ရှောင် တန်နဲလ် ပြောပြီ

by Hla Soewai - Aug 07 2023

ဩစတေးလျှ အခြေစိုက် The Lowy Institute မှ ထုတ်ဝေသော The Interpreter စာစောင်တွင် ရေးသားထားသော မစ္စတာ ရှောင် တန်နဲလ်၏ နိုင်ငံတော် အတိုင်ပင်ခံ အား အပြစ်ဒဏ် လျော့ပေါ့သည် ဆိုသည် အပေါ် ဝေဖန် ရေးသားချက် ဖြစ်သည်။

 

ထိုဆောင်းပါး အား လူထု မှ ဒီမိုကရေစီ နည်းလမ်း ဖြင့် ရွေးချယ်တင်မြှောက်ခံထားရသော ခေါင်းဆောင်များသည် ထောင်ထဲတွင် ရှိမနေသင့်ဟု အစချီထားခဲ့သည်။

 

မြန်မာ စစ်ဗိုလ်ချုပ်များသည် အရာရာတိုင်းအား မှတ်မိနိုင်သည့် စွမ်းရည်များ ထူးထူးခြားခြား ပိုင်ဆိုင်ထားကြသော်လည်း သင်ယူနိုင်မှု တစက်မျှ မရှိသူများ ဖြစ်သည်။ ဤသည်ကပင် တခါတရံ သူတို့ အား အကျိုးပြု နေတတ်ပြန်သည်။ ကမ္ဘာ အစိတ်အပိုင်း အတော်များများ တွင်တော့ မြန်မာပြည် အကြောင်း စဉ်းစားရဖို့ ဖြစ်လာသည့် အခါတွင် မှတ်လည်း မမှတ်မိ၊ လေ့လာထားမှု လည်း မရှိ ဖြစ်နေတတ်သည်။

 

ဤသို့ဖြင့် အင်္ဂါနေ့တွင် အာဏာသိမ်း စစ်ဗိုလ်ချုပ်များ မှ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အား ချမှတ်ထားသည် ထောင်ဒဏ် ၃၃ နှစ်မှ ၆ နှစ် ထပ် လျော့ပေးလိုက်သည် ဆိုသော ကျေညာချက် ထွက်ပေါ်လာခဲ့သည်။ အလားတူ သမ္မတ ဦးဝင်းမြင့်အားလည်း လေးနှစ် လျော့ပေါ့ပေးလာခဲ့ပြန်သည်။ အခြားသော နိုင်ငံရေး အကျဉ်းသားများ အားလည်း လျော့ပေးလာဖို့ ရှိနေပြန်သည်။

 

ထိုသို့ လျော့ချခဲ့မှုသည် ၎င်းတို့၏ အုပ်ချုပ်ရေးအား နောက်ထပ် ၆ လ သက်တမ်း တိုး ရန် အရေးပေါ် အခြေအနေ ကျေညာပြီး နောက်တရက် တွင် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။ ထိုသို့ ကျေညာခဲ့ခြင်းကပင် နှစ်ကြိမ်သာ သက်တမ်းတိုးခွင့် ရှိသည် ဆိုသော ၎င်းတို့၏ ဖွဲ့စည်းပုံကို ပြန်၍ ဖေါက်ဖျက်လိုက်ခြင်းပင် ဖြစ်သည်။

 

တပါးသူ၏ အပြစ်ကိုသာ မြင်တတ်သူများ၊ ယုံလွယ်တတ်သူများ၊ စစ်အုပ်ချုပ်ရေး ဖြင့် အကျိုးအမြတ်များစွာ ဖြစ်ထွန်းနေသူများ က ထိုသတင်းကိုပင် စစ်မှန်သော ပြောင်းလဲမှု ကို ဖေါ်ဆောင်မည့် အပြုသဘော ဆောင်သော တိုးတက်မှု တခု အဖြစ် ကျယ်လောင်စွာ ပြောဆိုလာကြသည်။

 

တကယ်တမ်းတွင်တော့ ထိုသို့ မဟုတ်ပေ။

 

ဒေါ်စု၊ သမ္မတ ဦးဝင်းမြင် နှင့် အခြားသော နိုင်ငံရေး အကျဉ်းသား တဦးတလေမျှပင် မြန်မာရှိ ဆိုးဝါးလှသော အကျဉ်းထောင်များထဲတွင် ရှိနေသင့်ကြသည် မဟုတ်။ ၎င်းတို့ ကျခံနေရသည့် အပြစ်ဒဏ်များ အတွက် စွပ်စွဲထားမှုများဖြင့် မတော်မတရား လီဆယ် ခံထားရသည့် အပြင် စစ်ဆေးခဲ့သည့် တရားစီရင်ရေး စနစ် ဆိုသည်ကလည်း ဟန်ပြ အယောင်ဆောင် မျှသာ ဖြစ်သည်။

 

ထိုလုပ်ရပ်များ အားလုံးသည် ၎င်းတို့၏ လက်စွဲ ကျမ်းစာအုပ် အဟောင်းကြီးထဲမှ ဆွဲထုတ်လာခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် စစ်အုပ်ချုပ်ရေး သမားများသည် ၎င်းတို့ အပေါ် ဆန့်ကျင် တွန်းလှန်နေမှု များ အား ကျော်လွှား နိုင်စွမ်း မရှိ ဖြစ်နေသည်။ ကမ်းကုန်အောင် ရက်စက် ကြမ်းကြုပ်စွာ လုပ်လာခဲ့ကြသည့်တိုင် နိုင်ငံကို အခိုင်အမာ ထိန်းချုပ် နိုင်စွမ်း မရှိ ပြန်ပေ။

