စင်္ကာပူ ဘဏ်ကြီး၏ ထိုးနှက်မှု

by Hla Soewai - Aug 13 2023

စစ်ကောင်စီအား နောက်ထပ် ယဉ်ကျေးသော လူ့အသိုက်အဝန်း မှ ဖယ်ထုတ်လိုက်သည့် လုပ်ရပ်အဖြစ် စင်္ကာပူ၏ အဓိက ဘဏ်တိုက်ကြီး ဖြစ်သော United Overseas Bank (UOB) မှ မြန်မာရှိ ဘဏ်များ နှင့် အဆက်အသွယ်ကို စက်တင်ဘာ ၁ ရက်နေ့မှစ၍ လုံးလုံးလျားလျား ဖြတ်တောက်တော့မည် ဖြစ်သည်။

 

ထို့အတွက် စစ်ကောင်စီ အနေဖြင့် ကမ္ဘာဘဏ္ဍာရေး ဈေးကွက် သို့ ဝင်ရောက်နိုင်ရေး အခက်အခဲများ နှင့် ကြုံလာရပြီ ဖြစ်သည်။ 

 

မြန်မာ အကောင့် များ မှ ငွေသွင်း ငွေလွှဲခြင်း များ ကို ခွင့်ပြုတော့မည် မဟုတ်၍ UOB အကောင့် အချင်းချင်းသာ ခွင့်ပြုမည်ဟု ၎င်းတို့ထံ တရားဝင် ပေးပို့သော အကြောင်းကြားစာတွင် ပါရှိသည်ဟု နစ်ကီ အေးရှား ရီဗြူးတွင် ရေးသားထားသည်။ မြန်မာ ရှိ ပုဂ္ဂုလိက များ နှင့် လုပ်ငန်း များ အတွက် ထုတ်ပေးထားသော ဗီဇာ နှင့် မာစတာ ကပ်များ ကို ကန့်သတ်မှုများ ထပ်မံပြုလုပ်လာခဲ့သည်။

 

ဟောင်ကောင်ရှိ UOB ၏ ဘဏ်ခွဲတခုတွင် မြန်မာ၏ ဘဏ်တိုက်များမှ နိုင်ငံတကာ သို့ ငွေလွှဲငွေ သွင်း အဆင်ပြေရန် ဖွင့်လှစ်ထားသော Nostro ဟု ခေါ်သော အကောင့်များကိုလည်း ပိတ်သိမ်းတော့မည် ဖြစ်သည်။  

 

UOB သည် မြန်မာ စစ်ဗိုလ်ချုပ်များ၊ ကုမ္ပဏီကြီးများ နှင့် လုပ်ငန်းရှင် ကရိုနီ များ မှ UOB အား လုပ်ငန်း လုပ်ကိုင်ရာတွင် လွန်စွာ အဆင်ပြေ သည်ဟု သတ်မှတ်ထားကြပြီး အများဆုံး ငွေအပ်နှံထားကြသည့် ဘဏ်တိုက်ကြီး လည်း ဖြစ်နေသည်။ ထိုသို့ စင်္ကာပူ မှ မည်သည့် အခါမျှ ထိုသို့ လုပ်ခဲ့ဘူးသည့် အစဉ်အလာ လည်း မရှိ၍ စိတ်ချလက်ချ အပ်နှံထားခဲ့ကြသည်။ ယခု ထိုသို့ ပိတ်ပင်မှုသည် အမေရိကန်၏ ဖိအားပေးမှုများ ကြောင့် သာ ဖြစ်မည်ဟု လေ့လာသူများက ထင်ကြေးပေးခဲ့ကြသည်။ ထို့အပြင် နိုင်ငံတကာ၏ ပိတ်ဆို့ ဒဏ်ခတ်ခံနေရသော မြန်မာ နှင့် ဆက်ဆံရာတွင် စရိတ်စက များလာသည့် အပြင် ဂုဏ်သိက္ခာ ထိခိုက်စရာလည်း ဖြစ်လာနိုင်၍ လည်း ဖြစ်ပေမည်။

 

ပြီးခဲ့သည့် ဧပြီ လ အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန အထက်တန်း အကြံပေး ဒဲရက် ရှိုလက်သည် စင်္ကာပူ ငွေကြေး အာဏာပိုင် အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး စစ်ကောင်စီ နှင့် ပတ်သက်ပြီး ဆွေးနွေး ပြောဆိုခဲ့သည့် အပြင် ၂၀၂၂ မေလ အတွင်း ဝန်ကြီးချုပ် လီရှန်လုံး ၏ ဝါရှင်တန် ခရီးစဉ်အတွင်း လည်း တင်ပြဆွေးနွေးခဲ့သည်။  

 

