ရွှေကျောင်း ပြောင်ပြောင် ဝမ်းခေါင်ခေါင်

by Hla Soewai - Aug 24 2023

စစ်အာဏာသိမ်းပြီး နောက်ပိုင်း တဖြေးဖြေး ဆိုးဝါးလာနေသော စီးပွားရေး နှင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆို့မှုများ၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုများ မရှိသလောက် ဖြစ်လာနေခြင်း၊ ပြည်ပကုမ္ပဏီများ တတိတိ နှင့် ထွက်ခွာနေခြင်းများ နှင့်လူထု၏ သပိတ်မှောက် မှုများ ကြောင့် စစ်ကောင်စီ၏ ဘဏ္ဍာတိုက်ထဲတွင် ငွေများ တတိတိ နှင့် ကုန်ခမ်းလိုက်လာနေပြီ ဖြစ်သည်။

 

ထိုအရေးအား အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်နှိုက်ပင် ပြီးခဲ့သည့် အပတ် အစည်း အဝေးတွင် ဝန်ခံ ပြောဆိုလာရသည့်အထိ ဖြစ်လာခဲ့သည်၊ ထိုသို့ မပြောကလည်း သူ့အား သွက်သွက်ခါအောင် ရူးသွပ် သွားရှာပြီဟု အထင်ရောက်မည် စိုးသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။

 

၎င်းမှ အနောက်နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများကြောင့် နိုင်ငံခြားငွေများ ရရှိဖို့ အခက်အခဲများ ရှိလာနေသည့် အတွက် ပို့ကုန် အတွက် ငွေပြန်ဖေါ်ရန်၊ သွင်းကုန် အတွက် ငွေပေးချေရန် အခက်အခဲများ နှင့် ရင်ဆိုင်‌နေရပြီ ဖြစ်သည်ဟု ဆိုသည်။

 

အမေရိကန်မှ ၎င်းတို့ အဓိက မှီခိုအားထားရာ ဘဏ်ကြီး နှစ်ခုအား ပိတ်ဆို့ ဒဏ်ခတ်လိုက်ပြီး ရက်အနည်းငယ် အကြာတွင် ယခုလို ထုတ်ဖေါ်ပြောဆိုလာခဲ့ခြင်း ဖြစ်သည်။

 

ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ တင်ပို့ ရောင်းချ၍ ရသည့် ဒေါ်လာ သန်း ၅၀၀ ကျော်အားလည်း ပြည်ပ ဘဏ် အကောင့်များမှ ထုတ်ယူ၍ မရ ပိတ်မိနေပြန်သည်။

 

ဘင်္ဂလားဒေ့ရှ် နှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး တွင် ကြားခံ အဖြစ် ဆောင်ရွက်ပေးနေသော အစိုးရပိုင် ဆိုနာလီ ဘဏ်ကြီးကလည်း ထိုဘဏ်ကြီး နှစ်ခု မှ အပ်နှံထားသည့် ဒေါ်လာ ၁.၁ သန်း ရှိ အကောင့်ကိုလည်း ထုတ်ယူခွင့် ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ ဒက္ကားရှိ အမေရိကန် သံရုံးမှ ပေးပို့သည့်စာကို လက်ခံရရှိပြီးနောက် ထိုသို့ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ အမေရိကန်သည် ဘင်္ဂလားဒေ့ရှ်၏ ပို့ကုန် အများဆုံး တင်ပို့ရာ ဈေးကွက်ကြီးလည်း ဖြစ်နေသည်။

 

နိုင်ငံတကာ မှ တဖြေးဖြေး နှင့် လည်မြိုညှစ်ခြင်း ခံလာနေရပြီ ဖြစ်သည်။

 

ယခုအခါ ထိုသို့ ကျပ်တည်းလာနေသော အနေအထား မှ ရုန်းထွက်နိုင်ရန် ကရိုနီ များ နှင့် ဘဏ်များအား မှ ငွေတိုက်စာချုပ် ထုတ်ရောင်းခြင်းဖြင့် ရှာဖွေစုဆောင်းလာရပြီ ဖြစ်သည်။

