ဗုံးကြဲရင် ရှုံးနေပြီသာ မှတ်

by Hla Soewai - Aug 24 2023

အာဏာသိမ်း အဖွဲ့သည် ရုရှား၊ တရုတ်လုပ် တိုက်လေယာဉ်များ၊ လက်နက်ကြီးများ နှင့် သာ အသက်ဆက်နေရပြီ ဖြစ်သည်ကို လက်ခတ်တောင် နှင့် ဘိုမသံတောင် စခန်းကုန်း တိုက်ပွဲများက သက်သေခံနေပြီ ဖြစ်သည်ကို တအံတဩ တွေ့မြင်လာကြရသည်။

 

စစ်ကောင်စီ အခြေစိုက် နေပြည်တော် ၏ အနီးအနား တွင် ရှိ၍ လွန်စွာ အရေးပါလှသည့် တိုက်ပွဲကြီး လည်း ဖြစ်ပြီး အနည်းဆုံး စစ်ကောင်စီ တပ်သား အယောက် ငါးဆယ် သေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြား ပါ သိမ်းဆည်း ရမိခဲ့သည့် အထိ ပြင်းထန်လှသည့် တိုက်ပွဲဖြစ်သည်၊ စစ်ကောင်စီ လေတပ် တိုက်လေယာဉ်များ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်လာရသည့် အထိပင် ဖြစ်သည်။

 

ဘိုမသံတောင် စခန်းကုန်းအား သံတောင် မြောက်ပိုင်း ကာကွယ်ရေး တပ်ဖွဲ့များ နှင့် ရှမ်းပြည်တောင်ပိုင်း PDF တပ်ရင်း ၁၀၀၄ တို့ ပူးပေါင်း ထိုးစစ်ဆင်ခဲ့ခြင်းပင် ဖြစ်သည်။

 

ထိုသို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာသဖြင့် ပျဉ်းမနား နှင့် ပဲခူးတိုင်း ရဲနီမြို့ သွား လမ်းကို ပိတ်ထားခဲ့ရသည် အထိ ပင် ဖြစ်သည်။

 

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် နယ်မြေစိုးမိုးနိုင်ရေး အသွင်ဖြင့် ခုခံစစ်မှ တန်ပြန် ထိုးစစ် အထိ အသွင်ကူးပြောင်းလာခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းသည် ကတုတ်ကျင်း များ အခိုင်အမာတူးပြီး ပြောက်ကျား အဆင့်မှ သမာရိုးကျ စစ်ဆင်‌ရေး အဆင့် ရောက်လာခဲ့ပြီ ဖြစ်သည်။ မြေပြင်တိုက်ပွဲများ တွင် ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့များက အသာစီး ရလာနေသည့် အတွက် လေကြောင်းပစ်ကူ များ သုံးပြီး ဖုန်းကွယ်နေရပြီ ဖြစ်သည်။ 

 

ယူဆနိုင်သည်က စစ်ကောင်စီ မှ လေတပ် အသုံးပြု ဗုံးကြဲနေသည့် သတင်းများ ထွက်ပေါ်လာတိုင်း ၎င်းတို့ မြေပြင်တွင် အရေးနိမ့်နေပြီ ဖြစ်သည်ဟူ၍ပင် ဖြစ်သည်။

 

စစ်ကောင်စီအား အဓိက ခြိမ်းခြောက်လာနေသည်က မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်များ ၏ သပြေညို စစ်ဆင်ရေးပင် ဖြစ်ပြီး တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး တဦး တိုက်ပွဲမှာ ကျသည့် အထိ လက်သံပြောင်ခဲ့သည်ဟု ဧရာဝတီ အပတ်စဉ် စကားဝိုင်း တွင် ထုတ်လွှင့်သွားခဲ့သည်။ ရှမ်းပြည်မြောက်င်ပိုင်း နှင့် မန္တလေး တိုင်း နယ်စပ်အနီး နောင်ချိုတွင် ရက်ပေါင်း နှစ်ဆယ်နီးပါး တိုက်ပွဲများ ပြင်းထန်းစွာ ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

 

စစ်ကောင်စီ အတွက် နောက်ထပ် စစ်မျက်နှာ များ ဖွင့်လာရပြီး မရှိမဲ့ ရှိမဲ့ တပ်အင်အား ကို ထုတ်နှုတ် အသုံးပြုနေရပြီ ဖြစ်သည်ဟု ဆိုသည်။ စစ်ကောင်စီ အဖို့ ယခင်ကလို နယ်မြေ ရှင်းလင်းရေး ဆိုကာ စစ်ကြောင်းထိုး နိုင်ဖို့ ပို၍ ခက်ခဲလာနေပြီလည်း ဖြစ်သည်။

