သူလည်း သုံးချက်၊ ကိုယ်လည်း သုံးချက်

by Hla Soewai - Aug 07 2023

မကြာသေးမီက နိုင်ငံတော် အတိုင်ပင်ခံ အား ပြစ်ဒဏ် လျော့ပေါ့ပေးလိုက်သည့် အရေးအား အချို့သော မဟာကဝိကျော်များက စစ်ကောင်စီ ခေါ် အာဏာသိမ်း အဖွဲ့သည် သဘောထား ပျော့ပြောင်းလာလေပြီဟု သုံးသပ်လာကြသည်။ အကယ်၍များ သူမ ကိုသာ စကားပြောဆိုခွင့် ပေးမည်ဆိုလျှင် ထိုသို့ လျော့ပေါ့ပေးခဲ့သည်ကို ကျေးဇူးတင်စကား ဆိုမည် မဟုတ်သည်ကား သေချာလှပေသည်ဟု နီကီအေးရှား သတင်းစာစောင်၏ အယ်ဒီတာ အာဘော်တွင် ရေးသားထားသည်။

 

ဆက်လက်ရေးသားရာတွင် ထို့မတိုင်မီ က အရေးပေါ် အခြေအနေ ကို လေးကြိမ်မြောက် သက်တမ်းတိုးလာပြီး ကတိပေးထားသည့် ရွေးကောက်ပွဲ ကို ရွှေ့ဆိုင်းလိုက်သည်၊ ယင်းသည် ၎င်းတို့လက်ထဲ အာဏာ များ သိမ်းကြုံးယူငင်ကာ ဇာတ်ရှုပ်ကြီးအား ဆက်လက် အသက်သွင်းရန် ဉာဏ်နီဉာဏ်နက်များ ထုတ်၍ ပြင်ဆင်နေကြပြီ ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့၏ လှုပ်ရှားလာသော အနေအထားများ တွင် ဒေသတွင်းရှိ နိုင်ငံများ မှ ၎င်းတို့ အား သူတို့ လိုလားသလို အကန့်အသတ် နှင့် ဆက်ဆံခွင့် ရလာ နိုင်အောင် လမ်းခင်းပေးလာမှု များ ပါရှိလာခဲ့သည်။ ထိုသို့ တွေ့ဆုံ မှုများအား မည်သို့ပင် လီဆယ် ကင်ပွန်းတပ် စေကာမူ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီ အတွက်သာ မက အားလုံးအတွက် ကောင်းစွာ အသုံးဝင်နေသည်။ တနေ့တခြား ကြီးထွားလာနေသော တော်လှန်ရေး အင်အားစုများ အပေါ် ဩဇာ သက်ရောက်နိုင်စွမ်း မရှိတော့သော်လည်း ဒီမိုကရေစီ လှုပ်ရှားမှု ကြီး အတွက် မားမားမတ်မတ် ထည်ထည် ဝါဝါ ရပ်တည်ပေးနိုင်နေဆဲပင် ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့ လမ်းကြောင်း ပြောင်း ဂီယာ ချိန်းလာခြင်း မှာ အကြောင်း ရင်းခံ အမျိုးမျိုး ရှိနိုင်သော်လည်း ဆွေးနွေးမှု များ ပြုလုပ်ရန် လိုလိုလားလား ရှိလာနေသည်ကတော့ သိသာထင်ရှားနေပေသည်။

 

ထိုအကြောင်းရင်းခံထဲတွင် ထိတ်ဆုံးမှ ပါလာရသည်က ကြီးမားစွာ ရင်ဆိုင်လာနေရသော ဘဏ္ဍာရေး အကျပ်အတည်း ကြီး ကြောင့်ပင် ဖြစ်သည်ဟု နေပြည်တော်ရှိ ဘဏ္ဍာရေး ကဏ္ဍ တွင် လုပ်ကိုင်နေသူများက တိုးတိုးတိတ်တိတ် ပြောလာကြသည်။ ဗဟိုဘဏ်၏ အချက်အလက်များ မရရှိနိုင်သော်လည်း အတွင်းလူများ၏ အဆိုအရ အစိုးရ ဘဏ်များ သည် နိုင်ငံခြားငွေ အသွင်းအထုတ် အား နိုင်ငံတကာ မှ ပိတ်ဆို့ထားမှု ကြောင့် အတော်ကို ထိခိုက်လာနေရသည်ဟု သိရသည်။ နိုင်ငံခြားငွေ စီးဝင်လာမှု တွင်လည်း အကြီးအကျယ် ပိတ်ဆို့ ခံနေရသည်ဟု ဆိုသည်။

