သံစုံတီးဝိုင်းးကြီး

by Hla Soewai - Aug 07 2023

စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ လုပ်ရပ်များကြောင့် လူထု တရပ်လုံးက လက်နက်စွဲကိုင် တော်လှန်လာကြသည့် အကြောင်းရင်း ဇစ်မြစ်ကို မသိကျိုးကျွံ ပြုကာ ပြည်သူများ အား “အကြမ်းဖက်သမား” များဟု ကင်ပွန်းတပ်ကာ အမြစ်လှန် ချေမှုန်း နိုင်လျှင်ပင် ပြဿနာ အရပ်ရပ် ပြေလည် သွားမည်ဟု ၎င်းတို့ တပ်ကျွမ်း နားလည်ထားသည့် စစ်ရေး ရှုထောင့်မှ မိုက်မဲစွာ တွေးတော နေကြသူများသာ ဖြစ်သည်။

 

သို့သော် ၎င်းတို့၏ ရည်မှန်းချက်ကား မပေါက်၊ အောင်မြင်ခြင်း မရှိသည်ကို နိုင်ငံရေး နယ်ပယ် တွင် ဉာဏ်နီ ဉာဏ်နက် အမျိုးမျိုး က လူထုအား သပ်လျို သွေးခွဲရန် ကြိုးပမ်းနေရခြင်းကပင် ထင်ရှားနေပေသည်။ သို့သော်လည်း တဖက်တွင် ကျပ်တည်းသည်ထက် ကျပ်တည်းလာသော လူထုသည် ၎င်းတို့၏ ကျွန်ဘဝ နှင့်ပင် မည်သို့မျှ အေးဆေးစွာ ပြန်၍ နေထိုင်လို့ မဖြစ်တော့သည့် အနေအထားကို ကောင်းစွာ ရိပ်စား မိလာကြပြီး စည်းလုံးသည်ထက်ပင် ပို၍ စည်းလုံးလာနေပြီ ဖြစ်သည်။

 

ထိုသို့ လူထု၏ စည်းလုံးညီညွတ်စွာ ထောက်ခံမှု ရနေ၍ အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ တက်ညီလက်ညီ ရရှိလာသော အောင်မြင်မှုများကို ဧရာဝတီ သတင်းစဉ်က ယခုလို သုံးသပ်ထားသည်။

 

PDF သည် စစ်အာဏာသိမ်း အဖွဲ့၏ လက်အောက်ခံ တပ်များကို မကွေး၊ စစ်ကိုင်း နှင့် မန္တလေး ဒေသကြီးများ တွင် နေ့စဉ်လို တိုက်ခိုက်လာနေပြီး ကရင်အမျိုးသား အစည်းအရုံး KNU သည် တောင်ပိုင်း တခွင်တွင် နယ်မြေများကို တိုးချဲ့ သိမ်းပိုက်လာနေပြီး နေပြည်တော်ကိုပင် ခြိမ်းချောက် လာနိုင်သည့် အနေအထား ရောက်လာခဲ့သည်။

 

မြောက်ပိုင်းတွင် လည်း ကချင် အမျိုးသား လွတ်မြောက်‌ရေး တပ်တော် KIA သည် ၎င်းတို့၏ ထိုးစစ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း TNLA, MNDAA တို့နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

 

ကယား နှင့် ရှမ်းပြည်တောင်ပိုင်း တွင်လည်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေပြီး တော်လှန်ရေး အင်အားစုများက နယ်ခြား မြို့တမြို့ကိုပင် သိမ်းယူ နိုင်ခဲ့၍ စစ်ကူများ လွှတ်နေရသည့် အခြေ ဆိုက်လာခဲ့သည်။

 

ချင်း ပြည်နယ် အတွင်း တွင် လည်း ချင်းတိုင်းရင်းသားများ၏ ရေကုန် ရေကမ်း ခုခံတွန်းလှန်မှု နှင့် ရင်ဆိုင်ရပြန်၍ အကျအဆုံး များစွာ နှင့် ထင်တိုင်း မပေါက် ဖြစ်လာရပြန်သည်။

 

ထိုသို့ တော်လှန်ရေး အင်အားစုများ အောင်မြင်မှု ရလာနေခြင်းသည် လူထု၏ တခဲနက် ထောက်ခံ မှု ကြောင့်သာ ဖြစ်သည်ကို ကောင်းစွာ ရိပ်စားမိလာကြသဖြင့် သွေးရူးသွေးတန်း ဖြစ်လာကြသည်နှင့် အတူ ထိုဒေသများ ရှိ ပြည်သူများ အပေါ် စစ်ရာဇဝတ်မှု များ တိုး၍ ကျုးလွန်လာနေကြသည်။

