နိုင်ငံတော် အတိုင်ပင်ခံ အပေါ် ပြစ်ဒဏ် လျော့ပေါ့ပေးမှု ကျေနပ်စရာ မရှိဟု သားဖြစ်သူ ပြော

by Hla Soewai - Aug 07 2023

နိုင်ငံတော် အတိုင်ပင် ခံ ဒေါ်အောင်ဆန်းစုကြည်အား စစ်အာဏာသိမ်း အဖွဲ့ မှ သဘောထား ကြီး ကြောင်း ပြသလိုဟန် ဖြင့် စွပ်စွဲထားသော အမှု ၁၉ မှုထဲမှ ငါးမှု အား ရုပ်သိမ်းပြီး ပြစ်ဒဏ် လျော့ပေါ့ပေးလိုက် ပြန်ကြောင်း ဗြောင်လိမ်ဗြောင်စား လုပ်လာပြန်သည်။

 

ထိုသို့ လျော့ပေါ့ပေးမှုကြောင့် စုစုပေါင်း ကျခံရမည့် ပြစ်ဒဏ် ၃၃ နှစ်မှ ၆ နှစ် လျော့ပေါ့သွားခဲ့သည်။

 

အလားတူ လုပ်ကြံ စွပ်စွဲထားသော အမှု ရှစ်မှု ဖြင့် ထောင်ဒဏ် ဆယ်နှစ် နှစ် ကျခံနေရသော နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်အားလည်း နှစ်မှု ရုပ်သိမ်းပြီး လေးနှစ် လျော့ပေါ့ပေးလာသည်။

 

တကယ်တမ်းတွင် ထိုအမှုများသည် နကိုယ်ကတည်းက မည်သို့မျှ စွဲချက် တင်ထိုက်သည့် အမှုများ မဟုတ်ပဲ လူကြား၍ မကောင်း စွပ်စွဲထားသည့် ဝေါ်ကီတော်ကီ အမှု၊ လမ်းပေါ်ထွက် လက်ပြ၍ ကိုဗစ် စည်းကမ်း ဖေါက်ဖျက်မှု မျိုးသာ ဖြစ်နေပေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ ရည်ရွယ်ချက်သည် ကလေးသာသာ အတွေးမျိုး ဖြင့် လူထု နှင့် နိုင်ငံတကာ ကို လှည့်စားရန် သက်သက် ဖြစ်သည်ကို အထင်အရှား တွေ့နေရသည်။

 

ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ဒဏ်မှ သက်ညှာပေးခြင်း မျိုး မဟုတ်ပဲ ၎င်းတို့ အရူးထမှု များ ကို ပြန် ရုပ်သွားချင်းမျိုး သာ ဖြစ်ပေသည်။

 

သို့သော် နိုင်ငံတကာ နှင့် လူထု တရပ်လုံးက သူမအပေါ် စွဲဆိုထားမှု အားလုံးသည် သူမအား သိက္ခာချရန်၊ နိုင်ငံရေး နယ်ပယ်သို့ ပြန်၍ ခြေချခွင့် မရှိစေရန် နှင့် ၎င်းတို့၏ အာဏာသိမ်းမှု တရားဝင်ကြောင်း ပြသနိုင်ရန် ရည်ရွယ်လုပ်ဆောင်မှု အဖြစ် လက်မခံပဲ ဝိုင်းဝန်း ရှုတ်ချထားခဲ့ပြီး ဖြစ်သည်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံပေါင်းများစွာ ရှိ အစိုးရများကလည်း သူမနှင့် အတူ မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုထားခဲ့ပြီး ဖြစ်သည်။

 

ထိုကိစ္စ အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ဖြစ်သူ ကိုထိန်လင်း မှ မိခင်ကြီးအား လုပ်ကြံစွပ်စွဲထားသော အမှုများ ရုတ်သိမ်းပြီး လုံးဝ လွှတ်ပေးမှ ဖြစ်မည်ဟု တောင်းဆိုလိုက်သည်။

 

စစ်တပ်သည် မိခင် ဖြစ်သူအား ခုတုံးလုပ်၍ နိုင်ငံရေးအရ လုပ်စားနေခြင်း သက်သက်သာ ဖြစ်သည်ဟုလည်း လန်ဒန်ထုတ် The Independent သတင်းစာကြီးနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။

 

သူ၏ အပြောကို လတ်တလော သက်သေပြလိုက်သည်က နှစ်သောင်းတန် ပိုက်ဆံများ ထုတ်ဝေမည် ဆိုသော ကျေညာချက်ကြောင့် ကုန်ဈေးနှုန်းများ တက်ကာ လှုပ်လှုပ်ရွရွ ဖြစ်လာနေသည်ကို အာရုံလွှဲနိုင်ရန် နှင့် သူမအား အကျယ်ချုပ် ဖြင့် နေပြည်တော်ရှိ အစိုးရ အိမ်သို့ ရွှေ့ပြောင်း ပေးမည် ဆိုသည် အပေါ် နိုင်ငံတကာ နှင့် တော်လှန်ရေး အင်အားစုများ အကြား မည်သို့ တုန့်ပြန်လာမည်ကို သိနိုင်ရန် တဖက်လှည့် နှင့် သတင်းပေါက်ကြား သယောင် ထုတ်လွှင့်လာခဲ့ခြင်းပင် ဖြစ်သည်။ အင်္ဂလိပ်စကား ဖြင့် ဆိုလျှင် straw လုပ်သည်ဟု ဆို၍ ရသည်။ လေ မည်သည့် ဖက်သို့ တိုက်နေသည်ကို သိရန် ကောက်ရိုးမျှင်ကလေး ထောင် စမ်းသပ်ခြင်းမျိုးကို ရည်ရွယ်ခေါ်ဆိုခြင်းပင် ဖြစ်သည်။