 

ထိုသို့ ဖြစ်လာရသည့် အဓိက အကြောင်းခြင်းရာသည် အမေရိကန်မှ အာဏာသိမ်း အဖွဲ့ ၏ လက်နက်နှင့် လေယာဉ်ဆီ ဝယ်ယူနေမှုများ တွင် အခရာကျနေသော နိုင်ငံခြား ကုန်သွယ်မှု ဘဏ် နှင့် ရင်းနှီးမြုပ်နှံမှု ဘဏ်များအား စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့သည့် စာရင်းတွင် ထည့်သွင်းခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။

 

နောက်ဆုံး ရရှိသည့် ယနေ့သတင်းအရ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အဆိုပါ ဘဏ်တိုက်ကြီး နှစ်ခု နှင့် ဆက်သွယ်ဆောင်ရွက်နေမှု များ အား သတ်မှတ်ထားသည့် နောက်ဆုံးရက် ဖြစ်သည့် ယနေ့ ဩဂုတ် လ ၅ ရက်နေ့ နောက်ပိုင်းတွင် သေချာစွာ စောင့်ကြည့် အရေးယူသွားမည်ဟု သိရသည်။

 

နောက်ထပ် ၎င်းတို့အား ထိခိုက်လာနေသည့် အချက်က မြန်မာ စစ်ဗိုလ်ချုပ်များ၏ ကိုယ်ပိုင် ဘဏ္ဍာငွေများ သိုဝှက်ရာ ဖြစ်နေသည့် စင်္ကာပူသည် ယခင်လို မသိချင်ယောင် ဆောင်မနေတော့ပဲ ၎င်းတို့၏ ငွေစာရင်းများကို ဖျက်သိမ်းပစ်ရန် စီမံလာနေမှုပင် ဖြစ်သည်။ ဇူလိုင်လ အစောပိုင်းက စင်္ကာပူရှိ UOB ဘဏ်တိုက်ကြီးမှ မည်သို့မျှ အကြောင်းမပြပဲ MAI လေကြောင်းလိုင်းမှ ဖွင့်ထားသော အကောင့် များစွာ ကို ဖျက်သိမ်းပစ်ခဲ့သည်။

 

ယေဘုယျ အားဖြင့် ကမ္ဘာလုံး ဆိုင်ရာ ဘဏ္ဍာရေး မသမာမှုများ စောင့်ကြည့်ရေး အဖွဲ့ကြီးမှ မြန်မာ အား မြောက်ကိုရီယား၊ အီရန် တို့နှင့် အတူ နာမည်ပျက် စာရင်းသွင်းပြီး နောက်တွင် အနောက်အုပ်စုမှ ဘဏ္ဍာရေး နယ်ပယ် တွင် မြန်မာ နှင့် ပတ်သက်နေသည်များကို အထူး စီစစ် ကြပ်မတ် လာခဲ့ကြသည်။

 

နောက်ဆုံး အချက်အဖြစ် နိုင်ငံအတွင်း ခုခံတွန်းလှန်နေမှုများကို အမြစ်ဖြတ်မည့် ရန် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ ကြွက်မနိုင် ကျီ မီးနဲ့ ရှို့ ဆိုသလို မဲမဲ မြင်ရာ ဖမ်းဆီး သတ်ဖြတ်ခြင်း များ ဖြင့် နှိမ်နှင်းရန် ကြိုးပမ်းမှု များသည် လည်း အထမမြောက် ခဲ့ပြန်ပေ။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များ ပူးပေါင်း တိုက်ခိုက်မှုသည် ပြီးခဲ့သည့် နှစ်နှစ် အတွင်း အံ့ဩဖွယ် ကောင်းလောက်အောင် အောင်မြင်မှု များ ရရှိလာခဲ့သည်။ စစ်ရေးသုတေသီများက အာဏာသိမ်း အဖွဲ့သည် အဓိက မြို့ကြီး များကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သော်လည်း နိုင်ငံ ဧရိယာ၏ တဝက်နီးပါး လက်လွှတ်ခဲ့ရပြီဟု တညီတညွတ်တည်း သုံးသပ်ခဲ့ကြသည်။ လူဦးရေ နှစ်သန်း နီးပါးသည်လည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ကုလ အစီရင်ခံစာ တွင် ဖေါ်ပြထားသည်။

