ဆောင်းည အိမ်မက်ရှည်

by Hla Soewai - Aug 24 2023

စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခုထိ အိမ်မက်ရှည်ကြီး မှ ရုန်းထ နိုင်ခြင်း မရှိသေးပဲ တမျှော်တခေါ်ကြီး မက်နေဆဲ ဆိုသည်ကို နောက်ထပ် အထင်အရှား တွေ့လာခဲ့ရသည်။

 

မင်းအောင်လှိုင်သည် မော်စကို တွင် ပြုလုပ်သော ၁၁ ကြိမ် မြောက် နိုင်ငံတကာ လုံခြုံရေး ကွန်ဖရင့်သို့ အွန်လိုင်းမှ တဆင့် မိန့်ခွန်းပြောရတွင် အချို့ ဒေသများမှ လွဲ၍ နိုင်ငံရေး၊ စီးပွားရေး နှင့် လုံခြုံရေး အခြေအနေများသည် ပြန်လည် ဦးမော့လာနေပြီ ဖြစ်သည်ဟု ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

၎င်း၏ အဖွဲ့သည် နိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တစိုက်မတ်မတ် လုပ်ကိုင်နေကြောင်း၊ ပြီးလျှင် “လွတ်လပ်၍ တရားမျှတသော” အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပသွားမည် ဖြစ်ကြောင်း ပြောဆိုသွားပြန်သည်။

 

ဤသည်ကို ကြည့်က နိုင်ငံတကာ ရှိ မင်းပရိသာတ် ဆိုသူများသည် အသိဉာဏ်ပညာအရရော၊ ကိုယ်ကျင့်တရားအရရော ကလေးသာသာ အဆင့်ပင် ရှိသေးသည်ဟု ‌ဒေါ်စိန်အေး ကျောင်းထွက်များက ယူဆနေကြဆဲပင် ဖြစ်သည်။ ပြည်တွင်းရှိ ၎င်းတို့ ပြောသမျှ အား ရုပ်မြင်သံကြား မှ တဆင့် နားထောင်နေသူများ အဖို့ က လီဆယ် ပြောဆိုနေခြင်း ဖြစ်ကြောင်း ကိုတော့ ကောင်းစွာ သိရှိထားပြီးလည်း ဖြစ်သည်။

 

မင်းအောင်လှိုင် အဖို့က ၎င်းတို့ ယုံကြည်အောင် မည်သို့မျှ လက်တွေ လုပ်ပြ၍ လည်း မဖြစ်နိုင်တော့သည့် အနေအထား နှင့် ကြုံလာရပြီ ဖြစ်၍ တယောက်စ နှစ်ယောက်စ ယုံလည်း နည်းလာဟု ကြိတ်မှိတ်ပြောနေရခြင်းသာ ဖြစ်သည်။

 

ဗုဒ္ဓ ရုပ်ပွားတော် ဖွင့်ပွဲ အခမ်းအနားအားလည်း နိုင်ငံတကာမှ ပြည်တွင်း တွင် တည်ငြိမ်မှု ရလာပြီဟု ထင်မြင်လာစေရန် ကြီးကျယ် ခမ်းနားစွာ လုပ်ပြခဲ့ခြင်းလည်း ဖြစ်သည်။

 

သို့သော် ထိုကွန်ဖရင့်ကြီးတွင် ၎င်းထည့်ပြောဖို့ ပျက်ကွက်ခဲ့ရသည်က လက်ရှိတွင် အရေးပေါ် အခြေအနေကို လေးကြိမ်တိတိ သက်တမ်း တိုးခဲ့ရပြီး ဖြစ်သည် ဆိုသော အကြောင်းပင် ဖြစ်သည်ဟု မဇ္ဇျိမ သတင်းက ဆိုသည်။

 

တတိယ အကြိမ် သက်တမ်းတိုးခဲ့သည့် ဇန်နဝါရီ လ တွင်လည်း တိုင်းပြည်အခြေအနေသည် “လွန်စွာ တိုးတက်မှု” ရှိလာနေသည်ဟု မင်းအောင်လှိုင်က ပြောခဲ့ပြီး ဖြစ်သည်။

 

နိုင်ငံရေး နှင့် စီးပွားရေး တိုးတက် ဖွံ့ဖြိုးမှုသည် ဆက်နွယ်လျက် ရှိနေသည်ကို စီးပွားရေး ပညာရှင်များက တညီတညွတ်တည်း သဘောထားကြပြီးလည်း ဖြစ်သည်။

 

အာဏာရှင်များသည် တိုင်းပြည်၏ အရင်းအမြစ် မှန်သမျှအား ထင်သလို လုပ်ခွင့်ရနေပြီး လူ့အဖွဲ့အစည်း တခုလုံးအားလည်း သဘောရှိ သွန်လိုသွန် မှောက်လိုမှောက် လုပ်နိုင်စွမ်း ရှိနေကြသည်။ ၎င်းတို့၏ တရားဥပဒေ စိုးမိုးရေး ဆိုသည်မှာလည်း ထိုသို့ သွန်လိုသွန် မှောက်လိုမှောက် လုပ်နေကြသည့် အရေးကို ကျွန်ယုံ ကျွန်ကောင်းများ သဖွယ် ‌ခေါင်းငုံ ငြိမ်သက်နေကြစေရန်ပင် ဖြစ်သည်။

 

