သူတို့ မျှော်လင့်နေကြဆဲ

by Hla Soewai - Aug 24 2023

တော်လှန်ရေး အင်အားစုများ နှင့် စစ်ကောင်စီ ဩဇာခံ တပ်များ အကြား တနင်္ဂနွေ နေ့တွင် တပ်ကုန်း နှင့် မကွေးတိုင်း မြို့သစ် ထိစပ်ရာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်၊ ရေတာရှည် အနီးတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်ဟု သိရသည်။

 

နေပြည်တော် နှင့် ရန်ကုန် ပြေးဆွဲနေသော ကုန်တင် ရထားတွဲအားလည်း မိုင်းခွဲဖျက်ဆီးနိုင်ခဲ့ပြန်သည်။

 

ကရင် အမျိုးသား သမဂ္ဂ နှင့် အမျိုးသား ညီညွတ်ရေး အစိုးရသည် ကရင်၊ မွန် နှင့် တနင်္သာရီ ဒေသများ အတွင်း ကောင်းစွာ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်၍ ပဲခူး တိုင်း ဒေသကြီး အတွင်း ပူးတွဲ စစ်ဆင်ရေးများ ဖေါ်ဆောင်တော့မည်ဟု သိရသည်။

 

စိတ်အား တက်ကြွလာနေသော KNU တပ်ဖွဲ့များသည် စစ်တောင်းမြစ် အနောက်ခြမ်း ကို ဖြတ်ကူးလာနေကြပြီဟု မကြာမီ က ကျေညာသွားခဲ့သည်။

 

ရှမ်းပြည်မြောက်ပိုင်း လာရှိုး၊ ကွတ်ခိုင် နှင့် သိန္ဓိ မြို့ အနီးတဝိုက်တွင်လည်း TNLA တပ်များ နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိနေသည်။

 

ဧရာဝတီ သတင်းဌာန မှ ဗဟိုဘဏ်၏ ယခုနှစ် မတ်လကုန် အတွက် နိုင်ငံခြားငွေ လက်ဝယ်ထားရှိမှု အစီရင်ခံစာ အား လက်ဝယ်ရရှိခဲ့ရာ ထိုအချိန်က နိုင်ငံခြား အရံငွေ ဒေါ်လာ ၆.၈ ဘီလီယံ အား နိုင်ငံတကာ ဘဏ်များ တွင် အပ်နှံထားသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

 

ထိုအထဲတွင် စင်္ကာပူရှိ ဘဏ် ကိုးခု တွင် ဒေ့ါ်လာ ၄.၅ ဘီလီယံ နှင့် ရှိနေပြီး စုစုပေါင်း ပမာဏ၏ ၆၇ ရာနှုန်း ရှိနေသည်။ အမေရိကန် တွင် ၂၀ ရာနှုန်း၊ ဆွစ်ဇာလန် တွင် ၁၂ ရာနှုန်း၊ မလေးရှား၊ ဟောင်ကောင် နှင့် ထိုင်းတွင် ၁ ရာနှုန်းစီ အသီးသီး ရှိနေကြသည်။ တရုတ်ဘဏ်များတွင်မူ အပ်နှံထားခြင်း မတွေ့ခဲ့ရပေ။

 

အဆိုပါ ပမာဏသည် ဧပြီ၊ မေ နှင့် ဇွန် သုံးလစာ အတွက် သွင်းကုန်များ ပေးချေရန် လုံလောက်သော ပမာဏ လည်း ဖြစ်သည်။ လက်ရှိ နိုင်ငံခြား အရံငွေ အနေအထားကို မသိရသေးသော်လည်း ကျပ်တန်ဖိုး နေ့စဉ်နှင့် အမျှ ကျဆင်းလာနေမှု ကြောင့် မည်သည့် အခြေ ဆိုက်နေသည်ကို မသိရသေးဟု ဆိုသည်။

 

သို့သော် အာဏာသိမ်း ခေါင်းဆောင်သည် လက်ရှိ အပ်နှံထားသော နိုင်ငံခြား အရံငွေများကို သဘောရှိ ထုတ်နှုတ် သုံးစွဲခွင့် ရှိမရှိ ဆိုသည့် အရေးအား ဆွေးနွေးစရာ ဖြစ်လာခဲ့သည်။ နိုင်ငံရေး လေ့လာသုံးသပ်သူ တဦး မှ မူ သီအိုရီ အားဖြင့်မူ ဗဟိုဘဏ်အား ဒဏ်ခတ် ပိတ်ဆို့ထားမှု မရှိသေး၍ ထုတ်ယူ နိုင်စွမ်း ရှိနေသည်။ သို့သော် အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်မှုများ အရှိန်မြင့်လာ၍ ပြည်ပရှိ ဘဏ်ကြီးများက ၎င်းတို့ နှင့် ဆက်သွယ် လုပ်ဆောင်ရာတွင် အန္တရာယ်များလာသဖြင့် နောက်ပိုင်းတွင် ငြင်းဆိုလာနိုင်ဖွယ် ရှိနေသည်။

 