 

ထိုသို့ အနေအထား များ ရှိနေသော်လည်း မင်းအောင်လှိုင်သည် သူ့ဖက်က မျှော်လင့်ချက်များ ရှိနေဆဲဟု ယူဆလာခဲ့သည်။ ပထမ အချက် အဖြစ် အဓိက ထောက်ခံနေသည့် ထိုင်း တွင် ၎င်းတို့အား ဒုက္ခ ပေးနိုင်သည့် “ရှေ့သို့ချီ” ပါတီ သည် အာဏာသို့တက်လှမ်းနိုင်မည့် အနေအထား ပျက်ပြယ်သွားခဲ့ခြင်း ဖြစ်သည်။ အသစ် ဖွဲ့စည်းလာမည့် ထိုင်း ညွှန်ပေါင်း အစိုးရသစ်သည်လည်း ယခင် ကွန်ဆာဗေးတစ် အစိုးရ၏ မူ ကို ဆက်၍ ကျင့်သုံးသွားဖွယ် ရှိသည်ဟု အရိပ်အယောင်များ တွေ့လာရသည်။

 

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲတွင် ရှိနေစဉ်မှာပင် ထိုင်း အိမ်စောင့် အစိုးရ နိုင်ငံခြားရေး ဝန်ကြီး သည် ဂမူးရှုးထိုး သွားရောက် တွေ့ဆုံပြီး ၎င်းတို့၏ အကျိုးစီးပွား အဆင်ပြေ ချောမွေ့ရန် ကြိုးပမ်းလာခဲ့သည်။

 

ဒုတိယ အချက် အဖြစ် နေပြည်တော်၏ ဖောက်သည်တဦး ဖြစ်နေသော အိန္ဒိယသည် မဏိပူရ ပြည်နယ်အတွင်း လူမျိုးရေး ပြဿနာများ ပြင်းထန်လာမှုကြောင့် နယ်ခြား လုံခြုံရေး အတွက် ၎င်းတို့နှင့် မဖြစ်မနေ တိုး၍ ဆက်ဆံလာရဖို့ ရှိလာသည်။

 

တတိယ အချက် သည်ကား အာဆီယံ ပင် ဖြစ်သည်၊ အာဆီယံ သည် မြန်မာ အရေး အပေါ် သဘောထား ကွဲလွဲမှု များ ရှိနေသော်လည်း ဥက္ကဌ ဖြစ်သည့် အင်ဒိုနီရှားသည် သောင်မတင် ရေမကျ ဖြစ်နေသည့် အရေး မှ ဖောက်ထွက်နိုင်ရန် လောကြီးလာနေပြီး ပါဝင်ပတ်သက်နေသူများ နှင့် သိုသိုသိပ်သိပ် ဆွေးနွေးမှုများ တိုး၍ ပြုလုပ်လာခဲ့သည်။ မင်းအောင်လှိုင် အတွက် အားတက်ဖွယ် ဖြစ်လာရသည်က အာဆီယံ ဥက္ကဌ ရာထူးအား လ အနည်းငယ် အတွင်း ၎င်းတို့အား ထောက်ခံပြီး တရုတ် ၏ အနီးကပ်ဆုံး မဟာမိတ် ဖြစ်သည့် လာအိုမှ လက်ခံရယူ ဖို့ ရှိနေခြင်းပင် ဖြစ်သည်။

 

စစ်ကောင်စီသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား အတင်းအကျပ် ဖျက်သိမ်းခဲ့သော်လည်း စေ့စပ်ဆွေးနွေးရေး စားပွဲ သို့ လာထိုင်မည်ကိုတော့ လိုလားဟန် ပြလာသည်။ သို့သော်လည်း NUG ရောထွေး ပါလာမည့် အရေးကိုတော့ ဆန့်ကျင်နေဆဲပင် ဖြစ်သည်။ ၎င်းတို့သည် NUG နှင့် NLD ကို ခွဲထုတ်ပစ်နိုင်ရန် ဗျုဟာ တရပ် အဖြစ် ကျင့်သုံးလာခြင်းလည်း ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလည်း သွေးခွဲနိုင်ရန် ယခင်က သဘောတူညီချက် ရထားပြီး ဖြစ်သော အဖွဲ့ငယ်လေးများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုကာ အသစ်တဖန် ပြန်စလာခဲ့သည်။