 

ထိုကဲ့သို့ အစိုးရမှ ငွေတိုက် စာချုပ်များ ထုတ်ရောင်းခြင်းသည် နိုင်ငံတကာ တွင် လုပ်နေကျ လုပ်ရပ်မျိုးသာ ဖြစ်သော်လည်း ကုလသမဂ္ဂကပင် အသိအမှတ် မပြု၊ နေ့လား ညလား ဖြစ်နေသည့် စစ်ကောင်စီ မှ ယခုလို ထုတ်ရောင်းလာခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

 

ပုဂ္ဂလိက ဘဏ်များသည် ပြည်သူများ၏ အပ်နှံငွေ များဖြင့် အာဏာသိမ်း အဖွဲ့၏ စစ်ယန္တရားကြီး လည်ပတ်နိုင်အောင် ဝယ်ယူခြင်း ဖြင့် ကူညီပေးနေကြသည်။ ထိုဘဏ်တိုက်ကြီးများကို ပိုင်ဆိုင်ကြသည့် ကရိုနီ အများစုသည်လည်း တိုင်းပြည်၏ သဘာဝ သယံဇာတများကို ခေါင်းပုံဖြတ် ထုတ်နှုတ် ရောင်းချခြင်း ဖြင့် အဆမတန် ကြွယ်ဝချမ်းသာလာကြသူများလည်း ဖြစ်သည်။ ၎င်းတို့ အဖို့က စစ်ကောင်စီ နှင့် တလှေထဲ နှင့် တခရီးထဲ သွားကြသူများ ဖြစ်၍ မထောင်းသာလှသော်လည်း လူထု အဖို့ ထိခိုက်နစ်နာလာရသည်ဟု ယခင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက် စီးပွားရေး ကော်မတီ တွင် ပါဝင်ခဲ့သူ တဦးက ပြောပြခဲ့သည်။

 

အမျိုးသား ညီညွတ်‌ရေး အစိုးရကမူ ထိုသို့ တရားမဝင် ငွေတိုက် စာချုပ်များ ရောင်းချနေမှု အား မိမိတို့ မှ အသိအမှတ်ပြု လိုက်နာလိမ့်မည် မဟုတ်ဟု ကျေညာထားခဲ့ပြီး ဖြစ်သည်။

 

မင်းအောင်လှိုင် ၏ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ရေး တွင် ၁၀၁ ပါးသော ကရိုနီများ ရက်ရက်ရောရော လှုဒန်းခဲ့မှု ကပင် ထိုအချက်ကို သက်သေခံနေပေသည်။

 

ပြဿနာ ဖြစ်နေရသည်က ပြည်တွင်းရှိ ဘဏ်များ၊ ကရိုနီများ၏ အထောက်အပံ့ကိုသာ အားကိုးလာနေရသည့် စစ်ကောင်စီ၏ တလွဲတချော် စီးပွားရေး စီမံခန့်ခွဲမှုများ ဒဏ်ကို လူထု သည် မည်မျှ ကြာကြာ ဆက်၍ ခံနေရဦးမည် ဆိုသည်က သေချာပေါက် ပြော၍ မရခြင်းပင် ဖြစ်သည်။

 

လက်ရှိ ဘဏ္ဍာရေး နှစ် အတွင်း အာဏာသိမ်း အဖွဲ့၏ စစ်အသုံးစရိတ်သည် မြန်မာကျပ်ငွေ ၅.၆ တြီလီယံ (အမေရိကန် ဒေါ်လာ ၂.၇ ဘီလီယံ) အထိ ရှိနေသည်ဟု သိရသည်။ ထိုပမာဏ ၏ သုံးပုံတပုံသည် ငွေတိုက်စာချုပ် ရောင်းရငွေ များ ဖြစ်နေသည်။

 