မြန်မာ ပြည်သူများ အဖို့ ဒီမိုကရေစီ ရရှိရေး သည် လူ့အခွင့်အရေးများထက် ယုံကြည်စိတ်ချရသော အစိုးရမျိုး ပေါ်ထွန်းရေး၊ ထိုမှ တဆင့် တိုင်းပြည် စီးပွား အတွက် လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသော ဘဏ္ဍာရေး ဝန်ကြီးများ၊ ၎င်းတို့ အား အကာအကွယ် ပေးမည့် တရားရုံးများ ဖြစ်ပေါ်လာမည့် အရေးကြောင့် ပို၍ လိုလားနေကြခြင်း ဖြစ်သည်။ ဒီမိုကရေစီသည်သာ မည်သူတဦးတယောက်ကိုမျှ ကြောက်ရွံ့နေစရာ မလိုပဲ ဥပဒေကြောင်းဖြင့် အကာအကွယ် ပေးထား သော လွတ်လပ်စွာ စီးပွား ရှာနိုင်ခွင့် များ ရှိနိုင်မည်ကို ပြီးခဲ့သည့် ငါးနှစ် အတွင်းလည်း တွေ့ကြုံခံစားခဲ့ရပြီး ဖြစ်၍ ယခုအခါ စားရအံ့ဆဲဆဲ လက်ထဲက ပုတ်ချခံလိုက်ရသလို အခြေအနေများ ဇောက်ထိုးပြောင်းပြန် ဖြစ်အောင် ဖန်တီးခဲ့သည့် စစ်ဗိုလ်ချုပ်များ အပေါ် နာကြည်းခံပြင်းနေကြခြင်းလည်း ဖြစ်သည်။

 

အာဏာရှင်တို့ ရွေးကောက်ပွဲ မျိုး ဆိုသည်က ၎င်းတို့ လိုလားသည့် ကျွန်ယုံ ကျွန်ကောင်းများ အသာရရေးကိုသာ လှည့်ဖြားပြီး ပြုလုပ်ခြင်းပင် ဖြစ်သည်က ဓမ္မတာပင်၊ ထိုအထဲတွင် မင်းအောင်လှိုင်လို လူမျိုးသည် အဘယ်သို့များ ထူးခြားလာနိုင်ဦးပေမည်နည်း။ ထိတ်တန်း စစ်ဗိုလ်ချုပ်များ အိတ်ထဲသို့ ရသလောက်ထဲ့နေ၍ တိုင်းပြည်၏ ရသုံးမှန်းခြေ ငွေစာရင်းဆိုသည်ကလည်း အမြဲလို လိုငွေပြနေရစမြဲပင် ဖြစ်သည်။ ယင်းနှင့် အတူ အလုပ်လက်မဲ့များ၊ ငွေကြေးဖေါင်းပွမှုများ နှင့် ကျဆင်းလာသော လူနေမှု အဆင့်အတန်းများ ကြားတွင် လူထု သည် လှုပ်လေ မြုပ်လေ ဖြစ်လာခဲ့ရစမြဲပင်။ ထိုသို့ တလွဲတချော် လုပ်သွားခဲ့သည်များအား လည်း လူထု ခေါင်းဆောင်ဆိုသည်များက နေချင်းညချင်း ပြန်၍ တည်ဆောက်၍ မရသည့် အနေအထားမျိုးကို ပြည်သူများ ဆက်၍ စောင့်ကြရဦးမည်သာ ဖြစ်သည်။

 

အဘယ်ကြောင့်ဆိုသော ပြည်သူတို့ အားကိုးသည့် အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးကို အာမခံနိုင်မည့် ဒီမိုကရေစီသည် စစ်အာဏာရှင် စနစ် အဆုံးသတ်သွားခဲ့သည့်တိုင် နေ့ခြင်းညခြင်းဆိုသလို တည်ဆောက်၍ မရ ခြင်းပင်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများသည်လည်း စိတ်ချရသည့် အထိ စောင့်ကြည့်နေကြမည်သာ ဖြစ်သည်။

 

ကရင်နီ တပ်တော်၊ ကချင် လွတ်လပ်ရေး တပ်တော် နှင့် ကရင်အမျိုးသား လွတ်‌မြောက်ရေး တပ်တော် မှ အကြီးအကဲ သုံးဦးစလုံးသည် စစ်ကောင်စီ ၏ ကျရှုံးခန်း အလျှင်အမြန် ရောက်ရှိလာတော့မည်ဟု တညီတညွတ်တည်း ခန့်မှန်းလိုက်ကြပြီ ဖြစ်သည်။ ယခုလို အချိန်တွင် ၎င်းတို့ လက်ထဲမှ မိမိတို့ တိုင်းပြည်ကို ပြန်လည် ရွေး နှုတ် ခြင်း အရေးတွင် လုံလ ထုတ်ခြင်း မရှိပါက ကျွန်သက်ရှည်ကာ ကမ္ဘာအလည်တွင် မျက်နှာမွဲ မျက်နှာငယ် ဘဝ ဖြင့် တသက်လုံး နေသွားရတော့မည် ဖြစ်သည်ဟုလည်း ဆိုသည်။

 

ပြည်သူများ အတွင်းတွင်လည်း မည်သည့် အချိန် ဖြစ်မည် ဆိုသည်ကို တိုးတိုးတိတ်တိတ် နှင့် လက်သိပ်ဆွေးနွေးနေကြချိန်တွင် မင်းအောင်လှိုင် အဖို့ ကတော့ ဆောင်းည အိမ်မက်ရှည်ကြီးကို မက်၍ ကောင်းနေဆဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

Photo - China Project