ထိုင်း ရေတပ်မှ စိုးရိမ်လာနေသော မြန်မာ ရေငုပ်သင်္ဘော

by Hla Soewai - Jan 14 2020

၂၀၁၉ ခုနှစ် မြန်မာ ရေတပ်မှ ရေငုပ်သင်္ဘော ရေချလာနိုင်တယ် ဆိုပြီး ထိုင်း ရေတပ် ဗိုလ်ချုပ်ကြီး တွေ ပျာယာ ခတ် လာပြီး သူတို့  အစိုးရကို ရေငုပ်သင်္ဘော ဝယ်ယူရန် နားပူနားဆာ လုပ်လာကြတဲ့ အကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားလာတာကို ဖတ်လိုက်ရပါတယ်။

 

မြန်မာ ဟာ ၂၀၁၉ နှစ်ကုန်ပိုင်း လောက်မှာ အိန္ဒိယ ထံမှ ရုရှား လုပ် ကီလို အတန်းအစား ဒီဇယ်သုံး ရေငုပ်သင်္ဘော တစင်း ရရှိလာပါတယ်၊ မြန်မာ ရေပိုင်နက်အတွင်း ပထမဆုံး သွားလာ လှုပ်ရှားလာတော့မယ့် ရေငုပ်သင်္ဘော လည်း ဖြစ်ပါတယ်၊ ထိုင်း ရေတပ် စစ်ဦးစီးချုပ် နှင့် ပြောခွင့်ရ ပုဂ္ဂိုလ် ရေတပ် ဒုဗိုလ်ချုပ်ကြီး ပရာချာချတ် ဆီရီဆာဝတ်ကတော့ နည်းပညာပိုင်းမှာ အခက်အခဲ မရှိဖူးဆိုရင် ဒီဇင်ဘာ ၂၄ ရက် မတိုင်မီလောက် ရေချ လှုပ်ရှားလာနိုင်တယ်လို့ ခန့်မှန်း ပြောဆိုခဲ့ပါတယ်။

 

မြန်မာ က အခုလို ရေငုပ်သင်္ဘော ရယူနိုင်လိုက်ခြင်းကြောင့် ထိုင်းနိုင်ငံ အဖို့ ၎င်း၏ ရေပိုင်နက် လုံခြုံရေး အတွက် မကြုံစဖူးအောင် စိမ်ခေါ်မှုတွေ ပြည့်နှက်လာနေပြီ ဖြစ်တယ်လို့ ဆောင်းပါးရှင်က ရေးသားထားပါတယ်၊

 

ထိုင်း ရေတပ်ကို ပြီးခဲ့တဲ့ လ ထဲက တပ်လှန့်ထားပြီး အာဒမန် ပင်လယ်ထဲ ဖြစ်ပေါ်လာမယ့် ‘အခြေအနေသစ်’ ကို စောင့်ကြည့်နေဖို့ ညွှန်ကြားထားပါတယ်၊

 

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်ခြား အငြင်းပွားမှု က အတော်လေး ပြဿနာ ဖြစ်လာနိုင်တဲ့ အနေအထားမှာ အမြဲလို ရှိနေပါတယ်၊  နှစ်နိုင်ငံစလုံးကတော့ နယ်ခြားမျဉ်း ရေးဆွဲနိုင်ရေး အားကြိုးမာန်တက် လုပ်နေကြပေမယ့် အာဒမန် ပင်လယ်ရှိ နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုကို ခုထိ ဖြေရှင်းနိုင်ခြင်း မရှိ သေးတာတွေ့ရပါတယ်။

 

၁၉၈၂ မှာ နှစ်နိုင်ငံ သဘောတူညီချက်ကို အတည်ပြုနိုင်ခဲ့ပေမယ့် ပတ်ချန် မြစ်ထိပ်ရှိ Kho Lam, Kho Khan, ကျွန်း နဲ့ လူမနေတဲ့ ကျောက်ထရံကြီးသာ ရှိသော Koh Ni Kok ကျွန်းများ ပိုင်ဆိုင်မှု အပေါ် ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

 

