သေလျှင်မြေကြီး ရှင်လျှင် ဆက်တိုက်

by Hla Soewai - Aug 24 2023

ယနေ့ သတင်းများ တွင်တော့ ဆွစ်ဇာလန် နိုင်ငံသား တဦးအား ဗုဒ္ဓဘာသာ ကို စော်ကားသည့် ၇၅ မိနစ်ကြာ ဗီဒီယို သတင်းကား ကို ရိုက်ကူးပြီး ဇာတ်ဝင်ခန်း အချို့ကို တစ်တော့ နှင့် ယူကျု့ တွင် ထုတ်လွှင်ခဲ့သည် ဆိုသော စွပ်စွဲချက် ဖြင့် ဩဂုတ်လ ၈ ရက်နေ့က ဖမ်းဆီးခဲ့သည့် အကြောင်း ပါရှိလာခဲ့သည်။

 

ဖမ်းဆီးခံရသူသည် အသက် ၅၂ နှစ် ရှိ ဒီဒီယာ နုစ်ဘမ်မား ဖြစ်ပြီး ၎င်းနှင့် အတူ အသက် ၁၂ နှစ် အရွယ် မိန်းကလေး တဦး အပါအဝင် ပါဝင် သရုပ်ဆောင်သူ ၁၂ ဦးကိုပါ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

 

ထိုသတင်းကား အား “Don’t Expect Anything” (ဘာမှ မမျှော်လင့်နဲ့) ဟု အမည်ပေးထားသည်၊

 

ထို သတင်းကား တွင် ပါဝင်သူများသည် သံဃာ ဂုဏ်ကို ထိခိုက်စော်ကားစေသည့် အပြုအမူ များ ကို မထော်တနန်း ပြုမူ ပြသခဲ့ကြသည်ဟု စွပ်စွဲချက်တွင် ပါရှိလာခဲ့သည်။

 

သို့သော် ဝေဖန်သူများကမူ လက်ရှိ နိုင်ငံအတွင်း ဗုဒ္ဓဘာသာ အရေခြုံ သင်္ကန်းဝတ်များ၏ အပြုအမူ ကို ထင်ဟပ် စေသည့် ရိုက်ကွင်း ရိုက်ချက် များသာ ဖြစ်သည်ဟု ဆိုကာ ဖမ်းဆီးခံရမှု အား ရှုတ်ချခဲ့ကြသည်။

 

ဆရာတော်ကြီးများကမူ ထိုသို့ ကိုယ့်လူမျိုး အချင်းချင်း သတ်ဖြတ်နေကြမှုများအား လောကီရေးများ ဆိုကာ ရေငုံနှုတ်ပိတ် နေကြသော်လည်း ထိုသို့ ရေငုံနှုတ်ပိတ် နေကြခြင်း အား အမြဲတမ်း ကိုယ်လိုရာ ဆွဲတွေးတတ်သော စစ်ဗိုလ်ချုပ်များက ၎င်းတို့အား ထောက်ခံနေခြင်း ဖြစ်သည်ဟု မှတ်ထင်နေကြပြီး “ရက်စက်မှ ကြေကွဲ၊ ကြေကွဲ မှ မင်းဖြစ်” နှလုံးမူ ပြီး ကြမ်းချင်တိုင်း ကြမ်း ရမ်းချင်တိုင်း ရမ်းနေကြခြင်းလည်း ဖြစ်သည်။ ထိုအထဲတွင် ပို၍ ဆိုးသည်က ၎င်းတို့ လုပ်ရပ်သည် အမျိုးဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက်နေကြသူများဟု ဘုရား သားတော်ဆိုး များက မြှောက်ပင့် ပေးနေကြခြင်းပင် ဖြစ်သည်။

 

မကြာသေးမီမှ ကျောက်မဲ ဆရာတော်၏ ဩဝါဒ အား ပြည်သူများက ရှားရှားပါးပါး ထွက်ပေါ်လာခြင်း ဟု ဆိုကာ လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြခြင်းကပင် ပြည်သူတို့ မည်မျှ မျှော်လင့် အားကိုး နေကြသည် ဆိုသည်ကို အထင်အရှား ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

မိမိတို့အား အနိုင်အထက် ပြု ညှင်းပမ်းနှိပ်စက်နေကြသူများအား ဆုံးမခဲ့မှု အား အဘယ်သူသည် မကျေနပ်ပဲ ရှိပေအံ့နည်း။

