အရစ္စတိုတယ်၏ ဥယျာဉ်

by Hla Soewai - Jan 15 2020

(၁)

ယနေ့အင်တာနက်ခေတ်ကြီးတွင်နိုင်ငံခြားခရီးသွားရသည်မှာအလွန်လွယ်ကူလာပါသည်။ အင်တာနက် မှ ဟော်တယ်ဘွတ်ကင်လုပ်၊ ရထားလက်မှတ်၀ယ်၊ လေယာဉ်လက်မှတ်၀ယ်ပြီးလျင်ခရီးသွားဘို့အဆင်သင့်ဖြစ် ပါပြီ။ ရောက်ရာဒေသမှာ အူဘာ(Uber) နှင့် ဂရပ်( Grab) ရှိလျင်တက္ကစီကိုဘွတ်ကင်လုပ်နိုင်ပါသည်။ ယခင်က လို ဒေသမကျွမ်းကျင်၍ ၀န်ဆောင်ခပိုတောင်းမှာကို မပူရတော့ပါ။

 

ဘုတ်ဒင်း ပါတ်စ် ကလည်းဖုန်းထဲမှာရှိပါသည်။ အ၀င်မှာ စာရေးမကိုဖုန်းထဲက Scan ကိုပြလိုက်ရုံသာ။ သူတို့က လည်းသိနေကြပါပြီ၊ ဖုန်းပြ၍ကြောင်မနေကြပါ။
ယခုလည် အေသင်မြို့ကအရစ္စတိုတယ်တည်ထောင်ခဲ့သော ကျောင်းကိုသွားဘို့ဖြစ်လာခဲ့ပါသည်။ ကျွန် တော်က သွားချင်သည်ဟု ပြောရုံသာရှိသေးသည်။ သားက ဂူဂယ်မက်မှာ ရှာဖွေပြီး အသင့်ဖြစ်နေပါပြီ။ ဂရိ အိုလံပစ်ကစားကွင်းနားရောက်တော့ ဟိုဘက်နဲနဲလျှောက်လိုက်ရုံဘဲဟု သားကပြောသည်။ ကျွန်တော်တို့သည် လိမ္မော်သီးတွေ အများကြီးသီးနေသော ၀န်ကြီးချုပ်အိမ်ရှေ့မှ လမ်းကိုဖြတ်၍သွားကြရသည်၊
လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ကျော်ကတည်ထောင်ခဲ့သောအရစ္စတိုတယ်၏ကျောင်းသည် မြို. လယ်ခေါင်က လူစည်ကားသောရပ်ကွက် ရီဂျစ်လစ် လမ်းပေါ်မှာရှိသည်။ ဘေးမှာ ချီလီကောင်စစ်၀င်ရုံး၊ စစ် တပ်ကလပ်တို့ အကြားမှာတည်ရှိသည်။

(၂)

အရစ္စတိုတယ်မှာ သေးငယ်သောကိုယ်လုံးကိုယ်ထည် ရှိသည်။ သူ့မျက်စေ့ကလည်း သေးငယ်ပါသည်။ သူသည် သသံနှင့်စသံ မကွဲ။ သူ့ပုံကိုအတုခိုး၍ပြောကြသည်ဟုသမိုင်းဆရာပလူးတပ် (Plutarch) ကပြောသည် သူသည် လက်စွပ်အများကြီး၀တ်သူဖြစ်ပြီး ရှေးမင်းညီမင်းသား တစ်ယောက်လိုပုံ ၀တ်ရုံကိုခြုံထားတတ်သည်။

 

ကျွန်တော်သည်သူ့ပုံစံကို မြင်အောင်ပုံဖော်ကြည့်ပါသည်။ ကဗျာဆရာကြီးဟိုမာကထင်ရှားသူများ ၏ ဝိဥာဉ်သည်သစ်ပင်တန်းတွင်ရှိလိမ့်မည် ဟုဆိုသည်။ ထိုသို့ဆိုလျင် အရစ္စတိုတယ်၏ ဝိဥာဉ်သည် ဤကျောင်း သင်ခမ်းအတွင်း နေရာတနေရာတွင်ရှိပါလိမ့်မည်။ သူ၏ကျောင်း လိုင်စီယမ် (Lyceum) သို့ကျွန်တော်သည် အဖော်နှစ်ယောက်နှင့် ရောက်ရှိသွားပါသည်။ ယူနက်စကို၏ အထိမ်းအမှတ်ဆိုင်းဘုတ်ပြားတွင် ထိုကျာင်းတိုက် အကြာင်းအသေးစိတ်ရေးပြထားသည်။