ဒီကိစ္စ အတွက် နှစ်နိုင်ငံ အကြား ဆွေးနွေးမှုတွေကို ၁၉၈၅, ၁၉၈၉ နဲ့ ၁၉၉၀ တွေမှာ ပြုလုပ်ခဲ့ကြပေမယ့် တိုးတက်မှု တွေ မရှိခဲ့တဲ့ အတွက် အဆိုပါ ကျွန်းများ ကို လူမနေရ ကျွန်းများ အဖြစ် ကြေငြာခဲ့ကြရပါတယ်၊ ဒါပေမယ့် ၁၉၉၈ နဲ့ ၂၀၀၃ ခုနှစ်တွေမှာ နှစ်နိုင်ငံ ရေတပ်တွေ အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာကြပါတယ်။ ၂၀၁၃ စက်တင်ဘာလထဲမှာ မြန်မာရေတပ်သင်္ဘော PGM 426 သည် ထိုင်းငါးဖမ်းသင်္ဘောကို မြန်မာ ရေပိုင်နက်ထဲ တရားမဝင် ငါးခိုးဖမ်းတယ်ဆိုပြီး  ပစ်ခတ်ခဲ့တာကြောင့် တင်းမာမှုတွေ တဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။

 

ဒီလို နောက်ခံ အကြောင်းများကြောင့် မြန်မာ ဖက်က ရေငုပ်သင်္ဘော ပိုင်ဆိုင်လာနေပြီ ဖြစ်တဲ့ အတွက် ထိုင်းရေတပ်ကို အကြီးအကျယ် ခြိမ်းခြောက်လာနေပြီ ဖြစ်ပါတယ်၊

 

လက်ရှိမှာ မြန်မာ ရေတပ် က ရေငုပ်သင်္ဘော တစီးသာ ပိုင်ဆိုင်သေးတယ် ဆိုပေမယ့် နောက်ထပ်ရေငုပ်သင်္ဘောတွေ ဝယ်ယူဖို့ ရုရှား၊ အိန္ဒိယ ၊တရုတ် တို့နဲ့ စေ့စပ်ဆွေးနွေးနေတယ်လို့ ယုံကြည်နေကြပါတယ်။

 

အထူးသဖြင့် တရုတ် သည် ဒေသအတွင်း ရေငုပ်သင်္ဘောများ ရောင်းချနေတဲ့ နိုင်ငံ ဖြစ်လာပါတယ်၊ ၂၀၁၇ မှာ တရုတ်တို့ ပြန်လည် မွမ်းမံထားတဲ့ Ming အမျိုးအစား ရေငုပ်သင်္ဘော နှစ်စီး အား ဘင်္ဂလားဒေ့ရှ်ကို ရောင်းချပေးခဲ့ပါတယ်၊ ဗိုလ်ချူပ်မှုးကြီး မင်းအောင်လှိုင်ကလည်း ၂၀၁၃ ခုနှစ် ရုရှား ခရီးစဉ်အတွင်း Kilo အတန်းအစား ရေငုပ်သင်္ဘော နှစ်စီး ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဧရာဝတီ သတင်းက ၂၀၁၇ မှာ ရေးသားထားခဲ့ပါတယ်။

 

ရေငုပ်သင်္ဘောများက မဟာဗျုဟာအရ စစ်ပွဲတွေ မှာ လွန်စွာ အသုံးတည့်ပါတယ်။ ရန်သူ သင်္ဘောကို တော်ပီဒိုများ၊ ဒုံးကျည်များ နဲ့ ပစ်ခတ်နိုင်ခြင်း၊ သင်္ဘောဖျက် မိုင်းများ ချထားခြင်း တွေအပြင် ရေအောက်မှ တဆင့် ရန်သူ သင်္ဘော တွေရဲ့ လှုပ်ရှားမှုကို ကင်းလှည့် စောင့်ကြည်နိုင်တာတွေ လုပ်နိုင်ပါတယ်။

 

၁၉၈၂ ဖေါက်ကလန် စစ်ပွဲအတွင်း အာဂျင်တီနားရဲ့ ရေငုပ်သင်္ဘောတွေ ဗြိတိသျှ ရေတပ်ကို ကောင်းစွာ ဒုက္ခပေးနိုင်ခဲ့တယ်လို့ လည်း ဆိုပါတယ်။

 