အမေရိကန် သည် ရုရှား ဗဟိုဘဏ်အား စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ထားပြီး ဖြစ်၍ ပြည်ပတွင် အမေရိကန် ဒေါ်လာ နှင့် အပ်နှံထားငွေများ ရွှေ့ပြောင်း၍ မရ ဖြစ်သွားခဲ့သည်။

 

စစ်ကောင်စီသည်လည်း နောက်ပိုင်းတွင် ထိုဘဏ်များတွင် အပ်နှံထားရသည် ကို စိုးရွံ့လာဟန် ရှိပုံရသဖြင့် ဘင်္ဂလားဒေ့ရှ် ဘဏ်တိုက်သို့ ပြောင်းရွှေ့အပ်နှံလာပုံရသော ဒေါ်လာ ၁.၁ သန်း သည် လည်း ထိန်းချုပ်ခံလိုက်ရသည်။

 

ယခုအခါ ကျွမ်းကျင်သူများ က စစ်ကောင်စီ၏ ထိန်းချုပ်မှု အောက်သို့ အပြည့်အဝ ရောက်ရှိနေပြီ ဖြစ်သော မြန်မာ ဗဟိုဘဏ်အားလည်း ပိတ်ဆို့ ဒဏ်ခတ်ရန် တောင်းဆိုလာနေပြီ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ဘဏ္ဍာရေး ဝန်ကြီး ဦးတင်ထွန်းနိုင် မှ ပြည်ပတွင် အပ်နှံထားသော တိုင်းပြည်ဘဏ္ဍာငွေများကို အာဏာသိမ်း အဖွဲ့မှ ထင်သလို ထုတ်ယူ သုံးစွဲနေမှု ကို ဟန့်တားပေးရန် နိုင်ငံကြီးများ ရှိ ဗဟိုဘဏ်နှင့် ငွေကြေး အာဏာပိုင် အဖွဲ့အစည်းများကို မိမိတို့ ဆက်သွယ် ပြောဆိုလျက် ရှိသည်ဟု ဆိုသည်။

 

လက်ရှိ စစ်အာဏာရှင်များသည် ခေတ်အခြေအနေများ ပြောင်းလာခဲ့သဖြင့် ဗိုလ်သန်းရွှေ လက်ထက် က ထက်ပင် ပြည်ပမှ ဘဏ္ဍာငွေများ စီးဝင်လာမှု ကို ပိုမို အားကိုးအားထား ပြုနေရ၍ ယခင်လို ပဲ ထိရောက်မှု ရှိမည် မဟုတ်ဟု ပြော၍ မရဟု ဆိုသည်။ ၎င်းတို့ အတွက် တဒေါ်လာ လောက် ရဖို့ ခက်ခဲလာရတိုင်း ဆန်ရှင်း၏ ထိရောက်မှု ရှိလာနေပြီ ဖြစ်သည်ဟု ဆိုသည်။

 

ယခုအခါ စစ်ကောင်စီ မှ စိတ်အချရဆုံး ဟု ယူဆထားသော စင်္ကာပူ ရှိ United Overseas Bank (UOB) မှလည်း မြန်မာ နှင့် အဆက်အသွယ် ဖြတ်ရန် ပြင်ဆင်နေပြီ ဆိုသော သတင်းများ ထွက်ပေါ်လာနေသည်။ UOB သို့ မတ်လကုန်ပိုင်းက ဒေါ်လာ သန်း ၃၅၀ ရွှေ့ပြောင်းထားခဲ့၍ ထိုအချိန်က စုစုပေါင်း ဒေါ်လာ ၆၂၅ သန်း ရှိနေသည် ဟု သိရသည်။

 

စစ်ကောင်စီ အဖို့ နိုင်ငံခြား အရံငွေ များ ထုတ်ယူနိုင်ခွင့်၊ ဘဏ်တခု မှ တခုသို့ ရွှေ့ပြောင်းဖို့ပင် အခက်အခဲများ တွေ့လာနေရ၍ ဉာဏ်နီဉာဏ်နက်များ ထုတ်သုံးလာနေရပြီ ဖြစ်သည်။

 

၎င်းတို့နှင့် မည်သို့မျှ မပတ်သက်သည့်အပြင် အလှမ်းဝေးလှသည့် နိုင်ဂျား အာဏာသိမ်းမှု ကိုပင် ထောက်ခံကြောင်း စစ်အာဏာသိမ်း အဖွဲ့က ထိန်းချုပ်ထားသည့် သတင်းစာများ တွင် ရေးသားလာခဲ့ပြန်သည်။

 

နိုင်ငံတကာ အလယ်တွင် ဂုဏ်သိက္ခာ တပြားသားမျှ မကျန်တော့အောင် လူထု အား ဖိနှိပ်လာနေ၍ ရှေ့လျောက် မည်သို့ စခန်းသွားဖို့ ကြံနေကြသည်ကို မည်သူမျှ စဉ်းစားမရ ဖြစ်နေကြသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

အချက်အလက် ကိုးကား - ဧရာဝတီ သတင်းဌာန