အာဏာသိမ်း အဖွဲ့သည် စစ်ရာဇဝတ်မှုများကို ပို၍ လက်ရဲဇက်ရဲ ကျုးလွန်လာဟု ကုလ ပြော

by Hla Soewai - Aug 13 2023

မြန်မာ ပြည်သူ တို့သည် စစ်တပ်မှ မြန်မာနည်း မြန်မာဟန် ဆိုရှယ်လစ် လမ်းစဉ် ဟု တီထွင်ကာ နှစ်ပေါင်း ၂၆ နှစ် ကြာ ခေါင်းမထောင်နိုင်အောင် ဖိနှိပ်အုပ်ချုပ်ခဲ့သည်၊ ထိုရလဒ် အဖြစ် ယခင်က တောင်ကိုရီယား နှင့် ပင် ရင်ဘောင်တန်း နိုင်ခဲ့သည့် မြန်မာသည် ကမ္ဘာ အဆင်းရဲဆုံး နိုင်ငံ အဖြစ် ရောက်ရှိသွားခဲ့ရသည့် အဖြစ်နှင့် အတူ လူထု ၏ စားဝတ်နေရေး သည် ဆိုးဝါးသည်ထက် ဆိုးဝါးလာနေချိန်တွင် ခေါင်းဆောင် ဖြစ်သူ ဗိုလ်နေဝင်း မှ မည်သို့မျှ အကြောင်းပြခြင်း မရှိပဲ ငွေစက္ကူများအား တရားမဝင် ငွေ ဟု ကျေညာကာ အေးဓမြတိုက် ဖျက်သိမ်း ပစ်ခဲ့သည်။

 

တငွေ့ငွေ့ နှင့် လောင်ကျွမ်းနေသော မီးပုံကြီးထဲသို့ ဓါတ်ဆီလောင်း လိုက်သကဲ့သို့ ဖြစ်လာပြီး မြန်မာ့သမိုင်း တွင် အကြီးမားဆုံးသော လူထု လှုပ်ရှားမှု ကြီး သည် ၁၉၈၈ ဩဂုတ်လ ၈ ရက်နေ့တွင် တနိုင်ငံလုံးသို့ ကူးစက် ပျံ့နှံ့သွားသည်။ ထို့နေမှာပင် စစ်တပ်၏ ရက်စက်စွာ ဖြိုခွင်းခဲ့မှု ကြောင့် လူပေါင်း ထောင်ချီ၍ သေဆုံးခဲ့ရသည်။

 

ပြည်သူတို့၏ ခုခံ ဆန့်ကျင်မှု ကြောင့် အာဏာ လက်လွှတ်ရမတတ် ဖြစ်လာချိန်တွင် တော့ ယခုလိုပင် စစ်တပ်မှ အာဏာသိမ်းယူ လာခဲ့သည်။ ယင်းနှင့် အတူ လက်နက်မဲ့ ပြည်သူ ထောင်ပေါင်းများစွာ သည် ၎င်းတို့၏ အရေးတော်ပုံကြီး အား အကြောက်အကန် ကာကွယ်ရင်း အသက်ပေးလှုသွားခဲ့ရပြန်သည်။

 

ရှစ်လေးလုံး အရေးတော်ပုံကြီးသည် မိမိတို့ မြန်မာ အမျိုးသားခြင်းကို လက်နက်အားကိုး ဖြင့် ဖိနှိပ် ကျွန်ပြုထားမှုကို အနုနည်းဖြင့် ဆန့်ကျင်တွန်းလှန် ခဲ့သည့် အဆင့်တွင်သာ ရှိပေသေးသည်။

 

ထိုအချိန်တွင် လူထု အတွင်း ကုလသမဂ္ဂ နှင့် နိုင်ငံတကာမှ ၎င်းတို့အား အသိအမှတ် မပြုပါက ချက်ခြင်းလို ပြိုလဲသွားနိုင်သည်ဟု ယုံကြည်မှု များ ရှိနေသောလည်း အကူအညီများ ရုပ်သိမ်းခြင်း၊ ရှုတ်ချခြင်းများမှ လွဲ၍ နိုင်ငံတကာမှ ပျက်ကွက်ခဲ့ကြသည်။

