စိတ်များ ဖေါက်ပြန်ကုန်ကြပြီလော

by Hla Soewai - Aug 24 2023

လာမည့် စက်တင်ဘာလ အစောပိုင်း တွင် ကမ္ဘာ့ ခေါင်းဆောင်များသည် အာဆီယံ နှင့် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲများ တက်ရောက်ရန် ဂျကာတာ သို့ ဆိုက်ရောက်လာကြမည် ဖြစ်သည်။ အမေရိကန် ဒုသမ္မတ ကင်မလာ ဟာရစ် အပါအဝင် G-7 နိုင်ငံများမှ ခေါင်းဆောင်များ ပါဝင်မည် ဖြစ်ပြီး ဂျိုးဘိုင်ဒင်သည်လည်း နောက်ပိုင်းတွင် ပြုလုပ်မည့် G-20 အစည်းအဝေး သို့ တက်ရောက်မည် ဖြစ်သည်။

 

မြန်မာ သည် စစ်ရာဇဝတ်မှုများ ဆက်လက် ကျုးလွန်နေသည့် အတွက် ထိုအစည်းအဝေးများတွင် အဓိက အကြောင်းအရာ အဖြစ် မလွဲမသွေ ပါဝင်နေမည် ဖြစ်သည်ဟု သတင်းများက ဆိုသည်။

 

သို့သော် နိုင်ငံတကာ၏ မြန်မာ အရေး ဖြေရှင်းရန် သံတမန်ရေးအရ ကြိုးပမ်းမှု များသည် အောင်မြင်မှု မရ ဖြစ်နေဆဲပင် ဖြစ်သည်။ ထိုသို့ အောင်မြင်မှု မရ ဆိုသည်ကိုလည်း ၎င်းတို့ အား နောက်ထပ် သိသာ ထင်ရှားစေရန် စစ်အာဏာသိမ်း မှ တွေ့ဆုံ ဆွေးနွေးရေး ဆိုသည်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် ပြောဆိုခြင်းမျိုးသာ ဖြစ်ရမည်ဟု သဘောပါသည့် စကားမျိုး ပြောဆို လာခဲ့သည်။ ဆွေးနွေးလိုလျှင် အကြမ်းဖက် လုပ်ရပ်များ နောက်မလုပ်တော့ကြောင်း၊ လုပ်ခဲ့သူများကိုလည်း ဝေဖန် ရှုတ်ချကြောင်း ကမ္ဘာသိ ကျေညာ ပေးမှ ဖြစ်နိုင်မည်ဟု ဆိုသည်။

 

ဆိုလိုသည်က ကျွန်တော်တို့ မှားပါပြီ ဆိုမှ ဆွေးနွေးမည် ဆိုခြင်းသည် ၎င်းတို့ ထံ ခစားပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ တောင်းဆိုရန်သာ ကျန်ပေ‌တော့သည်။ စစ်ကောင်စီ ၏ အမြဲလို ခံယူထားသော ငြိမ်းချမ်းရေး မူလည်း ဖြစ်သည်။ 

 

စီးပွားရေး တွင်သာမက နိုင်ငံရေးတွင်လည်း သုံးစားမရအောင် အလွဲလွဲ အချော်ချော် လုပ်ကိုင်နေကြပြီး၊ အကင်းပါးမှု မရှိပြန်ပေ။ နိုင်ငံတကာ အစည်းအဝေးများ ကျင်းပရန် စိုင်းပြင်းလာကြချိန်တွင် မည်သို့မျှ မဖြစ်နိုင်သော ကြိုတင် စည်းကမ်းသတ်မှတ်ချက် များ ပြောဆိုလာခြင်း ဖြင့် နိုင်ငံရေး နည်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည် ဆိုသော မျှော်လင့်ချက်များ ဆုပ်ကိုင်ထားဆဲ ဖြစ်သည့် နိုင်ငံတကာ ကို မဖြစ်နိုင်ကြောင်း အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

ထိုသို့ မျှော်လင့်ချက်အမှားများ ဆုပ်ကိုင်နေကြသည့် နိုင်ငံတကာ အားလည်း အခြေအနေမှန်ကို သဘောပေါက်သွားစေမည့် အပြောအဆိုမျိုးလည်း ဖြစ်နေ၍ ပြည်သူများ ဖက်က တအား တက်လာစေပြန်သည်။

 

