မကောင်းမှု ရှောင်၊ ကောင်းတာလုပ်ကွဲ့

by Hla Soewai - Aug 07 2023

မင်းအောင်လှိုင် နှင့် အဖွဲ့ အတွက် ထိုင်တော်မူ မာယဝိဇယ ဗုဒ္ဓ ရုပ်ပွား ဆင်းတုတော် ဖွင့်ပွဲကြီးက အောင်မြင်စွာ ကျင်းပ ပြီးစီးသွားသည်ဟု ပြော၍ မရတော့ပဲ ၎င်းတို့၏ စိတ်ထဲတွင် ခိုးလိုးခုလု ဖြင့် ကျန်ရစ်သွားခဲ့ရပေတော့သည်။

 

ထိုသို့ ဖြစ်ရခြင်း မှာလည်း ကျောက်မဲ ဆရာတော်ကြီး၏ “လက်သုံးချောင်းထောင်” တရားတော်ဟု ထင်ရှားသွားခဲ့သည့် “မကောင်းတဲ့ အလုပ် မလုပ်နဲ့၊ ကောင်းတဲ့ အလုပ်ကို လုပ်၊ စိတ်ကို ဖြူစင်အောင် ထား” ဆိုသည့် တရားတော် ကို နာကြားလိုက်ရသောကြောင့် ငုတ်တုတ်မေ့ မတတ် ဖြစ်သွားခဲ့ရခြင်း ကြောင့်ပင် ဖြစ်သည်။

 

ကျောက်မဲဆရာတော်ဟု လူသိများသည့် အရှင် ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရ သည် အရဟံ ဖေါင်ဒေးရှင်းကြီး၏ ဩဝါဒ စရိယ နှင့် နိုင်ငံတော် သံဃမဟာနယက အဖွဲ့၏ ဒုတိယ ဥက္ကဌ လည်း ဖြစ်သည်။

 

ဆရာတော်သည် ခေတ်ပျက်မတတ် ဖြစ်နေသော ကာလ တွင် ဝါတွင်းကာလ တရားတော် အဖြစ် ပြည်သူများ အား ဆုံးမဩဝါဒ ပေးလိုဟန် ရှိသော်လည်း စစ်အာဏာသိမ်းသူ များ အဖို့က မလုံမလဲ နှင့် ၎င်းတို့ကိုများ စောင်းမြောင်း ဟောလေသလားဟု အထင်ရောက်သွားခဲ့သည်၊ လူထုကတော့ ထိုသို့ပင် ယုံကြည်သွားခဲ့သည်။

 

မင်းအောင်လှိုင်၏ ၈၁ ပေ မြင့် ကမ္ဘာအကြီးဆုံး ပြုံးရယ်တော် မူသည့် ထိုင်တော်မူ ရုပ်ပွားတော်ကြီးဟု မြှောက်ပင့် ပြောဆိုနေကြစေကာမူ ပြည်သူ များ၏ စိတ်ဝယ် စစ်တပ်၏ ရက်စက်ကြမ်းကြုပ်စွာ အုပ်ချုပ်ခံခဲ့ရသည့် အမှောင်တကာ အမှောင်မိုက်ဆုံး ခေတ်၊ ခေါင်းဆောင်လုပ်သူ၏ အလွန်အကျွံ စိတ်ကြီး ဝင်ကာ လူထု၏ အသက်ကို ဖက်ရွက်ကလေးမျှပင် တန်ဖိုး မထား အုပ်ချုပ်ခံခဲ့ရသည့် ခေတ်၏ ပြယုဒ် အဖြစ် စွဲထင် ကျန်ရစ်နေတော့မည်သာ ဖြစ်သည်ဟု Frontier Myanmar က ရေးသားလာခဲ့သည်။

 

နေပြည်တော်ရှိ ပျဉ်းမနား မှ အမျိုးသမီးတဦးက မူ “မကောင်းဆိုးဝါး တကောင်က ကမ္ဘာအကြီးဆုံး ရုပ်ပွားတော်၊ ကမ္ဘာ အကြီးဆုံး ဘုန်းကြီးကျောင်းပဲ ဆောက်ဆောက် သူရဲ့အကုသိုလ် ကံ ကို ကုသိုလ်ကောင်းမှု လုပ်ပြီး ဆေးကြောပစ်လို့ မရနိုင်” ဟု ဝေဖန်သွားခဲ့သည် ဟုလည်း ပါရှိသည်။

 