 

ထိုသို့ အနေအထား မျိုးသာ ရင်ဆိုင်ရနိုင်သည်ဟုသာ တွေးဆခဲ့ကြသည့် စစ်တပ်သည် ထိုပြစ်မှုကြီးကိုပင် နောက်တကြိမ် ကျုးလွန်ခဲ့ကြပေသည်။ ယခုအခါတွင်တော့ အစိုးရ တရပ် အနေဖြင့် ကျုးလွန်နိုင်သည်ဟု တွေးယူ၍ပင် မရခဲ့သော ရာဇဝတ်မှု များကို တနိုင်ငံလုံး တွင် အုံနှင့် ကျင်းနှင့် ကျုးလွန်လာခဲ့ကြပြီ ဖြစ်သည်။

 

သို့သော် ကုလသမဂ္ဂသည် ၎င်းတို့ ဟော့ရမ်းခြင်းတိုင်း ဟော့ရမ်း၊ သောင်းကျန်းခြင်တိုင်း သောင်းကျန်းနေမှု အား မည်သို့မျှ ရေငုံနှုတ်ပိတ် နေ၍ မရတော့ပဲ ကမ္ဘာသိ ဖွင့်ချလာခဲ့ပြီ ဖြစ်သည်။

 

အင်္ဂါနေ့က ထုတ်ပြန်လိုက်သော မြန်မာအရေး လွတ်လပ်သော ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် မြန်မာ စစ်တပ်သည် အရပ်သားများကို ဗုံးကြဲ တိုက်ခိုက် ခြင်း အပါအဝင် စစ်ရာဇဝတ်မှု များကို ပို၍ပင် လက်ရဇက်ရဲ နှင့် မကြာခဏ ဆိုသလို ကျုးလွန်နေကြသည်ဟု ပါရှိလာခဲ့သည်။

 

၂၀၂၂ ဇူလိုင် နှင့် ၂၀၂၃ ဇူလိုင် လ များ အကြား မိမိတို့ စုံစမ်း စစ်ဆေးခဲ့မှုများအရ ထိုသို့ ကျုးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု များ အတွက် သက်သေ အထောက်အထား အခိုင်အမာ ရရှိထားပြီး ဖြစ်သည်။ ၎င်းတို့ ကျုးလွန်ခဲ့သော စစ်ရာဇဝတ်မှု များ အား သုံးမျိုး သုံးစား ခွဲ၍ မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ဆိုသည်။

 

ထိုရာဇဝတ်မှု များ တွင် အရပ်သားများ အပေါ် တရားလက်လွတ် အင်အား အလွန်အကျွံ သုံး၍ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လူနေ အိမ်များ နှင့် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း နှင့် ရွာလုံးကျွတ် မီးလောင် တိုက်သွင်းခြင်းများ ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖေါ်ပြထားခဲ့သည်။

 

၎င်းတို့ အနေဖြင့် စစ်ရေး ပစ်မှတ်များကို တိုက်ခိုက်ခြင်းဟု ဆင်ခြေ ပေးခဲ့ကြသော်လည်း ထိုပစ်မှတ် များ အနီးအနား တွင် နေထိုင် လျက် ရှိကြသော အရပ်သား များ ထိခိုက်သေကြေ ကြမည်ကို သိနေလျှက် နှင့် ကျုးလွန်ခဲ့ကြခြင်း ဖြစ်သည်ဟု ကုလ စုံစမ်းစစ်ဆေးရေးမှုး များက ဆိုသည်။

 

ထို့အပြင် စစ်ဆင်ရေး များ အတွက် ထိန်းသိမ်းခံခဲ့ရသော အရပ်သား များ နှင့် လက်နက်ကိုင်များ ကို သတ်ဖြတ်ခြင်း များလည်း ပါရှိသည်။

 