 

ရုရှား နှင့် (တခါတရံ) တရုတ် တို့မှ လွဲ၍ ၎င်းတို့တွင် မိတ်ဆွေများ မရှိ ဖြစ်နေပြန်သည်။ နိုင်ငံခြား အရံငွေများလည်း ကုန်ခမ်းလာနေသည်၊ ထိုးကျွေးရမည့် တပ်အင်အားလည်း ပြုန်းလာနေသည်။ အတွေးအခေါ် ပိုင်းတွင်လည်း အတွင်းဓါတ်ခံ ကိုယ်နှိုက်က ယုတ်ညံ့စိတ် နှင့် ကိုယ်ကျိုးကြည့် တတ်သူများ ဖြစ်နေ၍ ယခု ထက် ကျော်လွန်ပြီး ထွက်ပေါ်လာနိုင်စွမ်း မရှိ ဖြစ်နေပြန်သည်။

 

ထို့အတွက် ၎င်းတို့ အဖို့ လုပ်နေကျ လူထု ဆက်ဆံရေး နည်းဟောင်းများဖြင့်သာ ကမ္ဘာကြီးသည် စိတ်ပျက်လက်ပျက် နှင့် ၎င်းတို့ အပေါ် စိတ်လျော့ကောင်း စိတ်လျော့သွားကြမည်ဟု မျှော်လင့်နေကြသူများ ဖြစ်သည်။

 

နှစ်နှစ်ခွဲကြာလာပြီ ဖြစ်သည့် ၎င်းတို့ အုပ်ချုပ်ရေး ကာလ အတွင်း တိုင်းပြည်သည် မကြုံခဲ့ဖူးသည့် အတိုင်းအတာ ဖြင့် ဖျက်ဆီးခြင်း ခံခဲ့ရပြီး ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရသည့် အပြင် လူ သုံးသန်းခန့် အိုးမဲ့အိမ်မဲ့ ဘဝ ရောက်ခဲ့ကြရသည်။ ယင်းနှင့် အတူ အိမ်နီးချင်း နိုင်ငံများသည်လည်း မြန်မာ ဒုက္ခသည်များ ကို လက်ခံ ခဲ့ကြရသည်။ ၎င်းတို့ အုပ်ချုပ်ရေးသည် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်သည့် နိုင်ငံ အဖြစ် ပြန်လည် အားကောင်းလာမှု နှင့် အတူ ရာဇဝတ်ဂိုဏ်းများ အတွက် စခန်းချရာ၊ ဆိုက်ဘာ လိမ်လည်မှု များ ကျူးလွန်သူများ အတွက် အချက်အခြာ နေရာ ဖြစ်လာခဲ့မှု သည်သာ တိုးတက်ရာ တိုးတက်ကြောင်း တီထွင် ဖန်တီးနိုင်ခဲ့သည့် နယ်ပယ် ဖြစ်သည် ဟု ဆိုရမည် ဖြစ်သည်။

 

မြန်မာ၏ ပြဿနာသည် နကိုယ်ကတည်းက အပြစ်ဒဏ် မပေးသင့်သူများ၏ ထောင်ဒဏ်များ ကို လျော့ပေါ့ပေးယုံဖြင့် ပြေလည် သွားနိုင်စရာ မရှိပေ။ အစစ်အမှန် ပြောင်းလဲ မှု သည် မြန်မာ တွင် ဖြစ်လာနိုင်စရာ အလားအလာများ ရှိနေသည်။ သို့သော် ယခုလို အဓိပ္ပါယ်မဲ့ အပြုအမူများကို ချီးမွမ်းခန်း ဖွင့်နေခြင်းဖြင့် တော့ ထွက်ပေါ်မလာနိုင်ပေ။ 

 

၎င်းတို့ လုပ်ရပ်သည် အနည်းဆုံး ပြော၍ ရသည်က အင်တာနက် တွင် click-bait ဟု ခေါ်သော ဖွင့်ကြည့်စရာ ကောင်းအောင် ဆွဲဆောင်ထားမှုမျိုး ထက် မပိုဟု ဆိုရမည် ဖြစ်သည်။ အကောင်းဆုံးကတော့ အစစ်အမှန် နှစ်ချိုက်စရာ ဟု မယုံကြည် ရ မချင်း “like” ခလုတ်ကို မနှိပ်မိဖို့ အရေးကြီးပေသည် ဟု ရေးသားထားသည်ကို ပြန်လည် တင်ပြလိုက်ရပါသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

(ကနေဒါ ပါလီမန်မှ အတည်ပြုထားသော အွန်လိုင်း သတင်း အက်ဥပဒေအရ ဖေ့စ်ဘုတ် နှင့် ဂူဂဲလ် တို့ တွင် ပါရှိလာသော သတင်းများ အတွက် သတင်းထုတ်ပြန်ရာ ဌာနများကို အခကြေးငွေ ပေးရမည် ဆို၍ အဆိုပါ ကုမ္ပဏီကြီးများ မှ သတင်းများကို မနေ့က စ၍ ဖယ်ရှားလာနေပြီ ဖြစ်ရာ ကျွန်တော် အကောင့် လည်း ထိခိုက်လာခဲ့ရသည်၊ သို့သော် ကျွန်တော် အဖို့က (အကြောင်းကြားထားခြင်း မရှိက) နေ့စဉ်လို ရေးသားသွားမည် ဖြစ်၍ မမြင်ပါက အကောင့်ထဲသို့ ဝင်ရောက်ကြည့်ရှု့နိုင်ကြောင်း အသိပေးအပ်ပါသည်။)