၎င်းတို့ ကိုယ်တိုင် အကြမ်းဖက် လုပ်ရပ်များ ကျုးလွန်နေ၍ နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး တွင် အမှု ရင်ဆိုင်ရတော့မည့် အဖြစ်၊ ကုလ ၏ လွတ်လပ်သော စုံစမ်းရေး ကော်မရှင် လက်ထဲတွင် သက်သေ အထောက်အထား ပေါင်း သိန်း နှင့် ချီ ရှိထားသည့် အဖြစ်၊ ရိုဟင်ဂျာ များ အပေါ် အကြမ်းဖက်မှုများ ကျုးလွန်ခဲ့၍ နိုင်ငံတကာ တရားရုံး တွင် အမှု ရင်ဆိုင်နေရဆဲ အဖြစ်၊ ကုလ လုံခြုံရေး ကောင်စီ မှ အကြမ်းဖက်မှု များ ရပ်တန့်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း အစရှိသည်တို့ ကြားမှ ထိုသို့ သွေးရူးသွေးတမ်း ပြောဆိုနေခြင်းပင် ဖြစ်သည်။

 

၎င်းတို့ စိတ်ထဲတွင်တော့ ယခုလို ပြောလာခြင်းသည် လည်း စစ်အာဏာသိမ်း အဖွဲ့သည် အောင်ပွဲများ ခံလာနေ၍ ထိုသို့ တင်းတင်းမာမာ ပြောခြင်းဟု ကမ္ဘာက အထင်ရောက်စေရန်လည်း ဖြစ်သည်။ စစ်ကောင်စီသည် ဖြစ်နိုင်လျှင် ကမ္ဘာကြီးက သူ့တို့အား စိတ်လျော့ပြီး မေ့သွားစေချင် နေသည်။ အလားတူ ပြည်သူများအားလည်း မိမိတို့ဖက်မှ နောက်ဆုံးတွင် အောင်ပွဲခံရမည် ဆိုသည့် မျှော်လင့်ချက်များ အားလည်း ၎င်းတို့ စဉ်းစားလို့ ရသမျှ အကြမ်းဖက် နည်း ပေါင်းစုံဖြင့် ချေဖျက်လျက် ရှိနေသည်။

 

သို့သော် အောင်မြင်ခြင်း ရှိမရှိ ဆိုသည်က နေပြည်တော် တွင်သာမက ပဲခူးတိုင်း အတွင်း တွင် ပင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေရပြီ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ပြောခွင့်ရ ဦးမောင်မောင်ဆွေမှ စစ်ကောင်စီသည် မရှုနိုင် မကယ်နိုင် ဖြစ်လာတဲ့ အခြေအနေတွေမှာ ဗလောင်းဗလဲ၊ လိမ်လည် ပြောဆိုနေခြင်းသာ ဖြစ်သည်ဆိုကာ ပယ်ချလိုက်သည်။

 

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ သည်လည်း လက်ရှိ အခြေအနေများသည် အာဆီယံ၏ အချက် ငါးချက် ဖြင့် မည်သို့မျှ ဖြေရှင်း၍ မရတော့ပဲ လက်ရှိထက် ပို၍ ပြင်းထန်သည့် အရေးယူမှု များ ပြုလုပ်ရန် လိုအပ်နေပြီ ဆိုသည့် အယူအဆများ ခိုင်မာသည်ထက် ခိုင်မာအောင် ဇော်မင်းထွန်းက အားဖြည့် ပေးလိုက်ခြင်းပင် ဖြစ်သည်။

 

လာမည့် အာဆီယံ အစည်းအဝေး တွင် ထိုင်း အစိုးရသစ် ၏ သဘောထားကို အာဆီယံမှ တရားဝင် သိခွင့်ရလာဖို့ ရှိနေသည်။

 

လက်ရှိ စီးပွားရေး အခြေအနေများ အပေါ် မည်သို့ မည်ပုံ ဖြေရှင်းရမည်ကို တွေးပင် တွေးနိုင်စွမ်း မရှိတော့သော စစ်ကောင်စီသည် ယခုလို ဒေါ်လာဈေးများ တက်လာခြင်းသည် ၎င်းတို့ ကျေးဇူးတရားကို မစောင့်သိသော ဘဏ်များ ကြောင့် ဖြစ်သည်ဟု ဇော်မင်းထွန်းက ပြောလာပြန်သည်။ ၎င်းတို့အား အရေးယူရမည်ဟု လည်း ဆိုသည်။

