NUG နှင့် NUCC တို့မှ ဘုံရပ်တည်ချက် ထုတ်ပြန်

by Hla Soewai - Aug 13 2023

ပြည်သူတို့၏ တော်လှန်ရေးကို ဦးစီး ဦးဆောင် ပြုနေသော အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) တို့မှ မိမိတို့ ရုန်းကန် တိုက်ပွဲ ဝင်နေမှု သည် “အစိုးရ အပြောင်းအလဲ ဖြစ်ယုံသက်သက်” မဟုတ်ပဲ ဖက်ဒရယ် ပြည်ထောင်စု ကြီး တည်ထောင်နိုင်ရန် အတွက် ဖြစ်သည်။ ထို့အတွက် စစ်အာဏာရှင် စနစ် အဆုံးသတ်ရေးသာမက နိုင်ငံရေး တွင် စစ်တပ်မှ ပါဝင်ပတ်သက်ပြီး အမြဲလို အာဏာသိမ်းရန် ဟန်ရေးပြင်နေကြသော အနေအထားကို ဖယ်ရှား နိုင်ရေး ဖြစ်သည်ဟု ပြတ်သားသည့် ကျေညာချက် ကို တနင်္ဂနွေ နေ့တွင် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

 

ယင်းသည် အရူးမီးဝိုင်း ဖြစ်လာနေသော စစ်အာဏာသိမ်း အဖွဲ့မှ နိုင်ငံရေး အရ အဖြေရှာရန် လမ်းခင်းပေးသည့် အနေဖြင့် ယခင် စစ်ဗိုလ်ချုပ်ဟောင်းများ နှင့် ကြားကာလ အစိုးရ ဖွဲ့မည် ဆိုသော ကလိန်စိ ငြမ်းစင် သတင်းများ ထုတ်လွှင့်လာနေမှု အပေါ် တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံ နှင့် တော်လှန်ရေး အင်အားစုများ အား သပ်လျို ရန် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး နှင့် ပေးတွေ့ပြီး ၎င်းတို့ ဖြစ်စေချင်သည်များ တဖက်သတ် ထုတ်လွှင့်လာခဲ့သည်။

 

စနစ်ဟောင်း ကို ဖယ်ရှားပြီး ခေတ်သစ် စနစ်သစ် ကို တည်ထောင်သွားမည့် မိမိတို့ ၏ ရည်မှန်းချက်မှ သွေဖီ သွားစေမည့် မည်သည့် နိုင်ငံရေး လှုပ်ရှားမှု မျိုး ကို မဆို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း နှင့် တိုင်းရင်းသား လူမျိုး ပေါင်းစုံ ပါဝင်မည့် “ဖက်ဒရယ် တပ်မတော်ကြီး” အားလည်း ပြည်ပရန်များကို ကာကွယ်ရန် ဖွဲ့စည်း သွားမည်ဟု လည်း ပါရှိသည်။

 

နောက်ပြန်လှည့်ခြင်း မရှိပဲ တိုင်းရင်းသား ပြည်သူတရပ်လုံး နှင့် လက်တွဲကာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်သည့် အထိ တိုက်ပွဲဝင်သွားမည် ဖြစ်သည်ဟု လည်း ကျေညာချက်တွင် ကတိပြုလာခဲ့သည်။

 

ကရင် အမျိုးသား အစည်းအရုံး၏ ပြည်ပ ဆက်ဆံရေး တာဝန်ခံ ဖဒို စောတောနီး မှ မိမိတို့၏ ရပ်တည်ချက် နှင့် တထပ်တည်းပင် ဖြစ်ကြောင်း ထောက်ခံ မှု ပေးလာခဲ့သည်။

 

ပြည်သူများသည် “နိုင်ငံတော် အား ကာကွယ်စောင့်ရှောက်ရေး” ဆိုသော စစ်တပ်၏ လက်သုံးစကား အောက်တွင် ဓါးတုံးတုံး နှင့် တမျိုး ဓါးပြတ်ပြတ် နှင့် တမျိုး နည်းမျိုးစုံ ဖြင့် အလှီးခံနေခဲ့ကြရသည် မှာ ရာစု နှစ် ဝက်မက ပင် ရှိလာခဲ့ပြီ ဖြစ်သည်။ ယခုအခါ ထိုအနေအထား ထက်ပင် ကျော်လွန်ပြီး မိမိတို့ အေးချမ်းစွာ ရောင်းဝယ် ဖောက်ကားနိုင်မှု၊ အသက်ရှင် နေထိုင်နိုင်မှု အစရှိသည့် အခြေခံ လူ့အခွင့်အရေး များကိုပင် ကာကွယ်ပေးရကောင်းမှန်း မသိသော လူရမ်းကား စစ်ဗိုလ်ချုပ် များအား လက်နက်စွဲကိုင် တော်လှန်လာကြပြီ ဖြစ်သည်။

 

