ထွက်ပေါက် မရှိတော့

by Hla Soewai - Aug 13 2023

မိမိတို့ ကြမ္မာ မိမိတို့ ဖန်တီးနိုင်ခွင့် ရရှိရေး အတွက် နှစ်ပေါင်း ၇၀ ကျော် ရုန်းကန် တိုက်ပွဲဝင်ခဲ့သော ကရင် အမျိုးသား အစည်းအရုံး ကေအင်ယူ မှ ယခင်က စစ်အာဏာရှင်များ နှင့် လက်မှတ်ရေးထိုးခဲ့သော နိုင်ငံ လုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး NCA အား ဆက်လက် လိုက်နာမည် မဟုတ်ကြောင်းနှင့် တော်လှန်ရေး အား အရှိန်မြှင့် ဆင်နွှဲသွားမည် ဖြစ်ကြောင်း နိုင်ငံသိ ကျေညာ လိုက်ပြီ ဖြစ်သည်။

 

ကေအင်ယူ ၏ ဥက္ကဌ သစ် ကွယ်ထူးဝင်း နှင့် ဗိုလ်မှုးချုပ် တမ်မလာ သော အပါအဝင် ဆယ်တစ်ဦး ပါ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် အများစု ပါဝင်သည့် နှစ်နာရီကြာ သတင်းစာ ရှင်းလင်းပွဲ တွင် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

၎င်းတို့ ပြည်နယ် အားလည်း လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ပြီး လူဦးရေ ခြောက်သိန်း ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရမှု အား ဆက်လက် သည်းငြည်းခံနိုင်စွမ်း မရှိတော့ပဲ NCA သည် နိုင်ငံတကာ နှင့် လူထုအား လိမ်ညာ လှည်ဖျားရန်သာ အသုံးပြုနေကြ၍ ဆက်ပြီး လိုက်နာစရာ မလိုတော့ဟု စစ်ကျေညာ လိုက်သည့် သဘောပင် ဖြစ်သည်။

 

နေပြည်တော်တွင်လည်း စစ်တပ်မှ ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး မရေမရာ ပြောဆိုလာပြီး လူထု ခေါင်းဆောင်များအား ပြစ်ဒဏ်လျော့ပေါ့ပေးလာမှု များသည် တကယ်တမ်းတွင် အံ့အား သင့်စရာ မဟုတ်ဟု ဟောင်ကောင်ထုတ် South China Morning Post သတင်းစာကြီးတွင် နီကိုလပ်စ် ဖာရယ်လီ နှင့် အဒမ် ဆင်ဆမ် တို့ မှ “စစ်ဗိုလ်ချုပ် အဆက်ဆက် ဒေါ်အောင်ဆန်းစုကြည် အပေါ် အဘယ်ကြောင့် အနိုင်မရခဲ့ကြ သနည်း” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးရှည်ကြီး ရေးသားလာခဲ့သည်။ 

 

ယင်းသည် စစ်တပ် အတွင်း ယိုင်နဲ့ ပြိုလဲလာမှု နှင့် ခေါင်းဆောင် ဖြစ်သူ၏ မည်သူမျှ ယုံကြည်ခြင်း မရှိပဲ သံဿယ စိတ် လွန်ကဲ့လာမှု များ ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုသည်။ စစ် အာဏာသိမ်းခဲ့မှု ကြောင့် စစ်တပ်၏ ဂုဏ်သိက္ခာသည် တစက်ကလေးမျှ မကျန်အောင် ကျဆင်းသွားခဲ့ရသည် နှင့် အမျှ မြန်မာပြည်သူများ၏ စစ်တပ်အပေါ် ယုံကြည်မှု ပျက်ပြားသွားခဲ့ရသည်။ စစ်တပ်၏ ထိုသို့ ကိုယ့်ကိုကိုယ် တောက်လျှောက် ဖျက်ဆီး လာနေသူများအပေါ် ပြည်ပ အစိုးရ အချို့က စာနာစိတ် ပြခဲ့သည့်တိုင် ၎င်းတို့၏ သည်းငြည်းခံနိုင်စွမ်း ကို စိန်ခေါ်သည့် လုပ်ရပ်များ အဖြစ်သို့ တဖြေးဖြေး နှင့် ဦးတည်လာနေပြီ ဖြစ်သည်။

 