 

ကျွန်တော်ဆိုခဲ့သည့်အတိုင်း အရစ္စတိုတယ်သည် ခက်ခဲသည့်လူမျိုးဖြစ်ပါသည်။ ပြောရဆိုရခက်သော၊ သူ့သဘော ကိုသူဆုပ်ကိုင်တတ်သော၊ လူတိုင်းထက်ပို၍ကျွမ်းကျင်သော၊ (အတတ်ကျွမ်းဆုံးလည်း ဖြစ်နိုင်ပါ သည်) လူမျိုးဖြစ်၏။ သူ့ဆရာ ပလေတို ကိုပင် ပြန်လည်ဝေဖန်နိုင်သော လူတစ်ယောက်လည်းဖြစ်ပါသည်။ အမြဲတစေ ငြီးညူသော၊ ဝေဖန်သော၊ စောဒက တက်တတ်သောသူလည်းဖြစ်ပါသည်။
အရစ္စတိုတယ်သည် အေသင်ကလူများ၏ချစ်ခြင်းကို မခံရပါ။ သူသည်အမြဲရှုတ်ထွေးနေသောလူတစ် ယောက်ဖြစ်ပါသည်။ လူပုံအလယ်တွင် လူထူးလူဆန်းတစ်ယောက်ဖြစ်သည်။ သူသည်အေသင်လူမျိုး စစ်စစ်မ ဟုတ်ဘဲအစိမ်းရောင်ကဒ်ကိုင်ဆောင်ထားသူ (Green Card Holder) သာဖြစ်သည်။ သူသည်အေသင် မှာနေ ခွင့်ရဖို့ အကောက်ခွန်ပေးရသူဖြစ်ပါသည်။ သူသည်အေသင်လူမျိုး စစ်စစ်ဖြစ်ရန်ငြင်းဆိုခဲ့သည်။ သူသည် မက်ဆီဒိုနီယမ်တစ်ယောက်ဖြစ်ပြီး မက်ဆီဒိုနီးယားမှာ ဂရိနိုင်ငံကို ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်ရာ ဂရိနိုင်ငံ သားတို့က အရစ္စတိုတယ် အပေါ်သံသယ၀င်မှာသေချာပါသည်။

 

သူသည် ပလေတို၏ ကျောင်းတွင် ၄င်း၏စိတ် “Mind” အဖြစ် ပလေတိုက တင်စားခေါ်ဝေါ်ခဲ့ရသူတစ် ယောက်ဖြစ်သော်လည်း ထိုကျောင်၏ကျောင်းအုပ်ရာထူးကို ဆက်ခံယူခွင့်မရခဲ့ပါ။ ထိုကျောင်းကိုဆက်ခံသူ အ ဖြစ် ပလေတို၏ တူဖြစ်သော စပ်စီပတ် (Speusippus) ကိုပေးခဲ့ပါသည်။ အရစ္စတိုတယ်သည် ပလေတိုးကွယ် လွန်ပြီး မကြာခင်မှာပင် ကျောင်းမှအဝေးသို့ထွက်ခွာခဲ့သည်မှာ ၁၂နှစ်မျှကြာပါသည်။ သူသည် အကယ်ဒမီ၏ ဥက္ကဌအဖြစ် အရွေးချယ်မခံရခြင်းအတွက် စိတ်ဆိုးခဲ့ပါသလား။

 

