အရေးကို သိလာသည့် အချိန်တွင်တော့ ကုန်ဈေးနှုန်း ကျဆင်းရေး ကော်မတီ၊ အိမ်ခြံမြေ မော်တော်ယာဉ် ဈေးကွက် ထိန်းချုပ်ရေး ဆိုကာ ဟန်ပြဖွဲ့လာသည်၊ ၎င်းတို့ သတ်မှတ်ထားသော ဈေး ဖြင့် ရောင်းဝယ်ရန် စည်းကမ်း သတ်မှတ်မည်ဟု ဆိုသည်။ အရပ်ထဲတွင် ဈေးတင် မရောင်းရန် လော်စပီကာဖြင့် လိုက်လံအော်ဟစ်နေကြသူများ ၏ အကြံအစည်သည် မည်သို့မျှလည်း ထိရောက်မှု ရှိမည် မဟုတ်၊ ထိုလုပ်ရပ်သည် မင်းကုသ လို လူမျိုးက အရပ်ထဲရှိ အပျိုများအား မိမိကို ချစ်ကြိုက်ပါရန် လိုက်လံ တောင်းဆိုနေသည်နှင့် မည်သို့များ ခြားနားပေဦးမည်နည်း။ ၎င်းတို့ တခုခု လုပ်ပေးနေသည့်သဘော ဖြင့် ချွေးသိပ်နိုင်ရန် သက်သက်သာ ဖြစ်သည်။

 

အာဏာသိမ်းစက “ဈေးကွက်စီးပွားရေး စနစ် တည်ငြိမ်အောင် ဖေါ်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ် ၍ တိုင်းရင်းသား ပြည်သူများ၏ စီးပွား တိုးတက်အောင် ဖေါ်ဆောင်ရေး” ဆိုသည့် ကြွေးကြော်သံသည်လည်း တိတ်ဆိတ်သွားခဲ့ရပြီ ဖြစ်သည်။

 

ထိုအခြေအနေများ အား ပထမဆုံး အလံဖြူ ပြကာ ဒေဝါလီ ခံသွားသူကတော့ ကရိုနီ သိန်းဝင်းဇော် ပိုင် ‌ရွှေဗျိုင်းဖြူ ရေနံ နှင့် ဓါတ်ငွေ့ ကုမ္ပဏီကြီးပင် ဖြစ်သည်။ ၎င်းသည် မကြာသေးမီးက မှ မင်းအောင်လှိုင်၏ ဗုဒ္ဓရုပ်ပွားတော်ကြီး တည်‌ဆောက်ရေး အတွက် မြန်မာ ကျပ်ငွေ သန်း ၅၆၀ လှုဒါန်း ခဲ့သူလည်း ဖြစ်သည်။

 

ယခင် တိုင်းပြည်၏ အထင်ကရ နေရာများ တွင် မားမားမတ်မတ် ရှိခဲ့သော ဂျပန် စီးပွားရေး လုပ်ငန်းများ သည်လည်း ရုပ်သိမ်းခြင်း သို့မဟုတ် ထပ်မံရင်းနှီးမြုပ်နှံရန် ရပ်ဆိုင်းခြင်း များ ရှိလာနေသည်။ တရုတ် စီးပွားရေး လုပ်ငန်း များပင် ယူကရိန်း စစ်ပွဲပြီးလျှင် ဒုတိယ မြောက် အသေအပျောက် အများဆုံး ဖြစ်နေသည့် နိုင်ငံတွင်း ပြည်တွင်းစစ်၏ အရှိန်အဟုန် မြင့်လာနေသည်ကို စိုးရိမ်ပူပန်လာနေကြသည်ဟု အမေရိကန်ရှိ နိုင်ငံခြား ဆက်ဆံရေး ကောင်စီ ဆောင်းပါးတွင် ဖေါ်ပြထားသည်။

 

လက်ရှိ အနေအထား၊ ၎င်းတို့၏ အတွေး အခေါ်များ နှင့် နာတာရှည် ရောဂါသည်ကြီး ပမာ ဖြစ်လာနေသော တိုင်းပြည် စီးပွားရေး ကို မည်သည့်နည်းနှင့်မျှ အဖတ်ဆယ်၍ ရတော့မည် မဟုတ်ပဲ နတ်ရူး မှော်ရူး များ အားကိုးပြီး ယတြာချေ၊ ကျပ်ပူထိုး၊ ပရုပ်ဆီ သုတ်လိမ်းပြီး ပေကပ်နေကြခြင်းသာ ဖြစ်သည်။

 

ယခုလည်း အကျအဆုံးများလာပြီး စစ်အင်အား ပြန်လည် ဖြည့်တင်းနိုင်ခြင်း မရှိတော့၍ ရှမ်းပြည်တောင်ပိုင်းတွင် ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများအား လက်နက် တပ်ဆင်ပေးပြီး ပြည်သူ့စစ်များ ဖွဲ့စည်းလာပြီ ဖြစ်သည်၊ ထိုအရေးသည် တဖြေးဖြေး နှင့် နိုင်ငံတဝှန်း ချဲ့ထွင်လာဖို့ ရှိနေ၍ ဝန်ထမ်းများ အဖို့ တပူပေါ် နှစ်ပူ ဆင့်လာရတော့မည်လည်း ဖြစ်သည်။

 

စစ်ကောင်စီမှ ဇူလိုင် ၂၁ ရက်နေ့တွင် လက်လွှတ်ဆုံးရှုံးသွားခဲ့ရသည့် ထိုင်း-မြန်မာ နယ်စပ်အနီး လက်ခတ်တောင် စခန်းကုန်း ကို တပ်မ ၄၄ မှ ဦးစီးကာ နေ့စဉ်လို ဒလကြမ်း ထိုးစစ်ဆင်နေသော်လည်း တောင်ခြေနားအထိပင် မကပ်နိုင်ပဲ အကျအဆုံးများစွာ နှင့် ရင်ဆိုင်နေရပြီး လက်နက်ချသူ ချ နှင့် ဖြစ်နေသည်ဟု သတင်းများက ဆိုသည်။

 

နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး တို့တွင် အဖက်ဖက်က အထိနာလာနေပြီ ဖြစ်သော စစ်ကောင်စီသည် ကျားနာ တကောင်ကဲ့သို့ ဖြစ်လာနေပြီး တတိုင်းပြည်လုံးကို တိုး၍ ဖိနှိပ်လာနေပြီ ဖြစ်သည်၊ တိုင်းပြည်ပျက်မတတ် ဖြစ်လာနေသော အဆိုပါ အန္တရာယ်ဆိုးကြီးကို ပြည်သူ့တော်လှန်ရေး အင်အားစုများ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များက ညီညွတ်စွာ ခုခံတွန်းလှန် ဖယ်ရှားသွားရန် စိတ်ပိုင်းဖြတ်ထားကြပြီးလည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!