စင်္ကာပူသည် “အာရှ၏ ဆွစ်ဇာလန်” ဟူသော ဂုဏ်ပုဒ်ကို မက်မောနေ၍ ထိုသို့ လုပ်ရန် ချီတုံချတုံ ဖြစ်နေခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီ၏ ကျော်မကောင်း ကြားမကောင်း ကျုးလွန်နေမှုများ ကြောင့် ဂုဏ်သိက္ခာ ထိခိုက်လာမည့် အတွက် ယခုလို ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ အတည်မပြု နိုင်သေးသော သတင်းများ အရ စင်္ကာပူ ရှိ ငွေကြေး မြောက်မြားစွာ အပ်နှံထားသော မြန်မာ နိုင်ငံသားများ၏ ဘဏ်အကောင့်များအားလည်း ပိတ်သိမ်းပြီး စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။

 

ရန်ကုန် အခြေစိုက် ပြည်ပ မှ ဘဏ္ဍာရေး သုတေသီ တဦးကမူ UOB ၏ ပိတ်ပင်လိုက်မှု သည် စစ်ကောင်စီ အား လွန်စွာ ထိခိုက်သွားစေခဲ့သည်ဟု ဆိုသည်။ မြန်မာ သည် UOB နှင့် အများဆုံး ပတ်သက်နေ၍ လည်း ဖြစ်သည်။ UOB သည် မြန်မာ လေကြောင်းလိုင်း MAI ၏ အကောင့်များကိုလည်း ဩဂုတ်လ လယ် နောက်ဆုံးထားပြီး ပိတ်ပစ်တော့မည် ဖြစ်သည်။

 

ကုလ လူ့အခွင့်အ‌ရေး ညှိနှိုင်းမှု တာဝန်ခံ တွန် အင်ဒရူး မှ စစ်ကောင်စီသည် စင်္ကာပူ ကို ၎င်းတို့ ၏ ပြည်ပ ဘဏ်တိုက်ကြီး များ အလား ကျယ်ကျယ့်ပြန့်ပြန့် အသုံးပြုနေပြီး ဒေါ်လာ ၂၅၄ သန်း တန် လက်နက် နှင့် အခြား ဆက်စပ်ပစ္စည်းများ တင်သွင်းခဲ့သည်ဟု မေလ အတွင်းက ထုတ်ပြန်ခဲ့သော ၎င်း၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ၎င်း၏ အစီရင်ခံစာကို စင်္ကာပူ အစိုးရမှ ချက်ခြင်းလို တုံ့ပြန် ပြီး မှန်ကန်မှု ရှိမရှိ စုံစမ်း စစ်ဆေးသွားပါမည်ဟု ကတိပြုခဲ့ရသည်။

 

UOB နည်းတူ စင်္ကာပူ ရှိ အခြား ဘဏ်တိုက်ကြီး နှစ်ခု မှလည်း အလားတူ လိုက်လုပ်လာဖွယ် ရှိ၍ ဖြစ်လာနိုင်သည့် ဒိုမီနို သဘော အတိုင်း ဆက်တိုက် ပြိုလဲလာနိုင်မည့် အနေအထားကို မိမိတို့ ပို၍ စိုးရိမ်တကြီး စောင့်ကြည့်နေသည်ဟု ရန်ကုန် အခြေစိုက် ဥရောပ ကုမ္ပဏီကြီးတခု၏ အမှုဆောင် ဒါရိုက်တာ တဦး က ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

မကြာမီက တောင်ကိုရီယား မြို့တော် ဆိုးလ်တွင် ကျင်းပခဲ့သည့် လက်နက်ပြပွဲ သို့ တက်ရောက်ရန် မြန်မာ သံအမတ် သန့်စင်အား ဖိတ်ကြားခဲ့မှု အပေါ် တွန် အင်ဒရူးက ပင် ဦးဆောင် ကန့်ကွက်ပြောဆိုလာ၍ မိမိတို့မှ သံတမန် ကျင့်ထုံးအရ အာဆီယံ ဆယ်နိုင်ငံအား ဖိတ်ကြားခဲ့ခြင်းသာ ဖြစ်ပြီး မြန်မာ အပေါ် လက်နက် ရောင်းချမှု ပိတ်ပင်ထားခြင်း ကို ဆက်လက်ကျင့်သုံးသွားမည့် အကြောင်း ယနေ့ တောင်ကိုရီယား အစိုးရ မှ ပြန်လည် ဖြေရှင်းချက် ထုတ်ပြန်လာခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ဆက်လက် ရှင်သန်နိုင်ရန် ဉာဏ်နီဉာဏ်နက် မျိုးစုံ ထုတ်၍ လှုပ်ရှားနေရသည့် အခြေအနေ ဆိုက်လာခဲ့ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!