နိုင်ငံရေးအရ အဖြေရှာသည် ဆိုရာဝယ်

by Hla Soewai - Aug 13 2023

နိုင်ငံတော် အတိုင်ပင်ခံအား ထိုင်း နိုင်ငံခြားရေး ဝန်ကြီး နှင့် တွေ့ဆုံစေခြင်း၊ NLD ခေါင်းဆောင်များ အား အပြစ်ဒဏ် မဆိုသလော ‌လျော့ပေါ့ပေးလာခြင်း များအား ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်လာနေသည့် နိုင်ငံတကာ သည် နိုင်ငံ‌ရေး အရ အဖြေရှာနိုင်တော့မည်လောဟု မှန်းဆတွေးတော လာကုန်ကြသည်။ ဤသည်ကို သိမြင်လာသော မြန်မာ့ အရေး ကျွမ်းကျင်သူ ပညာရှင်များမှ သွေးစုတ်ဖုတ်ကောင် အား အသက်သွင်းပေးသလို ဖြစ်လာမည့် အရေးအား ကမ္ဘာ သတင်းမီဒီယာ များ မှတဆင့် ပြင်းပြင်းထန်ထန် သတိပေး ရေးသားလာခဲ့ကြသည်။

 

စစ်တပ်သည် နိုင်ငံ တဝှမ်း အကျအဆုံး များလာသည်နှင့် သက်သာလို သက်သာငြား လှိန့်လုံး ဖိန့်လုံးများ ဖြင့် ဒေါ်အောင်ဆန်းစုကြည် ကပ် ကို ထောင်ပြ လာခြင်းသာ ဖြစ်သည်ဟု အမေရိကန် ပြည်‌ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု မှ မစ္စက် ပရစ်စီလာ ကလက် နှင့် ဦးရန်မျိုးသိမ်း တို့၏ ရေးသားထားမှုကို အကျဉ်းချုပ် တင်ပြလိုပါသည်။

 

နိုင်ငံရေး အရ စေ့ဆပ် အဖြေရှာ နိုင်ရန်သည် စစ်အာဏာသိမ်း အဖွဲ့မှ ၎င်းတို့၏ လုပ်ရပ်များ မှားယွင်းကြောင်း အသိအမှတ် ပြုလာခြင်း၊ နိုင်ငံရေး မျက်နှာစာ မှ ထွက်ခွာရန် ပြင်ဆင်လာခြင်း၊ အရပ်သားများ၏ ခိုင်မာသော ဦးဆောင်မှု အောက်တွင် ရှိမည့် လက်နက်ကိုင် တပ်ဖွဲ့ကြီး နှင့် အတူ ဖဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကြီး ဖွဲ့စည်းရန် သဘောတူခြင်း အစရှိသည့် အနေအထား ရောက်မှသာ ဖြစ်လာနိုင်ပေမည်။

 

မည်သို့သော နိုင်ငံရေး ဖြေရှင်းချက် မဆို စစ်တပ်အား ဆက်၍ အာဏာ ဆုပ်ကိုင်ခွင့် ပေးထားမည့် ၂၀၀၈ ဖွဲ့စည်းပုံ နှင့် ရရှိနိုင်သည် ဆိုသော အယူအဆ ဟောင်းသည် ရှေ့လျောက် အကျုံးဝင်တော့မည် မဟုတ်ဟု ဆိုသည်။

 

၎င်းတို့ဖက်က မည်သို့ပင် ဉာဏ်နီဉာဏ်နက် ထုတ်၍ ကြိုးပမ်းလာစေကာမူ နစ်မြုပ်အံ့ ဆဲဆဲ သင်္ဘော ပေါ်ရှိ စားပွဲ ကုလားထိုင်များကို ပြန်၍ နေရာချရန် ကြိုးပမ်းနေသည် အနေအထားထက် မပိုပေ။

 

နိုင်ငံတကာသည် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် တော်လှန်ရေး အင်အားစုများ အောင်ပွဲ အလီလီ ခံလာနေသည့် အဖြစ်ကို မသိကျိုးကျွန် ပြုနေကြဆဲလည်း ဖြစ်သည်၊ ၎င်းတို့ အဖို့က နိုင်ငံတွင်း ထိန်းမရ သိမ်းမရ အနေအထား ဆိုက်သွားမည် ကို လွန်စွာ စိုးရိမ်မကင်း ဖြစ်နေ၍ ထိုသို့သော သတင်းမျိုးကို မကြားလိုပါ၊ မမြင်လိုပါ ဟု မျက်စိပိတ်၊ နားပိတ် လုပ်နေကြဆဲ ဖြစ်သည်။ 