 

ထိုသို့ ဇူလိုင် လအတွင်း နိုင်ငံ တဝှမ်း စစ်ရေး အရှိန် မြှင့်တက်လာနေမှု နှင့် အာဏာသိမ်း အဖွဲ့မှ ရက်စက်ကြမ်းကြုပ်မှု များ ဒလစပ် ကျုးလွန်လာနေခြင်းကို ထောက်ရှုပြီး နိုင်ငံတကာ စစ်ရေး လေ့လာသူများက စစ်ကောင်စီသည် အရှုံးကြီး ရှုံးနိမ့်လာနေပြီး မည်သို့မျှ ပြန်လည် အဖတ်ဆယ် ၍ မရနိုင်တော့သော နယ်မြေ ဆုံးရှုံးမှု များ နှင့် တိုး၍ ရင်ဆိုင်လာနေရပြီဟု သုံးသပ်ခဲ့ကြပြီ ဖြစ်သည်။

 

တောင်ပိုင်း

 

PDF များ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ပဲခူး နှင့် မွန် ပြည်နယ် အတွင်းရှိ အဝေးပြေး လမ်းမများကို ခြိမ်းချောက်လာနေပြီး ရန်ကုန်-ထားဝယ် အဝေးပြေး လမ်းကို အပြီးအပိုင် ထိန်းချုပ်နိုင်ခဲ့၍ ထိုဒေသအတွင်းသို့ လက်နက် နှင့် ရိက္ခာ ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်နိုင်ခဲ့သည်။

 

နေပြည်တော် နှင့် မနီးမဝေး ပဲခူးတိုင်း အရှေ့ခြမ်းတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့ပြီး ကရင်ပြည်နယ် အတွင်း သို့ ပို့ဆောင့်နေသည့် စစ်ကောင်စီ လမ်းကြောင်းများ အား ပိတ်ဆို့နိုင်ခဲ့သည်။

 

ကရင် ပြည်နယ် မြဝတီ မြို့နယ် အတွင်း ရှိ လက်ခတ်တောင် စခန်းအား PDF နှင့် KNU ပူးပေါင်းပြီး သိမ်းယူနိုင်ခဲ့ရာ စစ်ကောင်စီ တပ်များ ပြန်လည် သိမ်းပိုက်နိုင်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း အကျအဆုံးများစွာ နှင့် တပ်လန် သွားခဲ့ရသည်ခြည်းပင် ဖြစ်သည်ဟု သိရသည်။

 

ချင်းပြည်နယ်

 

ဇူလိုင် လ လယ်မှ စ၍ ချင်းပြည်နယ် တောင်ပိုင်း တွင် ထန်တလန် ကို ပြန်လည် သိမ်းယူနိုင်ရန် စစ်ကောင်စီ တပ်များ ထိုးစစ် ဆင်လာရာမှ ဟားခါး နှင့် ထန်တလန် ကြား တိုက်ပွဲများ ပြင်းထန်စွာ နေ့စဉ်လို ဖြစ်ပွားနေပြီး စစ်ကောင်စီသည် ၎င်းတို့ လက်ဝယ် ကျန်ရှိနေသေးသော စခန်းများကို စစ်ကူများ စေလွှတ်လျှက် ရှိနေသည်။

 

တော်လှန်ရေး တပ်ဖွဲ့များသည် ဇူလိုင် ၂၀ ရက်နေ့တွင် ထန်တလန် အနီးရှိ မဟာဗျုဟာမြောက် တောင်ကုန်းကို လက်လွှတ်ပေးခဲ့ရသော်လည်း မင်းတပ်၊ တီးတိန် နှင့် မတူပီ မြို့နယ်များ တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိနေသည်။

 

ချင်းပြည်နယ်တွင် မြို့ အနည်းငယ်မှ လွဲ၍ ကျန်ဒေသ အားလုံးလိုလို ချင်း တော်လှန်ရေး အင်အားစုများက ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

 

မြောက်ပိုင်း

 

စစ်ကောင်စီသည် KIA ၏ လိုင်ဇာ ဌာနချုပ် အနီးရှိ ၎င်းတို့ အာဏာသိမ်းပြီးနောက် လက်လွှတ်ပေးခဲ့ရသော စခန်းဟောင်းများကို ပြန်လည် သိမ်းပိုက် နိုင်ရန် ကြိုးပမ်းလာရာမှ မြစ်ကြီးနား-ဗန်းမော် အဝေးပြေး လမ်းမ တကျော တွင် နေ့စဉ်လို တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်အတွင်း KIA နှင့် ၎င်း မူဆယ်တွင် TNLA နှင့် ၎င်း တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

 

