အင်ဒိုနီရှား၏ ကျဆုံးမှု

by Hla Soewai - Aug 13 2023

အာဆီယံ အဖွဲ့ကြီး မှ မြန်မာ အရေး ဖြေရှင်း ပေးနိုင်မည် ဆိုသည် အပေါ် ပြည်သူများက စိတ်ဝင်တစား မရှိကြတော့၊ ထို့အဖွဲ့ကြီးသည် တနေ့ထက် တနေ့ ကျဆင်းလာနေသော သိက္ခာ ကို ပြန်လည် အဖတ်ဆယ် နိုင်ရန် ပြီး ပြီးရော သဘော ဖြေရှင်းချက်မျိုး ထုတ်နိုင်ရန်သာ ကြံစည်နေကြခြင်း ဖြစ်သည်။

 

ထိုအထဲတွင် ကမ္ဘာစင်မြင့်၌ ထူးထူးခြားခြား ထိခိုက် သွားရသူသည် အင်ဒိုနီရှားပင် ဖြစ်သည်ဟု ချန်နယ် နယူးစ် အေးရှား တွင် သတင်းဆောင်းပါး ပါရှိလာခဲ့သည်။

 

အင်ဒိုနီရှားသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေ အထူထပ်ဆုံး နိုင်ငံလည်း ဖြစ်နေပြီး ၂၀၃၀ အရောက်တွင် ဒေသတွင်း အခြေအနေများကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်း ရှိမည့် အင်အားကြီး နိုင်ငံ တခု အဖြစ် ရောက်ရှိအောင် ရည်မှန်းထားသည့် နိုင်ငံလည်း ဖြစ်နေသည်။ ထိုသို့ အနေအထား ရောက်ရှိရန် အင်ဒိုနီရှားသည် အနှစ် နှစ်ဆယ် အတွင်း ကမ္ဘာတွင် စီးပွားရေး နှင့် စစ်ရေးတွင် စတုတ္ထမြောက် အင်အားကြီး နိုင်ငံ အဖြစ် တက်လှမ်းနိုင်ရန် ကြိုးပမ်းလျက် ရှိနေသည်၊ ယခုအခါ ထိုရည်မှန်းချက် အောင်မြင်ခြင်း ရှိမရှိ ကို မြန်မာ အရေး ဖြေရှင်းနိုင်မှု ရှိမရှိ ဆိုသည့် အရည်အချင်းစစ် စာမေးပွဲ နှင့် ကြုံနေရပြီ ဖြစ်သည်။

 

စစ်တပ်မှ အာဏာသိမ်း အပြီး နှစ်လခွဲအကြာ ပေါ်ပေါက်လာသော အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် အာဆီယံ နိုင်ငံ ခေါင်းဆောင်များ တီထွင် ထုတ်လုပ်ခဲ့သော အချက် ငါးချက်သည်လည်း ခရီးမရောက် ဖြစ်လာသည်။ ထိုအတွက် ဥက္ကဌ ဖြစ်လာသူ အင်ဒိုနီရှား မှ မည်သို့ မည်ပုံ ဖြေရှင်းလာမည်လဲဟု နိုင်ငံတကာ က အထူး အာရုံစိုက်လာသည်။

 

သို့သော် အင်ဒိုနီရှား၏ အင်းမလှုပ် အဲမလှုပ် ဖြစ်နေမှု အပေါ် အားမလိုအားမရ ဖြစ်ကာ ဝေဖန်မှုများ ထွက်ပေါ်လာနေ၍ မေလ အတွင်းတွင် နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီမှ မိမိတို့ quiet diplomacy ခေါ် ကန့်လန့်ကာ နောက်ကွယ်မှ ကြိုးပမ်းနေသည်ဟု တုန့်ပြန်လာခဲ့သည်။ သို့သော် နိုင်ငံတနိုင်ငံ ၏ ပြုမူ ဆောင်ရွက်နေသည်များကို အခြား တနိုင်ငံ က မလုပ်သင့်ဟု တိုးတိုးတိတ်တိတ် ပြောနေခြင်းသည် သေချာပေါက် အောင်မြင်နိုင်စရာ အကြောင်း မရှိသဖြင့် ဒေသတွင်း တည်ငြိမ်မှု ကို ဖေါ်ဆောင်နိုင်မည့် အင်ဒိုနီရှား၏ ရည်မှန်းချက်များ ထိခိုက်သွားခဲ့ရသည်။ 

 