 

မင်းအောင်လှိုင်သည် တိုင်းပြည်အား ဖျက်ဆီးနေယုံဖြင့် အားမရပဲ ပြာပုံဘဝ ရောက်ရန် ယခုအခါ ရုရှားနှင့် ပေါင်း၍ နျူကလီယား လေသံ ပစ် လာနေပြန်သည်။ မိမိတို့ဖက်မှ အစွမ်းအစ တစက်ကလေးမျှ မပါပဲ တိုင်းတပါးကို လုံးဝအားကိုးကာ သူများ နှာခေါင်းပေါက် နှင့် အသက်ရှု ရမည့် အရေးကိုလည်း ရှက်ရကောင်းမှန်း တစက်မှ မသိသည့် အပြင် ဂုဏ်ယူဝင့်ကြွား၍ပင် ပြောဆိုနေပြန်သည်။

 

သူ့တွင် အခြားရည်ရွယ်ချက် တခုလည်း ရှိနေပုံရသည်။ ယခင် ဗိုလ်သန်းရွှေ လက်ထက်က မြောက်ကိုရီယား နှင့် ပေါင်းကာ နျု ထုတ်လုပ်မည် ဆိုကာ လှုပ်ရှားလာ၍ အမေရိကန်တို့ ပြန်လည် ချည်းကပ်လာကြရသည် ဟု အထင်ရောက်ကာ ယခုလည်း မဖြစ်နိုင်မှန်း သိသိကြီး နှင့် အမေရိကန်တို့ ဖက်မှ ပြန် ချော့လာရန် ရုရှား နှင့် နျုလေသံ ပစ်လာနေခြင်းလည်း ဖြစ်နိုင်ပေသည်။ ထို့အတွက်ကြောင့်လည်း အာဏာသိမ်းပြီး တနှစ်မပြည့်သေးမီမှာပင် ထိုသို့ နျု လေသံ ပစ်လာခဲ့ခြင်းလည်း ဖြစ်သည်။

 

မင်းအောင်လှိုင်သည် အောက်ခြေမှ စိတ်တော်သိ ဗောင်းတော်ငြိမ့် အစီရင်ခံစာများကို ယုံစား ကာ ၎င်းအတွက် အချိန်များစွာ ကျန်နေသေးသည်ဟု ယူဆနေသော်လည်း အမျိုးသား ညီညွတ်ရေး အစိုးရ မှ “နေပြည်တော်ဆီသို့” အမည်ပေးထားသည့် စစ်ဆင်ရေး ကို စတင်လာခဲ့ပြီ ဖြစ်သည်။ ယင်း အကြောင်းကို ဧရာဝတီ သတင်းဌာနမှ “Command But No Control” ဟု ပင် ဆီလျှော်စွာ ခေါင်းစဉ်တပ်လာခဲ့သည်။

 

အကြောင်းမှာ တပ်တွင်း တွင် စစ်ဆင်ရေး အမိန့်များကို ဖီဆန်လာသူ များစွာ ရှိလာနေပြီ ဖြစ်သည်။ မင်းအောင်လှိုင် အာဏာ မြဲနေသမျှ ၎င်းတို့ အားလုံး တနှစ်လျှင် ၃၆၅ ရက်မျှ တောတောင်များထဲ တွင် တိုက်ခိုက်နေကြရတော့မည် ဆိုသည်ကို သိနေကြ၍လည်း ဖြစ်သည်။ ဧရာဝတီ နှင့် ရန်ကုန် တိုင်းမှ လွဲ၍ ယခုထိလည်း မည်သည့် ဒေသ တခုတလေကိုမျှ အပြီးအပိုင် ပြန်၍ ထိန်းချုပ်နိုင်ခြင်း မရှိသေးပဲ ဖြစ်နေသည်။

 

တချိန်က “သေလျှင်မြေကြီး၊ ရှင်လျှင် ရွှေထီး” ဆိုသည့် ဒေါ်စိန်အေး ကျောင်းထွက်များ၏ ခံယူချက်များသည်လည်း မှေးမှိန်ကုန်ပြီ ဖြစ်သည်၊ ထိုအစား “သေလျှင် မြေကြီး ရှင်လျှင် ဆက်တိုက်” ဟု အစားထိုး လာကြရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!