အရစ္စတိုတယ်ကို မက်ဆီဒိုးနီးယားဘုရင် ဖိလစ် က သူ၏ ၁၃ နှစ်အရွယ် သားဖြစ်သူ အလက်ဇန္ဒားကို ကျူတာလုပ်ရန်ငှားရန်းခဲ့သည်မှာလူသိရှင်ကြားဖြစ်ပါသည်။ အလက်ဇန္ဒားသည်မီဇာ (Mieza) ခံတပ်တွင်အခြား အဖော် ၃၀နှင့်အတူ အရစ္စတိုတယ်ကသင်ကြားပို့ချခြင်းကိုခံယူခဲ့ပါသည်။ ကြီးမားသောစာသင်ခမ်းဖြစ်ပါသည်။ ဤကျောင်းကိုလူတိုင်းတက်ခွင့်မရကြပါ။ အရစ္စတိုတယ်ကဤကျောင်းတွင်အလက်ဇန္ဒားအတွက် On Kingship နှင့် On Colonies စာအုပ်နှစ်အုပ်ကို ပြုစုခဲ့ပါသည်။ ဟိုမာ၏ လီလက် ( Lliad) ကဗျာရှည်ကြီးကိုလည်း အလက် ဇန္ဒားဖတ်ရန် တည်းဖြတ်ပေးခဲ့ပါသည်။ ၄င်းကို Casket Copy ဟုခေါ်ပြီး ခြင်းနှင့် သိမ်းဆည်းထားဟန်တူသည်။

 

ထိုကျောင်းတွင် ဖြစ်ပျက်ခဲ့သည်များကိုအသေးစိတ်မသိနိုင်သော်လည်း ထိုကျောင်းတွင် အရစ္စတိုတယ် ၇နှစ်ကြာအောင်နေခဲ့ပါသည်။ ထို့ပြင်ဖိလစ်၏နန်းတော်၀ယ် ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါသည်။ ဘီစီ ၃၃၆ ခုနှစ်တွင် ဘုရင်ဖိလစ်မှာ ကပွဲတစ်ခုတွင်လုပ်ကြံခံခဲ့ရပြီး အလက်ဇန္ဒား ဘုရင်ဖြစ်လာခဲ့ပါသည်။ ထိုအချိန်တွင် မြို့တော် သီးဘီး (Thebes) က ဘုရင်အသစ်ကို ပုန်ကန်ခဲ့ရာ အလက်ဇန္ဒား က ရက်ရက်စက် စက်နှိမ်နင်းခဲ့ ပါသည်။ အများတကာနမူနာအဖြစ် မြို့တော်ကိုမီးရှို့ပစ်ပြီးတိုင်းသူပြည်သားများကို သုတ်သင်ပစ်ခြင်း ၊ကျွန်အ ဖြစ် ရောင်းချခြင်းကို လုပ်ပြခဲ့ပါသည်။

 

အေသင်မြို့က သီးဘီးမြို့ကဲ့သို့မဟုတ်ပါ။ မက်ဆီဒိုနီးယားဘုရင်၏ သြဇာကို ခံယူခဲ့ပါသည်။ ထိုအချိန် တွင် အရစ္စတိုတယ်က အသက် ၅၀ အရွယ်ရှိပြီး အေသင်မြို့သို့ရောက်လာခဲ့ပါသည်။ သူသည် နိုင်ငံခြားသား တစ်ယောက်ဖြစ်သည့်အတွက် အိမ်၊ ခြံ၊ မြေယာကို၀ယ်ပိုင်ခွင့်မရှိပါ။ ထို့ကြောင့် ဤကျောင်းမြေကို ငှားရမ်း ခဲ့ရ ပါသည်။ သူသည် အားကစားလေ့ကျင့်ရာ ကျောင်းတစ်ခုကို ငှားရမ်းခဲ့ပြီ ကျော်ကြားပြီးထင်ရှားသောကျောင်း တစ်ခုဖြစ်အောင်ပြောင်းလဲပစ်ခဲ့ပါသည်။

 