အင်ဒိုနီရှားသည် အပြောသာ ရှိပြီး ပြည်တွင်းရေး ဝင်မစွက်ဟူသော မူဖြင့် မလိုက်နာလျှင် အရေးယူမည့် အစီအစဉ်များ တခုမှ မရှိဖြစ်နေ၍ မြန်မာ စစ်ဗိုလ်ချုပ်များ အဖို့ တဖက်နားကဝင် တဖက် နားကထွက် သဘောမျိုး ဖြစ်လာခဲ့သည်။

 

အာဆီယံ သည် ထိုသို့ အပြောသက်သက် ဖြင့် အောင်မြင်နိုင်ရန် အခြေအနေများ ပြောင်းလဲလာနိုင်မှု အပေါ် အဓိက အားထားလာခဲ့သည်။

 

ပထမ အချက် အနေဖြင့် စစ်စရိတ်များ ထောင်းလာပြီး အရပ်သားများ ထိခိုက်သေဆုံးမှု မြင့်တက်လာမည်ဆိုက စေ့ဆပ်ဆွေးနွေးရေး စားပွဲဝိုင်းသို့ ရောက်လာကြမည် ဟူ၍ ဖြစ်သည်။ သို့သော် လက်ရှိတွင် နှစ်ဖက်စလုံးက စစ်ပွဲ အရှိန် မြှင့်တင်လာနေသည့် အတွက် ၎င်းတို့ မျှော်လင့်သလို ဖြစ်မလာခဲ့တော့ပေ။

 

စစ်ဗိုလ်ချုပ်များသည်လည်း အနောက်တိုင်းမှ ပိတ်ဆို့ ဒဏ်ခတ်မှု များ ရှိနေသော်လည်း ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းများမှ ရသော ဝင်ငွေများ ဖြင့် ရုရှား၊ တရုတ်၊ အိန္ဒိယ ကဲ့သို့ နိုင်ငံများမှ လက်နက်များ ဝယ်ယူ ဖြည့်တင်းနိုင်စွမ်း ရှိနေပြန်သည်။

 

နောက်တကြောင်းက အနောက်အုပ်စု၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများသည် အခြားနိုင်ငံများ၏ လိုက်နာမှု လိုအပ်နေခြင်းပင် ဖြစ်သည်။ စစ်တပ် အတွက် လက်နက်ပွဲစားဟု စွပ်စွဲခံထားရသူ ကရိုနီ တေဇသည် စင်္ကာပူတွင် အခြေစိုက် လုပ်ကိုင်နေနိုင်ဆဲပင် ဖြစ်သည်။ ဤသည်ကို ကြည့်ပါ ကုန်သည် ပွဲစားများသည် နိုင်ငံတကာ ပိတ်ဆို့ ဒဏ်ခတ်မှု များကို ကွေ့ဝိုက် ရှောင်လွှဲနိုင်ဆဲ ဖြစ်သည်ကို ပြဆိုနေသည်။

 

၂၀၂၂ ဒီဇင်ဘာလ အတွင်း ဂျိုးဘိုင်ဒင် မှ အတည်ပြု ပေးလိုက်သော BURMA ACT ဖြင့် ဆေးဝါး၊ ရေဒါ၊ စစ်သည်တင် သံချပ်ကာ ယာဉ်များ ကဲ့သို့ လူ့အသက်အန္တရာယ် မထိခိုက်နိုင်သည့် အကူအညီများ ပါရှိလာ၍ တော်လှန်ရေး အင်အားစုများအား စားပွဲဝိုင်းဆီသို့ ခေါ်ယူနိုင်ရန် ပို၍ အခက်အခဲ တွေ့လာနေရသည်။

 

နောက်ဆုံး အချက်အဖြစ် စစ်အာဏာသိမ်း အဖွဲ့ မှ တော်လှန်ရေး အင်အားစု များ အား အားပျော့သွားအောင် မလုပ်နိုင်သည့်အပြင် ပို၍လည်း အင်အားကြီးမားလာနေ၍ ဆွေးနွေးဖို့ မည်သို့မျှ စိတ်ပါလက်ပါ ရှိကြတော့မည် မဟုတ်ပေ။

 

ဝင်ရောက် ဖြန်ဖြေ ပေးမည့်သူများ အဖို့လည်း ၎င်းတို့၏ လုပ်ရပ်များအား ပြီးတာတွေ ပြီးပါစေ သဘောမျိုး သဘောထားပြီး ၎င်းတို့အား စေ့ဆပ်ရေး စားပွဲဝိုင်းသို့ ခေါ်ယူလာရမည့် အရေး နှင့် ရင်ဆိုင်နေရပြန်သည်။