လက်ရှိတွင်တော့ တရုတ်၊ ရုရှား တို့နှင့် လက်ချင်းချိတ်ထား နိုင်သမျှ နိုင်ငံတကာ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများသည် စိတ်လျော့သွားကြပြီး ၎င်းတို့ဖက် ရောက်လာကြလိမ့်မည် ဆိုသော မျှော်လင့်ချက် ကို စွဲကိုင်ထားကြဆဲပင် ဖြစ်သည်။ ထွက်ပေါက် ပိတ်လာသည်နှင့် အမျှ အခြား ရွေးစရာ လမ်း မရှိတော့၍ ၎င်းတို့ ၃၃ နှစ် အကျဉ်းချထားရန် ကြံစည်ထားသည့် နိုင်ငံတော် အတိုင်ပင်ခံ အား အရှုံးပေးခဲ့ရပြီး ပွဲထုတ်လာခဲ့ရခြင်း ဖြစ်သည်။ သူမ၏ စကား တခွန်းသည် တိုင်းပြည်အား မီးကို ရေနှင့် ဖျန်းလိုက်သလို ငြိမ်သက်သွားမည်ဟု ၎င်းတို့ စိတ်ထဲ ကြိတ်၍ အထင်တကြီး ရှိနေကြသောကြောင့်လည်း ဖြစ်သည်။

 

သို့သော် ထိုအကြံသည်လည်း အရေးနိမ့်သွားခဲ့ရပြန်သည်။ ၎င်းတို့ ပြည်သူများကို အကြမ်းဖက်မှု များ ဆက်၍ ကျုးလွန်နေသမျှ အာဆီယံ ၏ ထိုင်ခုံသည် လစ်လပ်မြဲ လစ်လပ်နေမည်သာ ဖြစ်သည်။ တဖြေးဖြေး နှင့် မည်သူကမျှလည်း ၎င်းတို့ နှင့် လက်ဆွဲ နှုတ်ဆက် လိုစိတ် ရှိကြတော့မည် မဟုတ်ဟု ဆောင်းပါးတွင် ရေးသားထားသည်။

 

စစ်အာဏာသိမ်း အဖွဲ့၏ လေကြောင်းအင်အား ကို အလွန်အကျွံ အသုံးချကာ တိုက်ခိုက်လာသဖြင့် တော်လှန်ရေး အောင်မြင်ဖို့ အရေး နှောင့်နှေးသလို ဖြစ်နေရသည်မှ လွဲ၍ ပြည်သူများ၏ စိတ်နှလုံး တွင် တော့ အမုန်းတီးကြီး မုန်းတီးလာမှု များသာ တိုးပွား လာခဲ့ရသည်။

 

ရွေးကောက်ပွဲ ကို မသမာသော နည်း ဖြင့် လုပ်၍ ရသည့်တိုင် စစ်အာဏာသိမ်း အဖွဲ့သည် “မိုးမပြိုဘူး ပြိုခဲ့သော်” ဆိုသည့် ယုံထင်ကြောင်ထင် အတွေးများဖြင့် အရှက်ကွဲ အကျိုးနည်း အဖြစ်နှင့် ကြုံရလေမည်လားဟု မင်းအောင်လှိုင်သည် ထိတ်လန့်တုန်လှုပ်လာနေ ခြင်းကြောင့် ဖြစ်သည်ဟု သတင်းစာတွင် ရေးသားထားသည်။

 

အရေးပေါ် အခြေအနေ သက်တမ်း တိုးခဲ့မှု နှင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်ခြင်း တို့ကြောင့် ၎င်းတို့ အပေါ် အနိုင်တိုက်မည်ဟူသော သံန္နိဋ္ဌာန်များ တော်လှန်ရေး အင်အားစုများ အကြား ခိုင်မာသည်ထက် ခိုင်မာလာပြီ ဖြစ်သည်။

 

ယခုထိလည်း ၎င်းတို့ ၏ ဆင်ခြင်ဉာဏ် ကင်းမဲ့စွာ ဖြင့် ကျုးလွန်ခဲ့သည့် မဟာ အမှားကြီး ကြောင့် တတိုင်းပြည်လုံး ဒုက္ခသုက္ခ ရောက်နေရသည့် အဖြစ်ကို ပင် ၎င်းတို့အား ဆန့်ကျင်တွန်းလှန်လာ၍ ဖြစ်ရသည်ဟု နေပြည်တော် ရှိ လုံခြုံရေး အထပ်ထပ် ချထားသော ဝင်းကြီး ခြံကြီးများထဲမှ အော်ဟစ် ပြောဆိုနေဆဲပင် ဖြစ်သည်ဟု ဆောင်းပါးတွင် ဖေါ်ပြထားခဲ့သည်။

 

