အီရန်၏ အစ္စလမ် တော်လှန်ရေး (၆)
၁၉၇၈ ဇန်နဝါရီ လ အတွင်းတွင် ခိုမေနီ ၏ အတွင်းရေး များ ဆိုကာ လွန်စွာမှ ဂုဏ်သိက္ခာ ကျဆင်း ဖွယ်ရာ ဖြစ်စေသည့် ဆောင်းပါးတပုဒ် အား အီရန် သတင်းစာ တစောင် ဖြစ်သည့် Ettela'at ၏ ရှေ့မျက်နှာဖုံး တွင် စာလုံးမည်းကြီး များ နှင့် ပါရှိလာခဲ့သည်။ နာရီပိုင်း အတွင်းမှာပင် သတင်းစာတိုက်အား လူအုပ်ကြီးက ဝင်ရောက် ဖျက်ဆီးပစ်ခဲ့ကြသည်။
နောက်ပိုင်း ရက်များ တွင် ဘာသာရေး တက္ကသိုလ်များ ရှိရာ ကွမ် မြို့ကြီးရှိ ကျောင်းသားများသည် လမ်းပေါ် ထွက်၍ ဆန္ဒပြလာကြသည်။ ရဲများ နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ဆန္ဒပြသူ ငါးဦး သေဆုံးသွားခဲ့သည်။
ခိုမေနီ နှင့် အီရန် ပြင်ပရှိ ခေါင်းဆောင်များက ထို ဖြစ်ရပ် အပေါ် အပြင်းအထန် ရှုတ်ချခဲ့ကြသည်။ နောက်ပိုင်း တွင် ရှီးယိုက် ဘာသာရေး အစဉ်အလာ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ရက်ပေါင်း ၄၀ ခန့် လမ်းများပေါ်တွင် ငြိမ်သက်သွားခဲ့သည်။
ထိုကာလ လွန်မြောက်သွားသည့် နေ့မှာပင် ရဲများ နှင့် ထိတ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားပြီး ကျောင်းသား တဦး သေဆုံးသွားခဲ့ပြန်သည်။ ထို့အတွက် နောက်ထပ် ရက် ၄၀ ငြိမ်သက်သွားခဲ့ပြန်သည်၊ သိုသော် လွန်စွာ အန္တရာယ် များသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ပြီး အီရန် တော်လှန်ရေး ကြီး စတင်ဖို့ အကြောင်းဖန်လာခဲ့ပြီ ဖြစ်သည်။
အီရန် တို့ လမ်းပေါ်ထွက်လာသည့် အခါတိုင်း လူအုပ်ကြီးသည် များသည်ထက် များပြား လာနေခဲ့သည်။ ယခင် ကွမ် မြို့ တွင် သာ ဖြစ်ပွားခဲ့ရာ မှ မြို့ကြီးပေါင်း တဒါဇင်ခန့်သို့ ကူးစက် ပျံ့နှံ့လာခဲ့သည်။ ဘာသာရေး တက္ကသိုလ် ကျောင်းသား များ သာမက တော့ပဲ တက္ကသိုလ် ပေါင်းစုံ မှ ကျောင်းသားများ၊ ကုန်သည်များပါ ပါဝင်လာခဲ့သည်။ ဆန္ဒပြ သည့် လူစုလူဝေးကြီးထွား လာသည်နှင့်အမျှ သေဆုံးသူ အရည်အတွက်လည်း တိုး လာခဲ့သည်။
၁၉၇၈ ဩဂုတ်လတွင် ၁၉၅၃ အာဏာသိမ်းမှု ကြီး ၂၅ နှစ်မြောက် နှစ်ပတ်လည် နေ့ ရောက်လာခဲ့သည်။ အီရန် နိုင်ငံ အနောက်တောင်ပိုင်း ပင်လယ်ကွေ့ ကမ်းရိုးတန်းရှိ အာဘာဒန် မြို ရုပ်ရှင်ရုံ တရုံ မီးဟုန်းဟုန်း တောက်လောင်သွားခဲ့သည်။ အမျိုးသား အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကလေးသူငယ် စုစုပေါင်း ၄၇၇ ဦး သေဆုံး သွားခဲ့ရသည်။ ယင်းသည် ရှား လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စနက် ဖြစ်သည်ဆိုသော ကောလဟသ များ ပျံ့နှံ့လာသည်။
စက်တင်ဘာ ၇ ရက်နေ့တွင် ရှားဘုရင် သည် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရန် ဆိုကာ မာရှယ်လော ထုတ်ပြန် ကျေညာလိုက်သည်။ နောက်တနေ့မှာပင် တီဟီရန် မြို့လည် ဂျာလေး ရင်ပြင်ကြီးတွင် နောက်ထပ် ဆန္ဒပြပွဲကြီး ဖြစ်ပွားလာခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆန္ဒပြသမားများကို တိုက်ခိုက်လာကြသည်။ ထိုသို့ တိုက်ခိုက်မှု ကြောင့် နေရာတွင်ပင် လူ တရာကျော်ခန့် သေဆုံးသွားခဲ့ပြီး Black Friday ဟု ခေါ်သော သမိုင်းဝင် နေ့ကြီး တနေ့ အဖြစ် ထင်ရှားသွားခဲ့ရသည်။ (ပုံတွင် ရှု)
ထို ဖြစ်ရပ်ကို အကြောင်းပြု၍ ခိုမေနီ မှ ရှုတ်ချ လှုံ့ဆော်လာမည့် အရေးကို ဟန့်တားရန် ရှားသည် ခိုမေနီအား အီရတ် မှ နှင်ထုတ်ရန် ဆက်ဒမ် ဟူစိန်အား နားချခဲ့သည်။
ထို့အတွက် ခိုမေနီသည် ပဲရစ် မြို့ကြီးသို့ ရောက်ရှိလာသဖြင့် ယခင်ကထက် ပို၍ ထိထိရောက်ရောက် လှုပ်ရှားခွင့် ရရှိလာခဲ့သည်။ ကမ္ဘာတဝှမ်းရှိ သတင်း မီဒီယာ များ နှင့် ပို၍ ထိတွေ့ဆက်ဆံခွင့် လည်း ရသွားခဲ့သည်။ ယခုအခါ ရှားသည် အခြေအနေများကို ထိန်းသိမ်းနိုင်ရန် ပြည်တွင်းရှိ အတိုက်အခံ များ နှင့် မဖြစ်မနေ ဆွေးနွေးရတော့မည့် အခြေစိုက် လာခဲ့သည်။ သို့သော် ထိုသို့ ဆွေးနွေးမည့် အရေးအား ခိုမေနီမှ သူ၏ အရှိန်ဩဇာ အာဏာကို သုံး၍ ဟန့်တားနိုင်ခဲ့သည်။
ညမထွက်ရ အမိန့်များကိုလည်း မကြာခဏ ဆိုသလို ဖေါက်ဖျက်လာကြသည်။ သပိတ်များ၊ ဆန္ဒပြပွဲများ၊ အကြမ်းဖက်မှု များ ဆက်တိုက်ဆိုသလို ဖြစ်လာနေ၍ ဆောင်းဦးပေါက် လာချိန်တွင်တော့အစိုးရ ပြုတ်ကျ ရန် တဲတဲသာ လိုတော့သည့် အနေအထား ရောက်လာတော့သည်။