 

ထိုသို့ ဆွေးနွေးပွဲများ တွင် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားဖွယ် မရှိသော်လည်း သူမထံမှ ထောက်ခံသည် ဆိုသော အရိပ်အယောင် စကားလေး ထွက်လာလျှင်ပင် ၎င်းတို့ အတွက် အတော် အကျိုးများ ဖွယ် ရှိနေသည်။ နောက်တချက် ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်၍ စစ်တပ်မှ စဉ်းစားလာရသည်က သူမသည် အသက် ၇၈ နှစ် ရှိလာပြီ ဖြစ်၍ မတော်တဆ အကျဉ်းထောင်ထဲတွင် တိမ်းပါးသွားခဲ့လျှင် ၎င်းတို့ အတွက် ပြဿာနာ များ ပို၍ တက်လာတော့မည့် အရေး ဖြစ်သည်။

 

နိုင်ငံတကာ မျက်နှာစာတွင်လည်း စစ်တပ်သည် အပယ်ခံ ဘဝ ရောက်သည်ထက် ရောက်လာနေပြီ ဖြစ်၍ မချစ်သော်လည်း အောင့်ကာနမ်း နေရသည့် တရုတ် အပေါ် ပို၍ အားကိုးလာနေရပြီ ဖြစ်သည်။ ရုရှား၊ အိန္ဒိယ နှင့် ထိုင်း နိုင်ငံများ နှင့် လည်း ဆက်ဆံမှု များ ရှိနေပြီ ဖြစ်သည်။

 

တရုတ်သည် ၎င်းတို့ နှင့် ဆက်ဆံနေသော်လည်း တဖက်တွင် တိုင်းရင်းသား လက်နက်ကိုင် များ နှင့် ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထားလိုသည့် သဘော နှင့် နောက်ကွယ်က ဆက်ဆံနေပြန်သည်။ ထိုနိုင်ငံများ မှ လွဲ၍ စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့နှင့် (ရဲရဲတင်းတင်း) ပေါင်းသင်းရဲသည့် နိုင်ငံ မရှိ ဖြစ်နေသည်။

 

နိုင်ငံခြား အရံငွေများလည်း ကုန်ခမ်းလာနေသည်၊ ထိုးကျွေးရမည့် တပ်အင်အားလည်း ပြုန်းလာနေသည်။ အတွေးအခေါ် ပိုင်းတွင်လည်း အတွင်းဓါတ်ခံ ကိုယ်နှိုက်က ယုတ်ညံ့စိတ် နှင့် ကိုယ်ကျိုးကြည့် တတ်သူများ ဖြစ်နေ၍ ယခု ထက် ကျော်လွန်ပြီး ထွက်ပေါ်လာနိုင်စွမ်း မရှိ ဖြစ်နေပြန်၍ ၎င်းတို့ အဖို့ လုပ်နေကျ လူထု ဆက်ဆံရေး နည်းဟောင်းများဖြင့်သာ ကမ္ဘာကြီးသည် စိတ်ပျက်လက်ပျက် နှင့် ၎င်းတို့ အပေါ် စိတ်လျော့ကောင်း စိတ်လျော့သွားကြမည်ဟု မျှော်လင့်နေကြသူများ ဖြစ်သည်ဟု ဟု မစ္စတာ ရှောင် တန်နဲလ် က မကြာမီ က ရေးသားလာခဲ့သည်။ (အပြည့်အစုံ တင်ပြပြီး ဖြစ်)

 

တော်လှန်ရေး အင်အားစု များကတော့ တမျိုးသားလုံး အတွက် သေရေး ရှင်ရေး ဖြစ်လာနေသော ပြဿနာကြီး ကို အပြီးအပိုင် ဖြေရှင်းနိုင်ရန် စည်းလုံးညီညွတ်စွာ အရှိန်မြှင့် တိုက်ခိုက်လာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

သရုပ်ဖေါ် - အီကော်နော်မစ်