 

စစ်တပ်သည် နိုင်ငံသားများ အပေါ် ရက်စက်ကြမ်းကြုပ်မှု များ နေ့စဉ်နှင့် အမျှ ကျုးလွန်နေကြ၍ နိုင်ငံတကာ၏ သည်းငြည်းခံနိုင်မှု အတိုင်းအတာ သည် တနေ့တခြား လျော့ပါးလိုက်လာနေပြီ ဖြစ်သည်။

 

အာဆီယံသည် အာဏာသိမ်း အဖွဲ့အား ၎င်းတို့၏ အစည်းအဝေးများကို ဖိတ်ကြားခြင်း မပြုသည့် အဆင့်တွင်သာ တန့်နေပေသေးသည်။ အဖွဲ့ဝင် အဖြစ်မှ လုံးလုံးလျားလျား ရပ်ဆိုင်းပစ်ခဲ့လျှင် ဒေသအတွင်း လှုပ်လှုပ်ရွရွ ဖြစ်လာမည့် အရေးကို စိုးရွံ့နေကြသည်။

 

အင်ဒိုနီရှားသည် ဥက္ကဌ ရာထူး စွန့်လွှတ်ရမည် ဖြစ်သော်လည်း လက်ရှိ စီးပွားရေး နှင့် စစ်ရေး အရ ဩဇာအာဏာ ရှိနေမှု နှင့် ကိုယ်ကျင့်တရား ပိုင်းဖြင့် နှစ်ဖက်စလုံးအား ဆက်၍ ဖျောင်းဖြ ပြောဆိုသင့် ပေသည်ဟု ဆောင်းပါးတွင် တိုက်တွန်း ရေးသားထားသည်။

 

မိမိ အနေဖြင့် နမူနာ အဖြစ် ပြရမည်ဆိုလျှင် The Economic Community of West African States (ECOWAS) ခေါ် အနောက် အာဖရိက နိုင်ငံများ စီးပွားရေး အဖွဲ့ကြီး မှ အဖွဲ့ဝင် ဖြစ်သော နိုင်ဂျားမှ အာဏာသိမ်း စစ်ဗိုလ်ချုပ်များအား တပတ်အတွင်း သမ္မတ မိုဟာမက် ဘာဇိုရမ်အား အာဏာပြန်လည် အပ်နှင်းရန် ပြောလာခဲ့သည်။ ထိုသို့ မလုပ်ဟု ဆိုက အင်အားသုံး ဝင်ရောက် ဖြေရှင်းရမည်ဟု ပြောလာခြင်းပင် ဖြစ်သည်။

 

အပြောနှင့် အလုပ်ညီရန် ဩဂုတ်လ ၂ ရက် ဗုဒ္ဓဟူးနေ့ တွင် ECOWAS အုပ်စုမှ ကာကွယ်ရေး ဦးစီးချုပ်များ တနေကုန် တွေ့ဆုံပြီး အစီအစဉ်များ ရေးဆွဲလာကြသည်။

 

အကယ်၍သာ အာဆီယံသည် ထိုကဲ့သို့ ပြတ်ပြတ်သားသား ပြောနိုင်ခဲ့မည် ဆိုလျှင် မြန်မာ ပြည်သူများ ယခုလို ဒုက္ခသုက္ခများ တွေ့ကြုံခံစားနိုင်စရာ အကြောင်း ရှိတော့မည် မဟုတ်သည်ကား သေချာလှပေသည်။

 

“ရှေ့သို့သာလျှင် အစဉ်တစိုက် လှိမ့်နေသော ရာဇဝင်ဘီး ကို နောက်ပြန်သော်၎င်း၊ ရပ်တန့်၍ သွားအောင်၎င်း၊ ဆွဲထား၍မရ၊ ရာဇဝင်ဘီးကို ဆွဲထားရန် မိုက်မဲစွာ ကြိုးပမ်းခဲ့ကြသော ဗြိတိန်၏ ပထမမြောက် ချားဘုရင်၊ ပြင်သစ် လူဝီ ဘုရင် နှင့် ရုရှား ဇာဘုရင်တို့၏ ကံကြမ္မာကို ပြန်လည် စဉ်းစား၍ သတိရကြပါလော့။”

 

(ဗန်းမော်တင်အောင်)

 

ထိုအကြောင်း ခြင်းရာ သုံးရပ်စလုံးကို ခေတ်အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ တွင် ဖေါ်ပြထားခဲ့ပြီး ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချအောင်ရမည်။