စစ်မရောက်ခင် လူကုန်

by Hla Soewai - Aug 24 2023

စစ်တပ်သည် တယ်လီဂရန် ချန်နယ်များ ပေါ်တွင်သာ အောင်ပွဲ အလီလီ ရနေသည်ဟု တဖက်သတ် ပြောနေကြသော်လည်း ဩဂုတ်လ ပထမ နှစ်ပတ် အတွင်း “ပြည်သူ့ရင်ခွင်” အစီအစဉ်မှ တဆင့် ဘက်ပြောင်း လာသူ စစ်ဖက်မှ အရာရှိ နှင့် စစ်သည် အယောက် ၅၀ နှင့် မိသားစုများ ရှိလာခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ဦးမောင်မောင်ဆွေ ၏ အပြောအား ကိုးကား၍ RFA တွင် ဖေါ်ပြလာခဲ့သည်။

 

ထိုအထဲတွင် ဗိုလ်မှုး အဆင့် ရှိသူ နှစ်ဦး၊ ဗိုလ်ကြီး အဆင့် ရှိသူ သုံးဦး ပါဝင်သည်ဟု သိရသည်။ အဓိကအား ဖြင့် ချင်း နှင့် ကယားပြည်နယ်များ မှ ဖြစ်သည်။ ယမန်နေ့က လက်ခတ်တောင် စခန်းကုန်း တိုက်ပွဲတွင် တပ်ကြပ်ကြီး အဆင့် ရှိသူ တဦး နှင့် တပ်သား တဦး တို့ လက်နက်များ နှင့် အတူ ပူးပေါင်းလာ၍ ထိုင်း ဘတ်ငွေ ၅၀,၀၀၀ ချီးမြှင့်သည်ဟုလည်း သတင်းရရှိသည်။

 

ထိုသို့ ပူးပေါင်းလာခြင်း မရှိပဲ ၎င်းတို့ဖာသာ လုံခြုံရာတွင် ခိုအောင်း နေကြသည့် စစ်ဖက်မှ မိသားစု အများအပြား ရှိနေသည်ဟုလည်း သိရသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် အမျိုးသား မှတ်ပုံတင် ကပ်ပြားများကို ကွန်ပြူတာ များ နှင့် ဆက်နွယ်ထားသည့် စမတ်ကပ် အဆင့်သို့ တိုးမြှင့်တော့မည့် အစီအစဉ် ကြောင့် အလျှင်အမြန် ထွက်ခွာနေကြခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုသည်၊ ထိုကပ်ပြားများ အသုံးပြုလာပါက စစ်ဆေးရေး ဂိတ်များ ကို ဖြတ်ကျော်နိုင်ရန် မလွယ်ကူလှပေ။

 

ယခုအခါ နေပြည်တော် နှင့် ပျဉ်းမနား တဝိုက် တွင် သေနတ်သံ၊ ဗုံးသံများ ကြားလာရပြီ ဖြစ်သည်၊ သမ္မတ အိမ်တော် နှင့် မိုင် လေးဆယ်သာ ဝေးကွာသည့် ဘိုမသံတောင် စစ်စခန်းအား တော်လှန်ရေး အင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်အုပ်စု မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာသည့် အတွက် နေပြည်တော် တဝိုက်တွင် ပထမဆုံးအကြိမ် လေတပ်ကို အသုံးပြုလာခဲ့ရပြီ ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

စီဒီအမ် သို့ ပါဝင်လာသော စစ်အရာရှိများ အဆိုအရ တပ်တွင်း တွင် စိတ်ဓါတ်များ ကျဆင်းလာနေပြီး ကင်းစောင့် တာဝန်ကိုပင် တဦးတည်း ထားဖို့ပင် မယုံမကြည် ဖြစ်လာနေသည်ဟု ဆိုသည်။ ကင်းစောင့် ရန် စစ်သား နှစ်ဦး အား ရိုင်ဖယ်တလက် ဖြင့် တာဝန်ချထားလာသည်ဟု သိရသည်။ 

 

ထိုသို့ ဘက်ပြောင်းလာရခြင်းမှာလည်း စစ်ကောင်စီ အာဏာ မြဲနေသရွေ့ နိုင်ဖို့လည်း လမ်းမမြင်၊ အမြဲလို ရှေ့တန်းထွက်နေကြရတော့မည် ဖြစ်ပြီး တချိန် မဟုတ် တချိန် အသက်နှင့် ကိုယ် အိုးစားကွဲရတော့မည် ကို သိလာကြသော ကြောင့်သာ ဖြစ်ပေမည်။  

 

၎င်းတို့၏ စစ်ယန္တရား ကြီးကို အားဖြည့် နိုင်ဖို့ အတွက် နိုင်ငံခြား အရံငွေ များ ကုန်ခမ်းလိုက်လာနေပြီ ဖြစ်သည်။ ကျပ်ငွေ အပေါ်လည်း လူထု၏ ယုံကြည်မှု ကုန်ခမ်းလာနေပြီး ငွေလွှဲနှုန်းသည် အချိန်နှင့် အမျှ ပြောင်းလဲလာနေ၍ ရောင်းသူ ဝယ်သူ ပါးစပ်ဖျား တွင်သာ ရှိလာတော့သည်။

 