 

မန္တလေး PDF အဖွဲ့တွင် ခေတ်မီ လက်နက် အပြည့်အစုံ တပ်ဆင်ထားသော တပ်ရင်းကြီး ငါးရင်းအထိ ရှိလာနေပြီး ဆက်လက် တိုးချဲ့ ဖွဲ့စည်းလျက် ရှိနေသည်။ အင်အား တောင့်တင်းလာသည်နှင့် အမျှ တိုက်ပွဲကြီးများ ဆက်လက် ဖေါ်ဆောင်လာတော့မည် လည်း ဖြစ်သည်။

 

၎င်းတို့ အဖို့ ရှေ့လျောက် ဘေးကျပ်နံကျပ် ဖြစ်လာဖို့ပင် ဖြစ်သည်။ စစ်စရိတ်များလည်း မကြံစဖူးအောင် ထောင်းလာနေပြီး ယခုအခါ တဒေါ်လာလျှင် ကျပ် ၃,၉၄၆ အထိ ဖြစ်လာနေသည်။

 

ထိုအရေးကို ကုန်သည် စက်မှု အသင်းချုပ် နှင့် ပုဂ္ဂလိက ဘဏ်များမှ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ က မိမိတို့ အနေဖြင့် လက်မခံနိုင်တော့ ကြောင်းပင် အာဏာသိမ်း အဖွဲ့ ၏ ဗဟိုဘဏ် မှ တာဝန်ရှိသူများကို တင်ပြခဲ့ကြသည်ဟု လည်း သိရသည်။

 

၎င်းတို့၏ အလွန်အမင်း ဖိနှိပ်လာသော စည်းကမ်းသတ်မှတ်ချက်များကြောင့် တရားမဝင် ဈေးကွက်ကြီး ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။

 

ဗဟိုဘဏ် ဥက္ကဌ ဖြစ်သူ မှ သွင်းကုန်များ အတွက် နိုင်ငံခြားငွေ သုံးလစာ ရှိကြောင်း၊ စက်သုံးဆီ အတွက် နှစ်လစာ ရှိနေကြောင်း၊ တိုင်းပြည် GDP သည် ၄ ရာနှုန်း မြင့်တက်နေသည်ကို ကမ္ဘာဘဏ်သို့ အစီရင်ခံပြီးကြောင်း များ ပြောဆိုသွားသည်။ ထိုသို့ လီဆယ် ကာကွယ် ပြောဆိုနေခြင်းမျိုး ဖြင့် ပြဿနာများကို မည်သို့များ လက်တွေ့ကျကျ ဝိုင်းဝန်းစဉ်းစား အဖြေရှာနိုင်ကြမည်နည်း။

 

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ဘဝ ကား မည်သူမျှ အားကျနေကြခြင်း မရှိတော့၊ ၎င်းကို ရှေ့တန်းတင်ကာ နောက်ကနေ သွားလို့ရသမျှထိ အမြီးဆွဲ လိုက်ပါနေကြခြင်းပင် ဖြစ်သည်။

 

အာဏာရှင်ဆိုသည်က ၎င်းတို့ လက်နက်အားကိုးဖြင့် တည်ဆောက်ထားသော အာဏာ ခိုင်မြဲနိုင်ရေးကိုသာ ရှေးရှုပြီး နည်းမျိုးစုံ ဖြင့် လီဆယ် လှည့်ဖျား နားလှည့် ပါးရိုက်ကာ အုပ်ချုပ်နိုင်ရန် စဉ်းစားနေကြသူများ ဖြစ်ပြီး တိုင်းပြည် နှင့် လူထု ကောင်းစားရေး ဆိုသည်က ၎င်းတို့ ခေါင်းထဲတွင် လားလားမျှပင် မရှိကြပေ။

 

မင်းအောင်လှိုင်သည် ၎င်းအား ဆန့်ကျင်တွန်းလှန်နေကြသည့် သာမန် ပြည်သူ များအား အကြောက်တရား ဖြစ်ပေါ်လာစေရန် တွေးပင် မတွေးရဲလောက်သည့် ရက်စက်ကြမ်းကြုပ်မှု ပေါင်း မျိုးစုံ ဖြင့် နင်ပဲငဆ နှိပ်စက်ညှင်းပမ်းနေကြခြင်းသာ ဖြစ်သည်။ ထိုသို့ တွေးခေါ် ကြံစည်နေခြင်းကပင် မည်မျှအထိ အသိဉာဏ် ခေါင်းပါးနေသည်ကို ပြဆိုနေခြင်း လည်း ဖြစ်သည်။