 

၎င်း ပြောသည့် ကျေးဇူးတရား ဆိုသည်မှာ အာဏာသိမ်းပြီးနောက် လူထုက ဘဏ်များ မှ ငွေများ အလုံးအရင်း နှင့် ထုတ်နေသည်ကို ဝင်ရောက် ကန့်သတ်ပေးလိုက်သည့် အဖြစ်ကြောင့် ထိုဘဏ်များ ပြိုလဲမသွားရခြင်း ဖြစ်သည်၊ ထိုကျေးဇူးတရားကို ထောက်ထားရမည်ဟု ဆိုသည်၊ ထိုသို့ ဖြစ်လာခြင်းသည် ဘဏ်များ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် မဟုတ်ပဲ ၎င်းတို့ အဆင်ခြင်မဲ့ အာဏာသိမ်း၍ ဖြစ်လာရခြင်း မဟုတ်ပါလော။ ဘဏ်များက ၎င်းတို့ ထိုသို့ အကူအညီ ပေးလာသည့် ကျေးဇူးကို မသိတတ်ဟု ပြောလာသည့် လူများ၏ အသိဉာဏ် သည် မည်မျှ အထိ ခေါင်းပါးနေပေသနည်း။

 

၎င်းတို့ ကြောင့် ဖြစ်လာသည့် စီးပွားရေး ဒုဗ္တိကန္တာရ ကပ်ကြီးအား သစ္စာမရှိသော ဘဏ်များကြောင့် ဟု ပြောလာခြင်းသည် စိတ်ဖေါက်ပြန်သွားခြင်းမျိုးသာ ဖြစ်သည်ဟု မစ္စတာ ရှောင်တန်နဲလ် က ဧရာဝတီ သတင်းဌာနသို့ ပြောခဲ့သည်။

 

ယခုအခါ ၎င်းတို့ တရားခံ ရှာနေသည့် စာရင်းထဲတွင် ကျေးဇူး မသိတတ်သည့် ဘဏ်များ နှင့် ကုန်သည်ကြီးများ အသင်းကိုလည်း ထည့်သွင်းလိုက်ပြီ ဖြစ်သည်။

 

ဇော်မင်းထွန်းမှ ပို့ကုန်သမားများထံမှ တဒေါ်လာလျှင် ၂,၉၀၀ နှင့် ပြန်ဝယ်ပြီး အွန်လိုင်းတွင် ပို့ကုန်သမားများအား ၂,၉၂၀ နှင့် ပြန်ရောင်းနေရကြောင်း နှင့် ပြင်ပတွင် ဒေါ်လာသည် ၃,၅၀၀ အထိ ရှိကြောင်း ဝန်ခံခဲ့ပြန်သည်။

 

စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းနေခြင်း၊ ငွေကြေး ပြိုလဲ သွားခဲ့ရခြင်း၊ ငွေကြေး ဖေါင်းပွမှု မြင့်တက်လာခြင်း၊ အမြဲလို ဘတ်ဂျက် လိုငွေ ပြနေခြင်း၊ အတားအဆီး မရှိ ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခြင်း၊ ကုန်သွယ်ရေး လိုငွေပြမှု မြင့်မားလာခြင်း၊ အကြွေးပြန်ဆပ်နှုန်း မြင့်တက်လာခြင်း၊ အထိအခိုက်မခံ ခပ်ယဲ့ယဲ့သာ ရှိသည့် ဘဏ်လုပ်ငန်းစနစ်၊ မြင့်တက်လာနေသော အလုပ်လက်မဲ့နှုန်း၊ ရာဇဝတ်မှုမကင်းသော လုပ်ရပ်များဖြင့် စီးပွားရေး အား အသက်ဆက်နိုင်ရန် ပြုလုပ်လာခြင်း အစရှိသည့် တို့သည် ကင်ဆာရောဂါကြီးလို ကြီးကြီးမားမား အမြစ်တွယ်လာနေခြင်း ဟု မစ္စတာ တန်နဲလ် က ထောက်ပြသွားခဲ့သည်။

 

သို့သော် မင်းအောင်လှိုင် စိတ်ထဲတွင်တော့ အထက်ပါ အချက်များ နှင့် ပြောင်းပြန် ယူဆပြီး ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထုတ်ကာ သာယာဝပြောနေဆဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!