စစ်တပ်၏ ပါးစပ်ဖျားမှ မချ ပြောဆိုလာနေသည့် State ဟု ဆိုသော နိုင်ငံတော် ဆိုသည်မှာလည်း ၎င်းတို့ နှင့် ၎င်းတို့ အကျိုးစီးပွား ကို ကာကွယ်ရန် အုပ်ချုပ်ရေး၊ တရားစီရင်ရေး စနစ်များ ဖြင့် အခိုင်အခံပြု ကာကွယ်ထားသည့် ယန္တရားကြီးသာ ဖြစ်သည်။ ထိုယန္တရားကြီးသည် ယနေ့တိုင် လူထု ကောင်းရာ ကောင်းကျိုး တခုတလေမျှပင် ဆောင်ရွက်ပေးနိုင်စွမ်း မရှိသည့်အပြင် တနေ့တခြား ဆိုးဝါးသည်ထက် ဆိုးဝါးအောင်ပင် တဝီဝီ မောင်းနှင့်လျက် ရှိနေသည်။

 

လောလောဆယ် ထင်ရှားသည့် ဥပမာ ပြရလျှင် ယခင် အမျိုးသား ဒီမိုကရေစီ အစိုးရ မှ တနိုင်ငံလုံး လျှပ်စစ် ဓါတ်အား အပြည့်အဝ ရရှိရေး အတွက် ၂၀၁၉ တွင် ၅၀ ရာနှုန်း၊ ၂၀၂၅ တွင် ၇၅ ရာနှုန်း နှင့် ၂၀၃၀ တွင် ရာနှုန်းပြည့် ဆိုကာ စီမံချက်များ ရေးဆွဲကာ အကောင်အထည် ဖေါ်လျှက် ရှိသည်၊ အောင်လည်း အောင်မြင်ခဲ့သည်မှာ တတိုင်းပြည်လုံး အသိပင် ဖြစ်သည်၊ မင်းအောင်လှိုင်မှ ထိုစီမံကိန်းများကို ဖျက်သိမ်းပစ်လိုက်ပြီး ထိုအစား တရုတ်၊ ရုရှား တို့၏ အကူအညီ ဖြင့် ဆိုလာ၊ လေအား တို့ ဖြင့် ထုတ်လုပ်အံ့ဟု ဆိုကာ လုပ်လာသော်လည်း ရန်ကုန်လို မြို့ကြီးများနှိုက်ပင် တနေ့လျှင် နာရီ အနည်းငယ်မျှသာ ဓါတ်အား ပေးနိုင်သည့် အခြေအနေ ဆိုက်သွားခဲ့ရသည်။ (ဧရာဝတီ)

 

မင်းအောင်လှိုင်သည် ထိုသို့ တနိုင်ငံလုံး မှောင်အတိကျကာ အရှက်တကွဲ ဖြစ်လာနေမှု သည် သူနှင့် မဆိုင် လျပ်စစ်ဝန်ကြီး ကြောင့်ဟု ဆိုကာ တနှစ်လျှင် တယောက် ပုံမှန် ဖယ်ရှားပြီး အသစ်ခန့်အပ်ခြင်း ဖြင့် လှည့်စားလာခဲ့ခြင်းပင် ဖြစ်သည်။

 

၎င်းလက်အောက်တွင် လုပ်ကိုင်နေကြရသူများသည် အရူးကိုလင်လုပ်ရသကဲ့သို့ ဖြစ်လာနေပြီး ရာထူး တိုးမြှင့် ခန့်ထားခံရသူ များသည် လည်း မော်ကြွားနိုင်ခြင်း မရှိတော့ပဲ သားသတ်ရုံသို့ မောင်းသွင်းခြင်း ခံနေရသည့် တရိစ္ဆာန်များ အလား တရွေ့ရွေ့ သွား‌နေရသည့် အနေအထား လို ဖြစ်လာနေပေပြီ။

 

လူထုသည်လည်း ငွေတန်ဖိုး ကျဆင်းလာနေမှု နှင့် အတူ တရိပ်ရိပ် မြင့်တက်လာနေသော ကုန်ဈေးနှုန်း ကြောင့် ၎င်းတို့၏ ချွေးနှဲစာ ဖြင့် စုဆောင်း ထားငွေများ တစထက် တစ လုံး ပါး ပါးလာနေသည်။ 

 

NUG နှင့် NUCC သည် ထိုသို့ ဒုက္ခပေါင်းစုံ ခါးစည်းခံနေရသော လူထုသည် ၎င်းတို့ အား ရွေးထုတ် ကယ်တင်နိုင်မည့် ဆိုသော် မျှော်လင့်ချက်များ ပုံအော်လာခဲ့ခြင်း နှင့် အတူ သမိုင်းက ပေးအပ်လာသော ကြီးလေးလှသည့် တာဝန်ကြီးကို ထမ်းဆောင်နေကြရပြီ ဖြစ်သည်။ ယခုလို အနေအထား တွင်ပင် ထိုတာဝန်ကို အကြောင်း အမျိုးမျိုး ကြောင့် ပျက်ကွက်ခဲ့မည် ဆိုလျှင် နောင်လာနောက်သား သမိုင်း ပညာရှင်ကြီးများ က ၎င်းတို့ အပေါ် သားစဉ်မြေးဆက် ပြစ်တင် ရှုတ်ချ ခြင်းကို ခံကြရတော့မည် ဆိုသည်ကိုလည်း သိရှိထားကြပြီး ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!