 

၎င်းတို့ လိုသမျှ လက်နက်များကို အဆင့်သင့် ရောင်းချပေးနေကြသော တရုတ်၊ ရုရှား တို့သည်လည်း မင်းအောင်လှိုင် ရင်ဆိုင်‌လာနေရပြီ ဖြစ်သည့် စီးပွားရေး အကျပ်အတည်းကြီးကို မည်သို့မျှ ကယ်တင်နိုင်စွမ်း မရှိ၊ ငွေ ပင် ချေးငှားကြခြင်း မရှိသည်ကို တွေ့နေရသည်။

 

၎င်းတို့အား အချိန်မ‌နှောင်းမီ လမ်းကြောင်းမှန် ပြန်ရောက်ရေး အတွက် နိုင်ငံတကာ မှ ပုဂ္ဂိုလ်များ လာရောက် ဖျောင်းဖြ နားချသည်များ ရှိခဲ့သော်လည်း အားလုံးသည် ၎င်းတို့အား အသိအမှတ်ပြုခြင်း ဆိုသည့် ဝါဒဖြန့် ယန္တရားကြီးထဲ “သာယာရွှေပြည်” တရားတော်ဖြင့် အမှုန့်ကြိတ်ခံရသည်သာ အဖတ်တင် သွားခဲ့၍ ဗြာဟ္မာ ဦးခေါင်းကြီးလို ဖြစ်လာနေသည်ဟု ဧရာဝတီက ဆိုသည်။

 

ပြည်သူတို့ အဖို့ လက်ရှိတွင် စစ်ရေးအရ အသာစီး ရလာနေသည်နှင့် အမျှ “ငါတို့တွင် ငါတို့ပဲရှိတယ်” ဆိုသော ထုံး နှလုံးမူကာ အဆုံးသတ်တွင် အောင်ပွဲခံနိုင်ရမည် ဆိုသည့် ယုံကြည်ချက်များ ခိုင်မာသည်ထက် ခိုင်မာလာနေပြီ ဖြစ်သည်။

 

ထိုယုံကြည်ချက်များကို မင်းအောင်လှိုင် အဖို့ တိုက်လေယာဉ်များ၊ လက်နက်ကြီးများ၊ ရွာမီးရှို့ခြင်းတို့ ဖြင့် မည်သို့များ ရိုက်ချိုး ချေဖျက် နိုင်ပေဦးမည်နည်း။

 

နောက်တချက် ပြောချင်မိသည်က မကြာမီက နိုင်ငံတော် အတိုင်ပင်ခံ ၏ သားဖြစ်သူ ကိုထိန်လင်း နှင့် တွေ့ဆုံ မေးမြန်းခဲ့ရာ တွင် မိခင် ဖြစ်သူအား အကျယ်ချုပ် ဖြင့် ယခုအခါ ထားရှိခြင်း အပေါ် မေးမြန်းလာခဲ့ရာ ကိုထိန်လင်းမှ မိမိ အနေဖြင့် ထိုသို့ သိထားခြင်း မရှိဟု ငြင်းဆိုသွားခဲ့သည်။

 

နိုင်ငံတကာ သတင်းဌာန အများစုသည်လည်း ထိုသို့ ရည်ညွှန်း သုံးစွဲနေကြ၍ ထင်ယောင်ထင်မှား ဖြစ်နေကြသည်၊ အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် မဟုတ်ဘူး ဆိုက ပြတ်ပြတ်သားသားနှင့် ထိရောက်မှု ရှိသည့် လမ်းကြောင်းသုံး၍ နိုင်ငံတကာ ကို အသိပေးသင့် ပေသည်။

 

ယခုတိုက်ပွဲသည် မည်သို့မျှ အရှုံးခံ၍ မရ ဆိုသည်ကို မြန်မာပြည်သူများ အားလုံး နားလည် သဘောပေါက်ထားကြပြီ ဖြစ်၍ ထိုအချက်တခုတည်း နှင့် စစ်အာဏာသိမ်း အဖွဲ့သည် မည်သို့မျှ အောင်မြင်နိုင်တော့မည် မဟုတ်ဟုလည်း ကိုထိန်လင်းက ပြောသွားခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!