ကျောင်း၏ အာခီတက် ပုံစံကိုကြည့်သောအခါ အကြောင်းအရာ နှစ်ခုပေါ်လွင်လာပါသည်။ ပထမ ဤကျောင်းသည် ပလေတို၏အကယ်ဒမီကိုကူးယူထားခြင်းဖြစ်ပါသည်။ ဒုတိယအချက်မှာပလေတို၏ကျောင်း ထက်ပို၍ကြီးမားခြင်းပင်ဖြစ်ပါသည်။ ဤကျောင်းပုံစံကိုမြင်တော့ ကင်းကရစ်တက္ကသိုလ်၊ ချီကာဂို မှ တက္ကသိုလ် ကြီးတို့ကိုသွားပြီးသတိရမိပါသည်။
အဘယ့်ကြောင့် အရစ္စတိုတယ်သည် ဤကျောင်းတော်ကြီးကို ဆောက်လုပ်နိုင်ခဲ့ပါနည်း။ အဖြေမှာ ရှင်းပါသည်။ ပိုက်ဆံကအဓိကကျပါသည်။ သူသည်အင်ပိုင်ယာ ခရိုးဆတ် ထက်ပင် ချမ်းသာပါသေးသည်။ ယခု ခေတ်နှင့်နှိုင်းယှဉ်ရလျင် အမေဇုန် ပိုင်ဆိုင်သူ ဘေးဆော့ (Jeb Bezoses) ကဲ့သို့ချမ်းသာခြင်းဖြစ်ပါသည်။ သူသည်သူ့ကိုကျေးဇူးတင်နေသောတပည့်ဟောင်း အလက်ဇန္ဒားထံမှ ၈၀၀ Talents ရရှိခဲ့ပါသည်။ (ပလေတို၏ အကယ်ဒမီမှာ ၂၅-၃၀ တဲလက်) ခန့်သာတန်ပါသည်။ ထိုစဉ်က အေသင်တစ်နိုင်ငံလုံး၏ ဂျီဒီပီမှာ ၄၄၀၀ တဲလက် ခန့်ရှိပါသည်။

 

အရစ္စတိုတယ်၏ နာမည်ကြောင့် ဤမျှကြီးကျယ်ခမ်းနားသော အဆောက်ဦးကြီးကို တည်ဆောက် နိုင်ခြင်းလည်းဖြစ်ပါလိမ့်မည်။ သူသည်ကမ္ဘာတွင်ထိုစဉ်ကအကြီးဆုံးပညာသင်ရာ ဌာနကြီးနှင့် စာကြည့်တိုက်ကို တည်ဆောက်နိုင်ခဲ့ပါသည်။ အချို့ကျောင်းသားများမှာ ဘော်ဒါဆောင်တွင် အိပ်ကြပါသည်။ ထိုစဉ်ကပညာ တတ်လူတန်းစားများ မွေ့ပျော်ရာဌာနကြီးဖြစ်ခဲ့ပါသည်။

 

ထို့ကြောင့်ဖီလိုဆိုဖီနှင့် နိုင်ငံရေးသြဇာပါဝါတို့ဆက်စပ်ပုံကိုပါ စဉ်းစားကြည့်နိုင်ကြပါသည်။ ကျောင်း ကကျောင်းသားများအပေါ်ပိုက်ဆံမည်မျှယူသည်ကိုမသိရပါ။ ကျောင်းကြီး၏ချမ်းသာပုံကိုကြည့်၍ကျောင်းသား များ အပေါ် အခကြေးငွေမယူဘူးဟုလည်း ဆိုနိုင်ပါသည်။ ယခုခေတ်ဟားဗတ် တက္ကသိုလ်နှင့် နှိုင်းယှဉ်ကြည့် နိုင်ကြပါသည်။


လိုင်စီယမ်သည် မက်ဆီဒိုနီးယားပြည်၏ နိုင်ငံရေး၊ စစ်ရေးအောင်မြင်မှု ကြောင့်ဖြစ်ပေါ်လာသည်ဟုဆို နိုင်ပါသည်။ သို့နှင့် ၃၂၃ဘီစီနှစ်တွင်အလက်ဇန္ဒားသည်ဂရိတ်သည်အသက် ၃၂ နှစ်အရွယ်တွင်သေဆုံးကြောင်း သတင်း ကျောင်းတော်ကြီးသို့ရောက်ရှိလာပါသည်။ မက်ဆီဒိုနီယမ်ဆန့်ကျင်ရေး၊ ပြင်းပြနေသောဂရိတို့က ဒီမိုသီနီး (Demosthenes) ကိုပြန်ခေါ်ခဲ့ကြပါသည်။ ထိုစဉ်တွင် အရစ္စတိုတယ်ကလည်း ကျောင်းတော်ကြီး ကို နောက်ဆုံးအကြိမ်စွန့်ခွာခဲ့ရပါတော့သည်။ သူသည် လိုင်စီယမ် တွင်ဆယ်နှစ်ကျော်ကြာနေထိုင်ခဲ့ပါသည်။