ထိုသို့ ကရိုနီ ဘဏ်တိုက်ကြီးများသည် ငွေတိုက်စာချုပ်များအား ပြည်သူတို့ ချွေးနဲစာဖြင့် အပ်နှံငွေများကို အတိုး ပြန်ရဖို့ မရဖို့ မသေချာ မရေရာ ဖြစ်နေသည့် အနေအထား တွင်ပင် ‌ဗုံးဘောလအော ဝယ်ယူနေကြခြင်း ဖြင့် စစ်ယန္တရားကြီး တဝီဝီ လည်ပတ်နိုင်အောင် အားတက်သရော ကူညီပေးနေကြခြင်းပင် ဖြစ်သည်။

 

သို့သော် စစ်ကောင်စီသည် လက်နက်များကို ဝယ်ယူ ဖြည့်တင်းရန် ငွေရှိသော်လည်း အခက်အခဲ ပေါင်းစုံရင်ဆိုင်နေရသည်၊ ကြားခံ ပွဲစားများ ခန့်ထားခြင်း၊ လုပ်ပေးရဲသည့် ဘဏ်များအား ဝန်ဆောင်မှုများ မတန်တဆ ပေးနေရခြင်း တို့ ဖြင့် ဖြတ်ကျော်နေကြရသည်။

 

ကုလသမဂ္ဂ၏ လူသားချင်း အကူအညီပေးရေး ဆိုင်ရာ လက်ထောက် အတွင်းရေးမှုး ချုပ် မာတင် ဂရစ်ဖစ်သည် နေပြည်တော်သို့ ရောက်ရှိလာပြီး ၎င်း၏ အေဂျင်စီ ရင်ဆိုင်နေရသော် ပြဿနာများကို ဆွေးနွေးခဲ့သော်လည်း အများအားဖြင့် မင်းအောင်လှိုင်၏ လာသမျှ လူတိုင်းကို ဟောနေပြောနေကျ ‘ငြိမ်းချမ်း ရွှေပြည်” တရားတော်ကြီးကိုသာ နာကြားသွားခဲ့ရသည်။

 

ဂရစ်ဖစ်သည် ၎င်းတို့အား အသိအမှတ်ပြုရေးထက် သူ၏ အေဂျင်စီ သို့ နိုင်ငံတကာ အကူအညီများ ဆက်လက် ရရှိနိုင်အောင် လုပ်ငန်းပြ ဖို့ လိုအပ်နေခြင်း နှင့် အသစ်ခန့်ထားမည့် လူများ အတွက် ဗီဇာ ရရှိရန် တို့ အတွက် ရောက်လာခြင်းမျိုးသာ ဖြစ်သည်၊ ကုလ အေဂျင်စီ များ အဖို့က စစ်ကောင်စီ ပြောသည့် နေရာများကို ပို့နိုင်လျှင်ပင် အိုကေနေပြီ ဖြစ်၍ နှစ်ဦးနှစ်ဖက် အဆင်ပြေသည်ဟု ပြော၍ရကြောင်း အီဂေါ ဗလာစီဗစ်က ဧရာဝတီ တွင် ရေးသားထားသည်။

 

ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် မှ ထိုးစစ်အတွက် အင်အားကို ထုနှင့် ထယ်နှင့် တည်ဆောက်ပြီး ဖြစ်၍ နောက်ခြောက်လ အကြာတွင် ဖြစ်နိုင်ချေ ရှိသည်က တော်လှန်ရေး အောင်မြင်ခြင်း သို့မဟုတ်ကလည်း စစ်ကောင်စီ အထုတ်ပြင်ရတော့မည့် အခြေ ဆိုက်လာမည်ဟု ယုံကြည်ကြောင်း အသိပေးသွားခဲ့သည်။

 

ဦးရည်မွန်၏ စကားသည် သာမန်အားဖြင့် အပြောကြီးသည်ဟု ထင်စရာ ရှိသော်လည်း သူ့တွင် ထိုသို့ ပြောနိုင်လောက်အောင် ခိုင်လုံသော အကြောင်း ရှိနေမည်လည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ကိုးကား - မြန်မာနောင်း