စစ်ဗိုလ်ချုပ်များသည် စေ့ဆပ်ဆွေးနွေးရေး ဆိုသည်အား ၎င်းတို့ တောင်းဆိုချက်များကို အခြား တဖက်မှ မည်သို့မျှ ပြုပြင် ပြောင်းလဲခြင်း မရှိစေရပဲ သဘောတူရမည်ဟူသော အယူအဆကို စွဲကိုင်ထားကြသူ များသာ ဖြစ်သည်။ ဤသည်ကို သဘောပေါက်လာကြသည်နှင့် အမျှ ၎င်းတို့ အာဏာ မစွန့်လွှတ် သရွေ့ လက်ရှိ အကျပ်အတည်းကြီး အား စားပွဲဝိုင်းတွင် ဖြေရှင်းယုံဖြင့် ပြေလည် နိုင်မည် ဆိုသော အယူအဆများလည်း မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။

 

လက်ရှိ အနေအထားကို မှန်မှန်ကန်ကန် သုံးသပ်နိုင်စွမ်း ကင်းမဲ့ နေသည် ဆိုသည် ကို ဟာဒယ ရွှင်ဆေး သဖွယ် တိုက်ကျွေးလာသည်က ကုန်ဈေးနှုန်း ကျဆင်းရေး ကော်မတီ ဖွဲ့လာပြီး အရပ်ထဲတွင် ဈေးတင်မရောင်းရန် လော်စပီကာ ဖြင့် လိုက်လံ အော်ဟစ်နေကြသည်ကို အံ့ဩဖွယ် တွေ့မြင်ခဲ့ကြရခြင်းပင် ဖြစ်သည်။

 

ဆိုလိုချင်သည်က ယခုလို ကုန်ဈေးနှုန်း များ မြင့်တက်လာခြင်းသည် ၎င်းတို့ နှင့် မဆိုင် ဝိသမ လောဘ တက်၍ ဈေးတင် ရောင်းချနေကြ၍သာ ဖြစ်သည် ဆိုသော အတွေးအခေါ် မျိုးသာ ခေါင်းထဲတွင် ရှိကြောင်း ထုတ်ပြလိုက်ခြင်းပင် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် အကြံတုံး ဉာဏ်တုံး သူ ပီပီ ပြဿနာ ကြုံလာရတိုင်း ယခင် စစ်အာဏာရှင် အဆက်ဆက် က မည်သို့ လုပ်ခဲ့သည် ဆိုသည့် စာအုပ်ဟောင်းကြီးအား ပြန်လှန်တတ်သူ ဖြစ်သည်။ ယခင် ဗိုလ်နေဝင်းက အစ ဇူဇကာ စစ်ဆင်ရေး ဆိုကာ လုပ်ခဲ့ပြီးလည်း ဖြစ်သည်။

 

ထိုသို့ စစ်ခေါင်းဆောင်များ ၏ အဓိပ္ပါယ် မဲ့ လုပ်ရပ်များ ကို ကြည့်၍ လူထု အဖို့ ကြိတ်၍ ရယ်မောနေကြသော်လည်း တဖက်တွင် ၎င်းတို့ ဆက်၍ အုပ်ချုပ်နေသရွေ့ တိုင်းပြည်သည် ပြန်၍ ခေါင်းထောင် လာနိုင်စွမ်း ရှိပါတော့မည်လားဟု စိုးရိမ်ပူပန်မှုများ ကြီးထွားလာခဲ့ကြသည်။ 

 

စစ်ဗိုလ်ချုပ်များ၊ ၎င်းတို့၏ သားသမီးများ၊ တရာ့တစ်ပါးသော ခရိုနီများမှ လွဲ၍ တနိုင်ငံလုံး လမ်းပေါ်တွင် တောင်းရမ်း စားသောက်နေသူများ ပါ မကျန် မြန်မာ့သမိုင်းတွင် မကြုံဖူးလောက်အောင် အထွေထွေ အကျပ်အတည်းကြီး နှင့် ကြုံနေရ၍လည်း ထိုသို့ စိုးရိမ်ပူပန်လာကြသည်မှာလည်း သဘာဝ ကျပေသည်။

 

ထို့အတွက်လည်း တော်လှန်ရေး အင်အားစုများ အောင်ပွဲခံသည့် သတင်းများ ကြားရတိုင်း လူထုသည် ၎င်းတို့ ရင်ဆိုင်နေရသော အကျပ်အတည်းကြီးမှ လွတ်မြောက်တော့မည် ဆိုကာ အားတက်သရော ရှိလာကြစမြဲပင် ဖြစ်သည်။ ဤသည်ကို အလွဲသုံးစား မလုပ်မိစေပဲ အလုပ်နှင့်သာ လက်တွေ့ပြဖို့ လိုသည်ကိုလည်း မဖြစ်မနေ သတိချပ်ကြရမည် ဖြစ်ပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!