 

သူက “အေသင် တွေဟာ ဖီလိုဆိုဖီကို နှစ်ခါမပြစ်မှားနိုင်ပါဘူး” ဟု ဆိုကရေးတီးကို အဆိပ်သောက် စေခဲ့ခြင်းကို ရည်ညွှန်းပြောဆိုခဲ့ပါသည်။ သူသည် သူ့မိခင်နေထိုင်ရာ ယူဘိုယာ (Euboea) ကျွန်းပေါ်မှ (Chalcis) ဆိုသော နေရာတွင်သွားရောက်နေထိုင်ခဲ့ပါသည်။ ထို့နောက်မကြာမီအသက် ၆၃နှစ်အရွယ်တွင် မဖော်ပြနိုင်သော ရောဂါဖြင့်ကွယ်လွန်ခဲ့ပါသည်။


အရစ္စတိုတယ်၏ကျောင်းတော် ကြီးတူးဖော်ရေးလုပ်ငန်းများကို ၁၉၉၆ ခုနှစ်ကမှ စ၍လုပ်ဆောင်ခဲ့ကြပါ သည်။ အများပြည်သူ ကြည့်ရှု့နိုင်ရန် ၂၀၁၄ ခုနှစ်တွင်မှဖွင့်လှစ်နိုင်ခဲ့သည်။ ဤခြံ၏ အရှေ့မြောက်ဒေါင့်တွင် ဥယျာဉ်တစ်ခုရှိပါသည်။ လိုင်စီယမ်သည် (Peripatetic School) ဟု လူသိများသည်။ ဂရိလို Peripatos သည် (Stroll) လမ်းလျှောက်ခြင်း ဟုအဓိပ္ပါယ်ရပါသည်။ ကျောင်း၏ အမည်ကို ထိုသို့ အစွဲပြု၍ ခေါ်ခဲ့ဟန်တူသည်။ ဖီလိုဆိုဖါ ကြီးသည် တပည့်များနှင့်အတူ ဥယျာဉ်အတွင်း၌ တစ်နေ့လျှင်နှစ်ကြိမ်လမ်းလျှောက်လေ့ရှိသည်။ ထိုအချိန်များတွင် ဖီလိုဆိုဖီ၊ သင်္ချာ၏သဘောတရားများ စကားအလိမ္မာနှင့် လောဂျစ် တို့ကို ပို့ချဆွေးနွေးပါလိမ့် မည်။

 

တကယ်က အရင် ဖီလိုဆိုဖီကျောင်းတိုင်းတွင် ဥယျာဉ်များရှိခဲ့ကြပါသည်။ (Miletus School) ခေါ် ယခုတူရကီ ကမ်းခြေမှာ ရှိသည့်ကျောင်းတွင်လည်း ဥယျာဉ်ရှိခဲ့ပါသည်။ ပိုင်သဂိုရပ် ၏ကျောင်းတွင်လည်းယခု အီတလီတော်ပိုင်းတွင် ဥယျာဉ် ရှိခဲ့ပါသည်။ ပလေတို၏ အကယ်ဒမီတွင်လည်း ဥယျာဉ်တစ်ခုရှိခဲ့ပါသည်။ အက်ပီကျူးရပ် (Epicurus) ၏ကျောင်းကိုမှု ဥယျာဉ် ဟုခေါ်ပါသည်။ အရစ္စတိုတယ်၏ မိတ်ဆွေ ဇီဝဗေဒပညာ ရှင် (Theophrastus) မှာလည်း ဤကျောင်းအနီးမှာပင်ရှိပြီး ၄င်းတွင်လည်း ဥယျာဉ်တစ်ခုရှိပါသည်။

 