 

မင်းအောင်လှိုင် နှင့် အပေါင်းအပါများသည် ၂၀၀၈ ဖွဲ့စည်းပုံ စာအုပ်ကြီးကို ကိုင်ထားကြသော်လည်း စာအုပ်ထဲပါ အကြောင်းအရာများကို အကုန်အစင် ဖေါက်ဖျက်နေကြသူများ ဖြစ်သည်။ တဖက်က ရမ်းချင်းတိုင်း ရမ်းနေသော်လည်း တဖက်တွင် လူရိုသေ ရှင်ရိုသေ ဆက်၍ ရပ်တည်နိုင်ခွင့်ရရေး အတွက် ထိုစာအုပ်စိမ်းကြီး တကိုင်ကိုင် နှင့် မန်းမှုတ်နေကြခြင်း ဖြစ်သည်။

 

သို့သော် ပြည်သူ တရပ်လုံးက တော့ ထိုစာအုပ်ကြီးအား ပိဿချိန် နှင့် ရောင်းစားဖို့သာ စိတ်ကူးနေကြပြီ ဖြစ်သည်။

 

ဆောင်းပါးတွင် တိုင်းရင်းသား လက်နက်ကိုင် များ အဖွဲ့ များ အတွင်း အုပ်စု လေးစု ကွဲနေသည်ဟု ထောက်ပြထားသည်။

 

ပထမအုပ်စုသည် ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် တွင် အတူတကွ လက်တွဲလာကြသော KIO, KNU, KNDF, CNF တို့ ဖြစ်သည်။ ဒုတိယ အုပ်စု တွင် တော်လှန်ရေး အား တဖက်တွင် မသိမသာ ထောက်ခံပေးပြီး တဖက်တွင် မိမိတို့ နယ်မြေ များ ကို တိုးချဲ့ကာ အခိုင်အမာ တည်ဆောက်နေသည့် ညီနောင်သုံးဖေါ် အဖွဲ့ AA, TNLA, MNDAA တို့ ပါဝင်နေသည်။ တတိယ အုပ်စု တွင် စစ်ကောင်စီ ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို သွားတက်နေသည့် NCA ၏ အကြွင်းအကျန် အဖွဲ့များ ဖြစ်သည်။ စတုတ္ထ အုပ်စုသည် မည်သူနှင့်မျှ မပေါင်းပဲ စောင့်ကြည့်နေကြဆဲ ဖြစ်သည့် UWSA, SSPP, NDAA အဖွဲ့များ ဟူ၍ ကွဲပြားနေသည်။

 

ဆောင်းပါးတွင် မကြာသေးသော ကာလများ အတွင် မိမိတို့ သုတေသန ပြုချက်အရ EAO များသည် အင်အား ၁၃၀,၀၀၀ ရှိလာပြီး ခေတ်မီ လက်နက်များ တိုး၍ ကိုင်ဆောင်လာကြသည်ကို တွေ့ရှိရသည်။ ၎င်းတို့ အကြား မဟာဗျုဟာအရ သာ ကွဲပြားနေသော်လည်း စစ်ကောင်စီ အင်အား ချိနဲ့သည်ထက် ချိနဲ့ လာအောင် ရည်မှန်း လုပ်ဆောင်နေကြသူ များ ချည်းသာ ဖြစ်သည်။

 

ထို့အတွက် စစ်ကောင်စီ နှင့် NUG အကြား ရုန်းကန် တွန်းထိုးမှု ကြီး အဆင့်မှ EAO များ ပါဝင်လာကြတော့မည် ဘက်စုံ တိုက်ပွဲကြီး ဆီသို့ အသွင်ကူးပြောင်းလာတော့မည် ဖြစ်သည်။ စစ်ကောင်စီ အရေးနိမ့်လာပြီ ဆိုသည်ကို ထင်ရှားလာပါက မည်သူမျှ ရပ်ကြည့် နေတော့မည် မဟုတ်ပဲ အနည်းဆုံး ၎င်းတို့ နယ်မြေများမှ မောင်းထုတ်ကြတော့မည်သာ ဖြစ်သည်။

