အနောက်တိုင်း ထောက်လှန်းရေး အဖွဲ့အစည်းများ ပါဝင် ပတ်သက်နေပြီလော

by Hla Soewai - Aug 13 2023

ယခုလ အစောပိုင်းတွင် ယူရေရှား ရီဗြူး စာစောင်တွင် ပါရှိလာသည့် ဆောင်းပါး တပုဒ်တွင် အနောက်တိုင်း ထောက်လှန်းရေး အေဂျင်စီ များသည် မြန်မာတို့၏ လက်နက်ကိုင် တွန်းလှန်မှု အား မီးထိုးပေးနေသည် ဟု ပါရှိလာခဲ့သည်။

 

ထိုဆောင်းပါးကို မြန်မာ စစ်ဗိုလ်ချုပ်များ ဖတ်ရှုမည့်ခဲ့မည် ဆိုက ၎င်းတို့ အနေဖြင့် အံဩစရာ အဖြစ် ယူဆမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော ၎င်းတို့ တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်း များစွာ အုပ်ချုပ်လာနေသည့် ကာလတလျှောက်လုံး ထိုသို့ပင် ယုံကြည်ထားခဲ့၍ ဖြစ်သည်ဟု ဆိုကာ မြန်မာစစ်ရေး နှင့် နိုင်ငံရေး လေ့လာသုံးသပ်သူ အင်ဒရူး ဆဲလ် မှ ဩစတေးလျှ ရှိ The Lowy Institute မှ ထုတ်ဝေသော The Interpreter စာစောင်တွင် ယခုလို ပြန်လည် သုံးသပ် တင်ပြထားသည်။

 

ထိုသို့သော အပြောသည် မှန်ကန်ခဲ့မည် ဆိုလျှင် လွန်စွာ အရေးပါသော ဖြစ်စဉ်တရပ် ဖြစ်လာပေလိမ့်မည်၊ သို့သော် ထိုအပြော မှန်မမှန်ကို တော့ ဂရုတစိုက် လေ့လာသုံးသပ်ရန် လိုအပ်လာသည်။

 

မြန်မာ နိုင်ငံရှိ အစိုးရ အဆက်ဆက် ပေါ်တွင် ပြည်ပ ထောက်လှန်းရေး အဖွဲ့အစည်းများက စိတ်ဝင်တစား ရှိခဲ့ကြသည် ဆိုသော အချက်သည် အငြင်းပွားဖွယ်ရာ မရှိပေ။ ၁၉၅၀ ကျော် နှစ်များ အတွင်း စီအိုင်အေ သည် မြန်မာပြည် မြောက်ပိုင်း တွင် လာရောက်တပ်စွဲထားကြသော ကူမင်တန် တရုတ်ဖြူများကို အကူအညီပေးခဲ့ပြီး တရုတ်သည်လည်း ၁၉၇၀ နှင့် ၁၉၈၀ ကျော် ကာလများ အတွင်း ဗမာပြည် ကွန်မြူနစ်ပါတီ ပျောက်ကြား တပ်ဖွဲ့များကို လျို့ဝှက် ပံ့ပိုးပေးခဲ့ကြသည်။

 

၁၉၆၂ စစ်တပ်မှ အာဏာသိမ်းပြီး နောက်တွင် စီအိုင်အေ သည် ဗိုလ်ချုပ်နေဝင်း အား ဆန့်ကျင်တွန်းလှန်ရန် အတွက် ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း ဦးနု ဖွဲ့စည်းခဲ့သည့် ပါလီမန် ဒီမိုကရေစီ ပါတီ ကို ထောက်ပံ့ပေးလာခဲ့သည်။

 

၁၉၈၈ မအောင်မြင်သော လူထု အုံကြွမှုကြီး အပြီးတွင် အမေရိကန် သည် ဒီမိုကရေစီ အင်အားစုများအား နည်းမျိုးစုံဖြင့် အကူအညီ ပေးခဲ့သည်၊ ကွန်ဂရက်မှ မ တည် ‌ပေးခဲ့သည့် ဒီမိုကရေစီ ရံပုံငွေ (National Endowment for Democracy ) မှ ထုတ်နှုတ်ပြီး ထိုင်းနိုင်ငံ အတွင်း ရှိ အတိုက်အခံ အင်အားစုများကို ငွေကြေး ထောက်ပံ့ခြင်း နှင့် လေ့ကျင့်သင်ကြားပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ ရန်ကုန်ရှိ အမေရိကန် သံရုံးမှလည်း ၂၀၀၈ ဖွဲ့စည်းပုံ လူထု ဆန္ဒခံယူပွဲ အား ဆန့်ကျင်သူများကို လျို့ဝှက် အကူအညီများ ပေးလာခဲ့သည်။

 