ထိုရာဇဝတ်မှု များ အား ကျုးလွန်ခဲ့သူ လူပုဂ္ဂိုလ် များအား တရားရုံးမှ စွဲချက်တင် အရေးယူနိုင်ရန် အမှု တခုချင်းစီ အတွက် သက်သေအထောက်အထား များ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ကော်မရှင် အကြီးအကဲ နီကိုလပ်စ် ကွန်ဂျီယန် က ထုတ်ဖေါ် ပြောဆိုလိုက်သည်။

 

ထိုသို့ ကုလ မှ ထုတ်ပြန်ခဲ့မှု များအား စစ်ခေါင်းဆောင်များသည် ကြောက်လန့်တကြား ဆွေးနွေး အဖြေရှာ ဖို့ ၎င်းတို့ ဂရုမစိုက်နိုင်တော့၊ နီးကပ်လာနေပြီ ဖြစ်သည့် အန္တရာယ်ကြီး ကို ချေမှုန်းနိုင်ရန်သာ စိတ်စောနေကြပြီ ဖြစ်သည်။ 

 

နောက်တကြောင်းက ထိုသို့ ကုလ နှင့် နိုင်ငံတကာ မှ ပြောကြားလာမှုများအား အသုံးချပြီး အကယ်၍ ငါတို့ အရေး နိမ့်သွားပါက အကုန်လုံး စစ်ရာဇဝတ်သား များ အဖြစ် ဖမ်းဆီး ခံရလိမ့်မည်၊ ဘုရင့်နောင် ဖေါင်ဖျက် ထုံး နှလုံးမူ၍ အနိုင်တိုက်ကြဟု တပ်တွင်း တွင် တီးတိုး ဝါဒ ဖြန့်စရာ ဖြစ်နေခဲ့ခြင်းပင် ဖြစ်သည်။

 

နောက်ထပ် သတင်းများ အဖြစ် အရှေ့တီမော ဝန်ကြီးချုပ် ဇန်နာနာ ဂုစ်မော မှ မိမိတို့ နိုင်ငံ အနေဖြင့် အာဆီယံ မှ မြန်မာ အရေး ကို ဖြေရှင်းပေးနိုင်စွမ်း မရှိက ဝင်ရောက်ဖို့ အရေး ပြန်လည် သုံးသပ်ရလိမ့်မည်ဟု ပြတ်သားစွာ ထုတ်ဖေါ်ပြောဆိုလိုက်သည်။ အရှေ့တီမော အား အာဆီယံ ၏ ဆယ်တစ်နိုင်ငံ မြောက် အဖြစ် လက်ခံရန် မူအား ဖြင့် သဘောတူ ထားပြီး ဖြစ်သည်၊ သို့သော် အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ရှိ ပြည်သူများ ရင်ဆိုင်နေရသော အကျပ်အတည်း ကို ထိထိရောက်ရောက် ဖြေရှင်းပေးရန် စိတ်ကူး မရှိသော အဆိုပါ အဖွဲ့ကြီး၏ သဘောထားကို ထိတ်လန့်လာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ထို့အတွက် ဝင်ရပြီးရော ဆိုသည့် အုတ်ရောရော ကျောက်ရောရော အဖြစ်မခံနိုင် ဆိုသည့် မူ ကို စွဲကိုင်လာခဲ့ခြင်းလည်း ဖြစ်ပေသည်။

 

ကချင် လွတ်လပ်ရေး တပ်မတော် မှ ဖားကန့်ဒေသအတွင်း တိုက်ပွဲများ တွင် စစ်ကောင်စီ ၏ အရေးပါသော စခန်း နှစ်ခု နှင့် ၎င်းတို့၏ မဟာမိတ် ဖြစ်သည့် ရှမ်းအမျိုးသား တပ် (SNA) ၏ စစ်စခန်း တခု ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူး မှ အတည်ပြု ပေးခဲ့သည်။ ဒေသခံ များ၏ အဆိုအရ ထိုတိုက်ပွဲများ တွင် စစ်ကောင်စီ သစ္စာခံ တပ်များ အထိအခိုက် အကျအဆုံး လွန်စွာ များပြားခဲ့သည်ဟု မြန်မာနောင်း သတင်းတွင် ပါရှိခဲ့သည်။,

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်။