 

တဖက်တွင်လည်း မင်းအောင်လှိုင်သည် သန်းရွှေ ၏ ထောက်ခံမှု ရရန် ၂၀၀၈ ဖွဲ့စည်းပုံအား ပယ်ဖျက်ရဲခြင်း မရှိရှာသဖြင့် ခြောက်လတကြိမ် သက်တမ်း တိုးကာ အသက်ဆက်နေရပြန်သည်။ တကယ်တမ်းတွင် ဘာမဆို လုပ်ရဲသူသည် ဖွဲ့စည်းပုံ ကို ပယ်ဖျက်သည်ဟု ကျေညာရဲပါက ထိုသို့ ခြောက်လတကြိမ် အရှက်ကွဲ ခံနေစရာပင် မလိုပေ။

 

ဘင်နဒစ် ရောဂျား မှ The Spectator မဂ္ဂဇင်း တွင် အာဏာသိမ်း အဖွဲ့သည် လူထု မှ တရားဝင် ရွေးကောက်တင်မြှောက်ထားသော နိုင်ငံ၏ အစစ်အမှန် ခေါင်းဆောင်များကို ဖမ်းဆီးထားနိုင်မှသာ အုပ်ချုပ်နိုင်သည့် အဆင့်သာ ရှိ၍ မည်သို့မျှ တရားမဝင်ဟု ရေးသားလာခဲ့သည်။ 

 

ပြည်သူများ ရွေးကောက်တင်မြှောက်ထား သော ခေါင်းဆောင်များ ပါဝင်နိုင်ခြင်း မရှိပဲ ၎င်းလုပ်မည့် ရွေးကောက်ပွဲ မျိုး သည်လည်း မျှတမှု ရှိပြီး တရားဝင် လာမည်ဟုလည်း မည်သူမျှ အယုံအကြည် မရှိ ဖြစ်နေသည်၊ မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ ရလဒ်ကို ၎င်း အလိုကျ ကလိန်ကကျစ် လုပ်၍ ရနေသည့် တိုင်အောင် စိတ်ချယုံကြည်နိုင်ခြင်း မရှိ၊ မစွန့်စားရဲ ဖြစ်နေပြီး ယခုပုံစံအတိုင်း သေနတ်ပြ၍ အုပ်ချုပ်သွားရန်သာ လိုလားနေသူ ဖြစ်သည်ဟု ရေးသားထားခဲ့သည်။

 

နိုင်ငံသားတို့၏ အခြေခံ လူ့အခွင့်အရေးများကိုပင် ဗြောင်ကျကျ ဖေါက်ဖျက် ကျုးလွန်နေသော စစ်ဗိုလ်ချုပ်များ ပါးစပ်က ထွက်လာသည့် “ဒီမိုကရေစီ” ဆိုသည့် စကားထက် ပို၍ ရယ်စရာ ကောင်းသော ပျက်လုံး မျိုး ရှိနိုင်ဦးပေမည်နည်း။

 

လူထု၏ ပူးပေါင်း ပါဝင်မှု မရှိပဲ ဘုရားပွဲလာ ပရိသတ် အားကိုးဖြင့်သာ နိုင်ငံကို ဆက်၍ အုပ်ချုပ်သွားနိုင်ရန် အဆင်ခြင်မဲ့စွာ စိတ်ကူး ဖဲရိုက်နေကြခြင်း မျိုး ထက် မပိုပေ။

 

ယခုလည်း ထိုသို့ လူတဦး တယောက်၏ မိုက်မဲမှု ဒဏ်ကို ပြည်သူများ ကျောကော့အောင် ခံနေကြရသည် ဆိုသည်ကို “လူထုနွေဦး” ‌စာမျက်နှာတွင် နှိုင်းယှဉ်ဖေါ်ပြထားသည်ကို ပုံတွင် တွေ့နိုင်ပေသည်။

 

စစ်ရေးဖက်တွင်လည်း တော်လှန်‌ရေး အင်အားစုများက နေရာတကာ တွင် အသာစီး ရလာနေမှု ကြောင့် အာဏာသိမ်း အဖွဲ့သည် စစ်ရာဇဝတ်မှုများကို တိုး၍ ကျုးလွန်လာနေပြီ ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များဖြစ်သော ကချင်၊ ကရင်၊ ကရင်နီ နှင့် ချင်း အဖွဲ့အစည်းများ၏ ထိန်းချုပ် နယ်မြေများသို့ မည်သို့မျှ ထိုးဖောက်၍ မရအောင် အရေးနိမ့်ပြီးရင်း နိမ့်လာနေသည်ဟု ဆိုသည်။ မကွေး၊ စစ်ကိုင်း၊ မန္တလေး ဒေသကြီးများ တွင်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းများ တီထွင် ဖန်တီးကာ အရှိန်မြှင့် တိုက်ခိုက်လာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချအောင်ရမည်!!!