အမေရိကန် မှလည်း စစ်ကောင်စီ အားထားရာ ဘဏ်တိုက်ကြီး နှစ်ခု နှင့် ဆက်ဆံ ဆောင်ရွက်သူ မည်သူကို မဆို အရေးယူသွားမည်ဟု သတိပေးထားပြီး ဖြစ်သည်။ ၎င်းတို့၏ ပိတ်ဆို့ ဒဏ်ခတ်ထားမှု အား မည်သို့မည်ပုံ ဉာဏ်နီဉာဏ်နက် ထုတ်၍ ကျော်လွှားနိုင်ရန် ကြံဆောင် လာကြမည် ဆိုသည်ကို အနီးကပ် စောင့်ကြည့်နေကြမည် သာ ဖြစ်သည်။

 

ပြည်တွင်းရှိ ဘဏ်များ အဖို့ ထိခိုက်မှု သိတ်မရှိလှပဲ စစ်တပ် ပိုင် လုပ်ငန်းများ၏ ငွေစာရင်းကို ပြည်တွင်း ဘဏ်များတွင် ပြောင်းရွှေ့ဖွင့်လှစ်လာဖို့ ရှိပြီး ထိုမှတဆင့် တရုတ်ဘဏ်များ မှ တဆင့် ငွေလွှဲငွေသွင်း လုပ်လာဖွယ် ရှိနေသည်ဟု အမေရိကန်တွင် နေထိုင်သော မြန်မာ စီးပွားရေး ပညာရှင်တဦး မှ ဧရာဝတီ နှင့် တွေ့ဆုံ မေးမြန်းရာတွင် ပြောဆိုခဲ့သည်။

 

ယင်းသည် ဗိုလ်သန်းရွှေ လက်ထက်က လုပ်နည်းလုပ်ဟန် အတိုင်းပင် ဖြစ်သည်ဟု ဆိုသည်။

 

နိုင်ငံခြားငွေ စီးဆင်းမှု ပိတ်ဆို့ခံထားရခြင်းကြောင့် အာဏာသိမ်း အဖွဲ့၏ စစ်ယန္တရားကြီး လည်ပတ်ရန် ထိခိုက်သွားရပြီ ဖြစ်သည်၊ ၎င်းတို့သည် နိုင်ငံခြားငွေများကို သုံး၍ လမ်းတံတားများ၊ ဆေးရုံ စာသင်ကျောင်းများ ဆောက်လုပ်ရေး အတွက် သုံးဖို့ ရည်ရွယ်ထားသူများလည်း မဟုတ်ပေ။ ဂျက်လေယာဉ်ဆီများ ဝယ်ယူရန် အတွက် အဓိက သုံးနေ၍ လေကြောင်း မှ တိုက်ခိုက်မှုများ လျော့ကျသွားဖို့သာ ရှိသည်။ MOGE အတွက် ရပေါက် ရလမ်း ရှိနေသည်များလည်း ပိတ်ဆို့ခံနေရသည်။

 

ကျပ်ငွေ နှစ်သောင်းတန် ဖြန့်ချီလာခြင်းသည် ဗုဒ္ဓရုပ်ပွားတော် ဖွင့်လှစ်ခြင်း နှင့် ဆင်ဖြူ မွေးနေ့ အထိမ်းအမှတ် အတွက် မဟုတ်ပဲ ၎င်းတို့ ရင်ဆိုင်နေရသော ဘဏ္ဍာရေး အကျပ်အတည်း ကြီး ကြောင့်သာ ဖြစ်သည်ဟု ဧရာဝတီ အား ၎င်း၏ ထင်မြင်ချက်ကို ပြောသွားခဲ့သည်။

 

ယခုအခါ ဘုရား ဒါယကာ ကြီးသည် အဆမတန် စိုက်ထုတ် သုံးစွဲ ဆောက်လုပ်ခဲ့သည့် ဗုဒ္ဓ ရုပ်ပွားတော်ကြီး အတွက် လူထု၏ ချွေးနဲစာများထဲမှ နှိုက်ထုတ်နိုင်ရန် မတန်တဆ ဝင်ကြေးများ ကောက်ခံလာ၍ ၎င်းအား ထောက်ခံသူများပင် အပြင်းအထန် ကန့်ကွက် ပြောဆိုလာကြပြီ ဖြစ်သည်။ ထိုသူများသည် မျက်စိစုံမှိတ်ကာ ပြောဆို ထောက်ခံပေး‌နေရပြီး တဖြေးဖြေး နှင့် ဉီးနှောက် မရှိသူများ ဘဝ ရောက်မှန်းမသိ ရောက်နေကြရသည့် အဖြစ်ကို စိတ်ကုန်လာကြဟန် ရှိသည်။

 

စစ် ခေါင်းဆောင်များသည် ၎င်းတို့ စိတ်ဝယ် လူထု၏ စိတ်နှလုံးအား ဆွဲဆောင်နိုင်ရန် မစဉ်းစားနိုင်တော့ပဲ ၎င်းတို့အား ခြိမ်းခြောက်လာနေသည့် အန္တရာယ်ကြီးကို အရက်စက်ဆုံး နည်းလမ်းများဖြင့် နှိမ်နှင်းနိုင်ရေး ကိုသာ စိတ်စွဲနေကြသည့် sadism ခေါ် စိတ္တဇ ရောဂါမျိုး ရလာနေပြီဟု စစ်ရေးလေ့လာသူ ဒေးဗစ် စကော့ မာသီဆန် မှ သူ၏ ဆောင်းပါးတွင် ရေးသားထားခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

ဓါတ်ပုံ - ဧရာဝတီ