ဥယျာဉ်တို့သည် ကျောင်းများတွင်ဘာကြောင့်ရှိရန်လိုပါသနည်း။ လမ်းလျှောက်ရန် ငြိမ်ငြိမ်သက်သက် အေးအေးဆေးဆေးရှိစေရန် နေရာအကျယ်အ၀န်းအတွက်လား၊ သို့မဟုတ် ဇီဝဗေဒဆိုင်ရာလေ့လာမှုများ ပြုလုပ်ရန်၊ စမ်းသပ်မှုများပြုလုပ်ရန် အတွက်လိုအပ်ခြင်းလား၊ အမျိုးမျိုးဖြစ်နိုင်ပါသည်။ ရှေးတုံးက ပါရှန်ဘုရင် များအပမ်းဖြေရန် အတွက် ပါရာဒိုက် ဂါးဒင်းတို့လို ကော်ဇောကြီးများတွင် ပန်းတွေဝေနေသကဲ့သို့ ဖန်တီးချင် သလားမသိတော့ပါ။

 

ဗော်လတိုင်းယား (Voltaire) က “မိမိတို့၏ ဥယျာဉ်ကို စောင့်ရှောက်ရန်လိုအပ်သည်” ဟု ပြောခဲ့ ပါသည်။ ဖီလိုဆိုဖီနှင့် ဥယျာဉ်အတွင်းထိုင်၍ တွေးခေါ်မှုတို့သည် ဘယ်လိုဆက်စပ်မှုရှိမည်ဟု မသိနိုင်ပါ။ အရစ္စတိုတယ်က သူ၏ (Nicomachean Ehics) စာအုပ်အဆုံးတွင် ဖီလိုဆိုဖီ၏အကျိုးကျေးဇူး တစ်ခုမှာ ”သေချာသုံးသပ်နိုင်သော ဘ၀ကိုရရှိနိုင်သည်” ဟုဆိုခဲ့ပါသည်။ ထိုဘ၀သည် နတ်ဒေ၀တာများ၏ ဘ၀ဟု ခေါ်ဆိုနိုင်သလားမသိပါ။ သို့ပါသော်လည်း တွေးခေါ်ဘို့ဆိုလျင် ဥယျာဉ်တို့ထက် ကောင်းသည့်နေရာသည် မရှိနိုင်တော့ပါ။

 

ယခု အရစ္စတိုတယ်၏ လိုင်စီယမ်အတွင်းတွင် ပန်းပွင့်အရိုင်းများ၊ သံလွင်ပင်များ၊ ဆိုက်ပရက်နှင့် ထင်းရှုးပင်များ သစ်တော်သီးပင်များအပြိုင်အဆိုင်ပေါက်နေကြပါသည်။ မြက်ခင်းစိမ်းစိမ်းမှာ ကော်ဇောကြီး တစ်ချပ်ခင်းထား သလို ညီညီညာညာနှင့် လှပနေကြပါသည်။ ထိုမြက်ခင်းပြင်များပေါ်မှာ အဝါရောင် မြေ လမ်းကလေးရှိပါသည်။

 

(၃)

 

ကျွန်တော်သည်ဖီလိုဆိုဖါကြီး၏ ဝိဥာဉ်ကိုလည်းမတွေ့ခဲ့ရပါ။ သူ့ကျောင်းတော်ကြီးကိုလည်းမမြင် ရ၊ လောက၏မတည်ငြိမ် ပြောင်းလဲနေသော သဘာဝြကီးကိုသာတွေ့ခဲ့ရပါသည်။ တချိန်ကကျောင်းသားများ ၏ပြေးလွှား စကား ပြောသံများဖြင့်ဆူညံခဲ့သောနေရာသည်ယခုအခါ အေးဆေးပြီမ်သက်နေသည်။
ယနေ့အနောက်တိုင်းယဉ်ကျေးမှုသည် ဂရိတို့တွင်အချေခံခဲ့သည် ဆိုသောစကားသာမှန်ပါက ဤနေရာ သည် လူ့သမိုင်းတွင်အရေးပါသောနေရာဖြစ်ပါလိမ့်မည်။ ကျွန်တော်သည် တယ်လီဖုန်းထဲက ဂူဂယ် မြေပုံမှာ လိုင်စီယမ် ၏နေရာကိုရှာဖွေနေမိပါသည်။

 

Ref: Athens in Pieces By Simon Critchley

ကိုသန်းလွင်