ထိုရုပ်ပွားတော်ကြီး တည်ဆောက်ခဲ့သည့် ကုန်ကျစရိတ်သည် အမေရိကန် ဒေါ်လာ သန်း ၄၀ ခန့် ရှိပြီး အဓိကအားဖြင့် ကရိုနီ များ၊ အခြား စီးပွားရေး လုပ်ငန်းများ မှ တောင်းယူခဲ့ကြခြင်းပင် ဖြစ်သည်။

 

ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ စစ်ကောင်စီ ထုတ်ပြန်ချက်အရ လူထု ၏ ထည့်ဝင်ငွေ သည် ကျပ် ၈၁၀ သန်း (ဒေါ်လာ ၃၈၅,၀၀၀) သာ ရှိနေခဲ့ရာ ၁၀၁ ပါးသော ကရိုနီ ပြာ တို့၏ ဇွန်လ အတွင်း လှူဒန်းငွေကြောင့် ကျပ် ၁၆ ဘီလီယံ (ဒေါ်လာ ၇.၆ သန်း) ရရှိလာသည်။

 

ထိုသို့ အကုန်အကျ များစွာ ခံ ခဲ့သော်လည်း နဖူးကချွေး ခြေမကျသည့် အထိ မနက် ၈ နာ ရီ မှ ညနေ ၅း၃၀ အထိ ပူပြင်းလှသည့် နေရောင်အောက်တွင် လုပ်ကိုင်ခဲ့ကြရသည့် အလုပ်သမားများ အဖို့က ကျွမ်းကျင်မှု အပေါ် မူတည်ပြီး တနေ့တာ လုပ်အားခ ကျပ် ၇၀၀၀ မှ ကျပ် နှစ်သောင်း (ဒေါ်လာ ၃.၃ - ၉.၄) အထိ သာ ရရှိခဲ့သည်။ ထို့အတွက် အကျွမ်းကျင်ဆုံး အလုပ်သမား တဦးပင် တနေ့ ရှစ်နာရီ လုပ်ခ တဒေါ်လာ သာသာ လေးသာ ရရှိခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

 

ထိုသို့မှ ဝင်မလုပ်လျှင် မိသားစု ငတ်သေဖို့သာ ရှိတော့သည်ဟု မင်းအောင်လှိုင် ဘုရားဟု သာ ခေါ်ဆိုနေကြသည့် တည်ဆောက်ရေး လုပ်ငန်းထဲ ဝင်ခဲ့ရမှု ကို မလုံမလဲ ဖြစ်ဟန်ရှိသည့် အလုပ်သမား တဦးက ဆိုသည်။

 

မင်းအောင်လှိုင် သည် ဗုဒ္ဓဘာသာ ကို ကြည်ညိုသက်ဝင် မှုထက် သူ၏ ရန်သူဟု သတ်မှတ်ထားသော ပြည်သူများကို မလှန်နိုင်အောင် ချေမှုန်းလိုစိတ် အားကြီးနေသူ ဖြစ်မှန်း ရုပ်ပွားတော်အား မာရ ဝိဇယ ဟု ဘွဲ့တော် ပေးခဲ့ခြင်းက ထင်ရှားနေသည်ဟု နွေဦးတော်လှန်ရေး သံဃာ ကွန်ယက်မှ ဆရာတော် ဦး ဝေရန က ဆိုသည်။

 

မာရ ဆိုသည်က “မာရ် အနှောက်အယှက် အဟန့်အတား” ဖြစ်ပြီး ဝိဇယ သည် “အောင်နိုင်သူ” ဟု အဓိပ္ပါယ် ရနေ၍ မာရ်အောင်မြင် ဘုရားဟု ပြော၍ ရနေသည်။ ထိုရည်ရွယ်ချက် ဖြင့် ရုပ်ပွားတော် ကို ထုလုပ် ကိုးကွယ်လာခြင်းကပင် ၎င်း၏ အတွင်းသဘော သည် ထင်ရှားနေသည်ဟု လည်း မိန့်ကြားခဲ့သည်။

 

သို့သော် ဘုရားရှင်သည် မာရ ဟု ခေါ်သည့် မာရ် နတ်၏ လောဘ၊ ဒေါသ၊ အမုန်းတရားများ ကို မေတ္တာဖြင့် အောင်မြင်ကျော်လွှားနိုင်ခဲ့သူ ဖြစ်သည်။

 