မကွေး၊ စစ်ကိုင်း၊ မန္တလေး ဒေသကြီး

 

ထိုဒေသများ တွင် PDF တပ်ဖွဲ့များသည် နေ့စဉ်လို စစ်ကောင်စီ တပ်များအား ခြုံခို၍သော်၎င်း၊ ဒရုန်းများ ဖြင့်၎င်း၊ စစ်စခန်း များကို လျပ်တပျက် ဝင်ရောက် စီးနင်းခြင်း နေ့စဉ်နှင့် အမျှ တိုက်ခိုက်လျက် ရှိနေသည်။

 

မကွေး နှင့် စစ်ကိုင်းတိုင်း အတွင်း စစ်ကောင်စီ စခန်းများ၊ ရဲစခန်းများ နှင့် ပျုစောထီး များ ထိန်းချုပ်ထားသည့် ရွာ အချို့အား ဒရုန်း များ ဖြင့် အရှိန်မြှင့် တိုက်ခိုက်လာခဲ့သည်။ မုံရွာရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကိုပင် ရှော့တိုက် ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြသည်။ (ပုံတွင် တွေ့ရစဉ်)

 

ကယား ပြည်နယ် အတွင်း တိုက်ပွဲကြီးများ

 

ကယား ပြည်နယ် တောင်ပိုင်း ဖားဆောင်း မြို့ နယ် အတွင်း ဇူလိုင်လ တွင် တိုက်ပွဲကြီးများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။ ထိုင်းနယ်စပ်အနီးရှိ မယ်စဲ့ မြို့အား စစ်ကောင်စီ မှ အင်အား ၄၀၀ ခန့်ဖြင့် ပြန်လည် သိမ်းယူနိုင်ရန် ကြိုးပမ်းလာရာမှ စတင်လာခဲ့ခြင်း ဖြစ်သည်။

 

ဇွန်လ အတွင်း အဆိုပါ မြို့ နှင့် စစ်စခန်း ၆ ခုအား တော်လှန်ရေး အင်အားစုများ က သိမ်းယူနိုင်ခဲ့ရာတွင် စစ်ကောင်စီ ဖက်မှ အကျအဆုံး များစွာ နှင့် လက်နက်ချသူ များပြားလာခဲ့သည်။

 

ဇူလိုင် လကုန် ပိုင်းတွင် လွိုင်ကော်-မိုးဗြဲ အဝေးပြေး လမ်း ပေါ်တွင် စစ်ကောင်စီ တပ် ယာဉ်တန်းကို တော်လှန်‌ရေး တပ်ဖွဲ့များက စတင် တိုက်ခိုက်လာရာမှ မြို့တော် လွိုင်ကော် အနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြန်သည်။ ဖယ်ခုံမြို့ နယ် ရှိ တပ်ရင်းကို လည်း တိုက်ခိုက်ခဲ့ကြရာ ရှစ်ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

 

ယခုအခါ လွန်စွာ မှ အကျပ်ရိုက်လာနေပြီ ဖြစ်သော မင်းအောင်လှိုင် သည် ကယား ပြည်နယ် အတွင်းသို့ စစ်အင်အား ၆,၀၀၀ ခန့် စေလွှတ်လာသဖြင့် တိုက်ပွဲများ ရှေ့လျောက် ပြင်းထန်လာဖွယ် ရှိသည်နှင့် အမျှ စစ်ကောင်စီ တပ်များသည် စစ်ရာဇဝတ်မှုများ တိုး၍ ကျုးလွန်လာဖွယ် ရှိနေသည်။

 

၎င်းတို့ ပါးစပ်က တရားဥပဒေ စိုးမိုးရေး ဟု အကြောင်းပြလာသည်ထက် ပို၍ စော်ကား သော စကား မရှိတော့ပေ။

 

တော်လှန်ရေး တပ်ဖွဲ့များသည် ပြည်သူများ၏ အားတက်သရော ထောက်ခံနေမှု များ နှင့် အတူ တရားမျှတသော ခုခံ တွန်းလှန်ရေး စစ်ပွဲကြီး ကို တိုက်ခိုက်နေရသော ကြောင့် အောင်ပွဲများ ဆက်တိုက် ဆိုသလို ရရှိလာခဲ့ကြခြင်းပင် ဖြစ်သည်။

 

“လူသည် မိမိ ကံကြမ္မာကို မိမိသာ ဖန်တီးနိုင်၏၊ မိမိ ကံကြမ္မာကို မိမိဖာသာ မဖန်တီးနိုင်သူ မှာ လူမဟုတ်၊ ညံ့ဖျင်းသော သတ္တဗေဒ သတ္တဝါ သာ ဖြစ်လိမ့်မည်။

(စကားပုံ)

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!