ရန်ကုန်ရှိ အခြား သံရုံးများအားလည်း ထိုသို့အကူအညီများ ပေးခဲ့ကြသည်ဟု စွပ်စွဲခံခဲ့ရသည်၊ ၂၀၀၅ ခုနှစ်အတွင်း မြို့‌တော်ကို နေပြည်တော်သို့ ရွှေ့ပြောင်းခဲ့ခြင်း၏ အကြောင်းရင်းများထဲတွင် နိုင်ငံခြား သူလျိုများက ရန်ကုန်တွင် ခြေချင်း လိမ်နေကြပြီး သံရုံးများကလည်း ၎င်းတို့၏ လျို့ဝှက် ဆက်သွယ်ပြောဆိုနေမှုများကို ကြားဖြတ်နားထောင်နေမည့် အန္တရာယ်မှ စိတ်မချရခြင်းသည်လည်း တစိတ်တပိုင်း ပါဝင်နေသည်ဟု ပြောဆိုမှု များ ရှိခဲ့သည်။

 

တကယ်တမ်း တွင် သူလျို မှုများ ရှိနေသည်ကို လက်ဆုပ်လက်ကိုင် ပြနိုင်ဖို့က အတော်ပင် ခက်ခဲလှသည်။ ၂၀၂၀ တွင်တော့ တရားဝင် မြန်မာ ဆက်သွယ်ရေး လမ်းကြောင်းကို အမေရိကန်တို့ ကာလကြာမြင့်စွာကပင် cryptographic နည်းပညာ ဖြင့် ကြားဖြတ် နားထောင် နေသည့် အကြောင်း ပေါ်ထွက်လာခဲ့သည်။ ထို့အပြင် ယခင် အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ ကန်ထရိုက်တာ အက်ဒွပ် စနိုးဒင် မှ ဩစတေးလျှ နှင့် စင်္ကာပူ သည် ဥရောပသို့ ဆက်သွယ်ထားသည့် ပင်လယ်ရေအောင် ကေဘဲလ် များမှ တဆင့် မြန်မာ ၏ ဆက်သွယ်ရေး လမ်းကြောင်းများကို ကြားဖြတ်နားထောင်နေသည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

၂၀၂၁ အာဏာသိမ်း အပြီး တွင်တော့ ပြည်ပ ထောက်လှန်းရေး အေဂျင်စီများသည် မြန်မာ အပေါ် အထူးစိတ်ဝင်တစား ရှိလာသည်ဟု သက်သေအထောက်အထားများ ထွက်ပေါ်လာသည်။ ဤသည်ကလည်း နိုင်ငံတွင် ဖြစ်ပေါ် ပြောင်းလဲလာသည့် စစ်ရေး နှင့် နိုင်ငံရေး ဖြစ်စဉ်များသည် ဒေသတွင်း လုံခြုံရေး မည်သို့ ပတ်သက် ဆက်နွယ်လာနိုင်စရာ ရှိသည်များကို သုံးသပ်ရန် အတွက် ဖြစ်သည်။ ထိုအေဂျင်စီများသည် စစ်အာဏာသိမ်း အဖွဲ့ မှ တရုတ်၊ ရုရှား၊ အိန္ဒိယ တို့နှင့် ဆက်ဆံနေမှု များ အပေါ်လည်း စိတ်ဝင်တစား ရှိနေကြမည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။

 

ထို့အတွက် အနောက်တိုင်း အေဂျင်စီများသည် တော်လှန်ရေး လှုပ်ရှားမှု အား “မီးထိုးပေးနေသည်” ဆိုခြင်းထက် တက်တက်ကြွကြွ ကူညီပေးမှု ရှိမရှိ ဆိုသည်က စဉ်းစား သုံးသပ်ရမည့် အချက် ဖြစ်လာသည်။

 

ယခု အချိန်ထိ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနေသည်က လွဲ၍ မည်သည့် ပြည်ပ အစိုးရကမှ NUG အား တရားဝင် အသိအမှတ်ပြုကြခြင်းမျိုး မရှိသေးပေ။ NUG မှ လက်နက်များ တောင်းခံနေသော်လည်း ယခုထိတော့ ထိုသို့ အကူအညီပေးမှုများ မတွေ့ရသေးပေ။

 

သို့သော်လည်း ယမန်နှစ် ဒီဇင်ဘာလအတွင်း ကွန်ဂရက်က ပြဋ္ဌာန်းလာသော BURMA ACT တွင် တော်လှန်ရေး အား အကူအညီပေးနိုင်မည့် လုပ်ပိုင်ခွင့်များ ပါရှိလာခဲ့သည်။

 