 

ယခုအခါ အတိတ်က မလွှဲမရှောင်သာ ဖြစ်ပေါ်လာသော လူမှုရေး နှင့် နိုင်ငံရေး အာဃာတများ၊ ပဋိပက္ခများကို သင်ပုန်းချေကာ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ကို တည် ဆောက်ရန် အားခဲနေသည့် ဗမာ နှင့် တိုင်းရင်းသား ခေါင်း‌ဆောင်သစ်များ ထွက်ပေါ်လာနေပြီ ဖြစ်သည်။ သို့သော် ၎င်းတို့ အချင်းချင်းအကြား ခိုင်မာသော အုပ်ချုပ်ရေး ဖွဲ့စည်းနိုင်ရန် ဆွေးနွေးမှုများက လွန်စွာ နှေးကွေးနေဆဲပင် ဖြစ်သည်။

 

ဤနေရာတွင် မိမိ အနေဖြင့် အလျှင်းသင့်၍ ပညာရှိ သတိဖြစ်ခဲ ဆိုသည့် သဘောဖြင့် စာရေးဆရာကြီး ဗန်းမော်တင်အောင်၏ သဘောထားကို ကူးယူ ဖေါ်ပြလိုက်ပါသည်။

 

“နိုင်ငံတခု အတွင်း၌ လူမျိုးစု အချင်းချင်း၊ တန်းတူညီမျှသော ဆက်ဆံရေးကို မတည်ဆောက်သေး သရွေ့ ကာလပတ်လုံး၊ လူမျိုးစုတိုင်း၏ မိမိကြမ္မာ မိမိဘာသာ ဖန်တီးစီရင်ပိုင်ခွင့် ကို လက်ခံ ကျင့်သုံးခြင်း မပြုနိုင်သေး သေရွေ့ ကာလပတ်လုံး၊ ထိုပဋိပက္ခတရားသည် ထိုနိုင်ငံ၏ ကြမ္မာ ကို ဖန်တီးမြဲ ဖန်တီး နေလိမ့်မည်သာ ဖြစ်လေသည်။”

(မြန်မာနိုင်ငံတော် သမိုင်း)

 

လက်ရှိ အနေအထားသည် စစ်အာဏာသိမ်း အဖွဲ့ အနေဖြင့် ယခင်လို ပိုနေမြဲ ကျားနေမြဲ အနေအထား မည်သို့မျှ ပြန်မရောက် နိုင်တော့ပဲ အခြေအနေများက လျှင်မြန်စွာ ပြောင်းလဲ ပေါ်ပေါက်လာနေပြီ ဖြစ်သည်၊ ၂၀၀၈ ဖွဲ့စည်းပုံ မျိုး ဖြင့် နိုင်ငံရေး အရ ဖြေရှင်းချက် ထုတ်၍ ရနိုင်သည် ဆိုသော အယူအဆသည် မှေးမှိန် သွားခဲ့ပြီ ဖြစ်သည်။

 

ထိုသို့သော မြေပြင် အခြေအနေ အစစ်အမှန်ကို မြန်မာ့အရေးအား ဖြေရှင်းပေးလိုသူများ လက်ခံပြီး နည်းလမ်း ရှာကြံသွားကြရမည် သာ ဖြစ်သည်။ ဗမာ ခေါင်းဆောင် များ အကြား ဆွေးနွေးရန်သာ ပြည်ပ သံတမန်များက စီစဉ်လာခြင်းသည် တန်ပြန် အကျိုးသက်ရောက်မှုများသာ ထွက်ပေါ်လာမည် ဖြစ်သည်။

 

နိုင်ငံတကာ အနေဖြင့် အကောင်းဆုံး လုပ်ပေးနိုင်သည်က ဒီမိုကရေစီ အင်အားစုများ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား စေ့ဆပ်ဆွေးနွေးနေမှုများ အား ထောက်ခံ ပံ့ပိုးပေးခြင်း၊ ညှိနှိုင်း ဆောင်ရွက်မှု များ ယခုထက် ပို၍ ရှိလာစေရန် အားပေးခြင်းများပင် ဖြစ်သည်ဟု ဆောင်းပါးတွင် ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ပုံ ကရက်ဒစ် - အီကော်နော်မစ်