၎င်းတို့ ကိုး ဂဏန်း အပေါ် မည်မျှ အထိ အယူသည်း ခဲ့သည်ကို ပြဆိုနေသော အချက်က ရုပ်ပွားတော်၏ စုစုပေါင်း အမြင့်သည် ၈၁ ပေ၊ ထိုင်တော်မူ ရုပ်ပွားတော် သည် ၆၃ ပေ၊ ပလ္လင်တော်သည် ၁၈ ပေ ရှိနေခြင်းပင် ဖြစ်သည်။ စုစုပေါင်း တန်ချိန် ၅,၂၉၂၊ ပလ္လင်တော်သည် ၃,၅၁၀၊ ရုပ်ပွားတော်သည် ၁,၇၈၂ တန် ရှိနေသည်၊ ထိုဂဏန်းများ အားလုံးပေါင်းမည် ဆိုက ကိုး ဂဏန်း ထွက်နေသည်ဟု ဆိုသည်။

 

ထို့အတွက် ၎င်းတို့ သက်ဆိုးရှည် ရေး အတွက် အဆောင်အယောင်များ နှင့် တည်ဆောက်ထားသည့် ရုပ်ပွားတော်ကြီးသည် နေပြည်တော် မြို့သစ်ကြီးကဲ့သို့ ခြောက်ကပ်နေဖို့သာ ရှိနေသည်။

 

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း မှ ဘုရားဖူးရန် လူထုအား ဩဂုတ်လ ၁၆ ရက်နေ့အထိ အခမဲ့ ခွင့်ပြု ထားမည် ဖြစ်ပြီး နောက်ပိုင်းတွင် ဝင်ကြေး ကောက်ခံမည်ဟု ဆိုသည်။

 

နေပြည်တော်ရှိ အမျိုးသမီးကမူ ထိုသို့ ဘာသာရေး ကို ခုတုံးလုပ် ထားသည့် ၎င်းတို့၏ အတွင်း သဘော အစစ်အမှန်ကို သိထားပြီး ဖြစ်သည့် အတွက် ဝင်ကြေး အလကား ဆိုသည့်တိုင် မလာချင်သူများ အဖို့ လာရောက်ကြလိမ့်မည် မဟုတ်ဟု ပြောကြောင်း Frontier Myanmar တွင် ပါရှိလာခဲ့သည်။

 

အာဏာသိမ်း အဖွဲ့မှ တီထွင် ပြဋ္ဌာန်းလာသော ဥပဒေမှန်သမျှ သည် ပြည်သူများ၏ အကျိုးရှိရာ ရှိကြောင်း တခုတလေမျှပင် မပါပဲ ၎င်းတို့ အုပ်ချုပ်ရေး သက်ဆိုးရှည်စေရန် နည်းမျိုးစုံဖြင့် ဖိနှိပ် အုပ်ချုပ်နိုင်ရန် အတွက်ပင် ဖြစ်နေသည်။

 

ထိုသို့ ဆိုးဆိုးရွားရွား အုပ်ချုပ်လာမှုကြောင့် မဆံ့မပြဲ ခံစားနေရသော လူထု ၏ အထွေထွေ သော လူမှု ဒုက္ခများကို အခါအားလျှော်စွာ အခြားသို့ အာရုံလွှဲနိုင်ရန် လိုအပ်သည်ဟုလည်း ယုံကြည်ထားကြသူများ ဖြစ်သည်။

 

သမိုင်းဘီးသည် ရှေ့သို့သာ လှိမ့်တက်ရိုး ထုံးစံရှိ၍ အုပ်စိုးသူ စစ်အာဏာရှင်များက မည်မျှပင် ဇက်ဆွဲထားစေဦး တအိအိ ဖြင့် ရှေ့သို့သာ ရွေ့လျား တတ်စမြဲပင် ဖြစ်သည်။

 

ယခုပင် သံသယ စိတ်များ မွှန်ထူနေပြီး တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ် အစရှိသည့် ပုဂ္ဂိုလ်များကို လိုဘ မပြည့်တိုင်း ချောင်ထိုးခံရပြီး ကမ်းနားသစ်ပင် ဖြစ်သွားရသော မင်းခ ယောကျ်ားများ တပြုံတခေါင်းကြီး ဖြစ်သွားခဲ့သည်၊ စိုးထွဋ် နှင့် သက်သက်ခိုင် တို့ ချောင်ထိုး ခံခဲ့ရပြီး စိုးထွဋ်နေရာတွင် ရာပြည့် ဖြစ်လာသည်။

 

မည်သို့ပင် ဖြစ်စေ ၎င်းအနား တနှစ်ကျော် ခံခဲ့လျှင်ပင် ကံကောင်းသည်ဟု အားလုံးက ယူဆနေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်။