ထိုဥပဒေ တွင် လူအသက်အန္တရာယ် မထိခိုက်သော အကူအညီမျိုး ပေးရမည်ဟု ပါရှိလာခဲ့သော်လည်း စစ်လက်နက် အကူအညီ မှလွဲ၍ အခြား စစ်ရေး အကူအညီများ ပေးပိုင်ခွင့် ရှိနေသည်။ ထိုအထဲတွင် ကျည်ကာ အင်္ကျီများ၊ စစ်ယူနီဖောင်းများ၊ ရေဒါများ၊ ဆေးပစ္စည်း ကိရိယာများ အပြင် စစ်ရေးလေ့ကျင့်မှု နှင့် ထောက်လှန်းရေး သတင်းများ ဖလှယ်ခြင်းများလည်း ပါဝင်လာမည် ဖြစ်သည်။

 

ထိုသို့ သော အကူအညီများ ပေးလာခြင်းကိုပင် “ပဋိပက္ခ အား မီးထိုးပေးနေသည်” ဟူ၍ တော့ ပြောချင်လျှင် ပြော၍ ရပေသည်။

 

သို့သော် စစ်လက်နက် ပစ္စည်းများအား အနောက်တိုင်း အစိုးရ တဖွဲ့တလေက လျို့ဝှက် အကူအညီ ပေးနိုင်သည့် အလားအလာ သည် အမြဲလို ရှိနေခဲ့သည်။ ထိုလုပ်ငန်းများသည် ထောက်လှန်းရေး အေဂျင်စီများ၏ လုပ်နေကျ လည်း ဖြစ်သည်။ ၎င်းတို့သည် PDF နှင့် EAO များအား လက်နက်များ နှင့် အခြား အကူအညီများ အား လျို့ဝှက် ပေးနိုင်အောင် ကောင်းစွာ လေ့ကျင့်ထားကြပြီး သူများလည်း ဖြစ်သည်။ သို့သော် အနောက်တိုင်း အစိုးရများက ထွက်ပေါ်လာမည့် ရလဒ်သည် မရေမရာ ဖြစ်နေချိန်တွင် အဘယ်ကြောင့် ထိုသို့ ကူညီပေးလိုကြပေ မည်နည်း ဆိုသည့် မေးခွန်း ထွက်ပေါ်လာစမြဲ ဖြစ်သည်။

 

လောလောဆယ်တွင်တော့ ထိုသို့ အကူအညီပေးနေသည့် သက်သေအထောက်အထားများ ထွက်ပေါ်မလာခဲ့သေးပေ။ လက်ရှိ PDF နှင့် EAO များ ကိုင်ဆောင်သော လက်နက်များကို စောင့်ကြည့်နေကြသူများက ၎င်းတို့သည် လက်နက်များကို EAO များ၊ ထိုင်း လက်နက် မှောင်ခိုဈေးကွက် နှင့် PDF များ ၏ ကိုယ်ပိုင်လက်နက် စက်ရုံများမှ ရရှိနေဆဲဖြစ်သည်ဟု ဆိုသည်။ ပြည်ပရောက် မြန်မာ လူမျိုးများထံ မှလည်း တစတစ နှင့် ရရှိနေသည်။

 

နောက်ထပ် တချက်က လက်ရှိတွင် တော်လှန်ရေး အင်အားစုများသည် အကွဲကွဲ အပြားပြား ဖြစ်နေ၍ ပြည်ပ ထောက်လှန်းရေး အေဂျင်စီ တခု အနေဖြင့် ထိထိရောက်ရောက် နှင့် လက်တွေ့ကျကျ အကူအညီပေးနိုင်ဖို့ မရှိ ဖြစ်နေသည်။ ထို့ပြင် အကူအညီ ပေးသည် ဆိုလျှင်ပင် ထိုကဲ့သို့ သော သတင်းများက ပေါက်ကြားနိုင်သည့် အလားအလာ များစွာ ရှိနေပြန်သည်။

 

ထို့ပြင် စစ်ကောင်စီ မှလည်း တော်လှန်ရေး အင်အားစုများထဲသို့ ထိုးဖေါက် နိုင်ရန် ကြိုးစားမှုများ ရှိနေဦးမည် ဖြစ်သည်။ ထိုကဲ့သို့သော သတင်းမျိုး ကို တရုတ် နှင့် ရုရှား တို့ဖက်က ရသွားမည် ဆိုလျှင် ချက်ခြင်းလို ထုတ်ဖေါ် ပြောဆိုကြမည် မှာ သေချာလှသည်၊ ယခုထိတော့ ထိုအနေအထား အထိ ဖြစ်မလာသေးပေ။

 

ထို့အတွက် အခြေအနေမှန်ကို မသိပဲ ပညာရှိ ကဝိကျော်များ အဖို့ ထိုသို့ မရေမရာ အထောက်အထား မရှိ ပြောဆိုမှု မျိုး ကို ရှောင်ရှားသင့်လှသည်။ မြန်မာ အရေး ကို လေ့လာ သုံးသပ်နေသော ကဝိကျော်များသည်လည်း ထိုကဲ့သို့ ထောင်ချောက်မျိုး သက်ဆင်းခဲ့ကြ၍ ခံရပေါင်း များနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - အီကော်နော်မစ် (1843 မဂ္ဂဇင်း)