ထိုင်းက ‘အခြေအနေသစ်’ အပေါ် တပ်လှန့်ထားသော်လည်း မကြာမီ နှစ်များ အတွင်း ထိုင်းရေတပ်အင်အား ကို ခေတ်မှီအောင် လုပ်လာနေတဲ့ အရေး အပေါ် မြန်မာဖက်ကလည်း စိုးရိမ်မကင်း ဖြစ်လာနေပါတယ်။ ၂၀၂၃ ခုနှစ်တွင် ထိုင်း ရေတပ်သည် တရုတ်ထံမှ Yuan အတန်းအစား ဒီဇယ်-လျပ်စစ် ရေငုပ်သင်္ဘော တစီး ပိုင်ဆိုင်လာဖို့ ရှိနေပါတယ်။

 

ထိုင်း ရေတပ်က ရေငုပ်သင်္ဘော ပိုင်ဆိုင်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ပါဖူး၊ ၂၀၁၁ အတွင်း ဂျာမန် ထံမှ သုံးပြီးသား ရေငုပ်သင်္ဘော ၆ စီး ဝယ်ယူဖို့ လုပ်ခဲ့ပေမယ့် အဲ့ဒီတုန်းက ထိုင်းဝန်ကြီးချုပ် ဖြစ်တဲ့ ယင်လတ် ရှင်နာဝါထွာ က အကုန်အကျ များပြီး ပွင့်လင်းမြင်သာမှု မရှိဆိုပြီး ပယ်ချခဲ့ပါတယ်။

 

၂၀၁၄ မေလ မှာ စစ်အာဏာသိမ်းပြီး ခေါင်းဆောင် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ပရာရွတ် ချန် အို ချာ က ထိုင်း ဘတ်ငွေ ၃၆ ဘီလီယံ တန်ဖိုးရှိ Yuan အတန်းအစား ရေငုပ်သင်္ဘော သုံးစီး ဝယ်ယူဖို့ ထိုင်းစစ်အစိုးရက မူအားဖြင့် အတည်ပြုပေးထားပြီး ဖြစ်ပါတယ်၊ ဝယ်ယူပြီးရင် အာဒမန် ပင်လယ် နဲ့ ထိုင်း ပင်လယ်ကွေ့တွေ မှာ ဖြန့်ကျက်ချသွားမယ်လို့ ဆိုပါတယ်။

 

နိုင်ငံတခုကနေ မိမိတို့ရဲ့ စစ်အင်အားကို ခေတ်မှီအောင် လုပ်လာခြင်းသည် ပတ်ဝန်းကျင်နိုင်ငံများအတွက် လုံခြုံရေး အရ အကျပ်ရိုက်လာစေတတ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၇ ဇန်နဝါရီလ အတွင်း ထိုစဉ် ကာကွယ်ရေး ဝန်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆုဝွမ် က အိမ်နီးချင်း နိုင်ငံတွေမှာ ရေငုပ်သင်္ဘော တွေ ရှိနေပြီ ဖြစ်တဲ့အတွက် ထိုင်းရေတပ်အနေနဲ့လည်း ပိုင်ဆိုင်ထားဖို့ လိုအပ်လာပြီ လို့ ပြောခဲ့ဖူးပါတယ်။ အချုပ်အခြာ အာဏာကို ကာကွယ်နိုင်ယုံမက အာဒမန် ပင်လယ်ထဲက မိမိတို့ရဲ့ ပေါကြွယ်လှတဲ့ ရေ အရင်းအမြစ်တွေကိုပါ စောင့်ရှောက်နိုင်မယ်လို့လည်း ဆိုပါတယ်။

 

ထိုင်း နဲ့ မြန်မာ စစ်တပ် အကြား တဦးအပေါ် တဦး မယုံကြည်စိတ်တွေ အစဉ်အလာ အရ ရှိနေတဲ့ အပြင် ယခု ‘အခြေအနေသစ်’ လို့ ထိုင်းဖက်က ယူဆလာတာကြောင့် ပင်လယ်ပြင်အတွင်း အသေးအမွှား ဖြစ်ရပ်လေးမှတဆင့် စစ်ပွဲ အသွင် ကူးပြောင်းသွားနိုင်မယ့် အလားအလာ တွေ တိုးမြှင့်လာနေပြီလို့လည်း ဆောင်းပါးမှာ ရေးသားထားပါတယ်။

(ပုံတွင် တရုတ်ထံမှ ဝယ်ယူရန် သဘောတူထားပြီး ဖြစ်သော Yuan အတန်းအစား ရေငုပ်သင်္ဘော ကို တွေ့ရစဉ်)

 

ရည်ညွှန်း။   ။ New Sub signs of trouble to come? (Bangkok Post)