တနှစ် ပြည့်ခဲ့ပြီ

by Hla Soewai - Aug 02 2023

အကြမ်းဖက် စစ်ခေါင်းဆောင်၏ လက်ချက်ဖြင့် ကွပ်မျက်ခံခဲ့ရသော ဒီမိုကရေစီ တိုက်ပွဲဝင် သူရဲကောင်း နှစ်ဦး ဖြစ်သော ကိုဖြိုးဇေယျာသော် နှင့် ကိုဂျင်မီ တို့ ကွယ်လွန်သွားခဲ့သည်မှာ တနှစ် ပြည့် သွားခဲ့ပြီ ဖြစ်ကြောင်း အယ်ဂျာဇီယား သတင်းဌာန မှ အမှတ်တရ ဖေါ်ပြလာခဲ့သည်။

 

အကြမ်းဖက် စစ်တပ်သည် နောက်ပိုင်းတွင်လည်း မြန်မာပြည်သူတို့ ၏ အသက်ကို ဖက်ရွက်လေးမျှ လောက်ပင် တန်ဖိုး မထားသည့် လုပ်ရပ်များ ဆက်တိုက် ကျုးလွန်လာနေပြီ ဖြစ်သည်။

 

၎င်းတို့ လေကြောင်းမှ ကျုးလွန်နေသော အကြမ်းဖက်မှု များ ကြောင့် ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘုန်ကြီးကျောင်းများ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ မြေတွင် ပြားပြား ဝပ်ခဲ့ရပြီ ဖြစ်သည်။ ကိုဂျင်မီ တို့ အား သတ်ဖြတ်ပြီး ကိုးလ နီးပါး တွင် လူ ၁၇၀ အထိ တချိန်တည်း သေဆုံးသွားရသည့် ဗုံးကြဲတိုက်ခိုက်မှု ကြီး ကို ကျုးလွန်လာခဲ့သည်။ ကုလသမဂ္ဂ ဒုက္ခသည်များ ရုံး၏ အစီရင်ခံစာအရ ပြီးခဲ့သည့် ငါးပတ် အတွင်း အိုးအိမ်မဲ့ စွန့်ခွာ ထွက်ပြေးရသူ ငါးသောင်း ခန့် ရှိနေသည် ဟု ဆို၍ ပျမ်းမျှ အားဖြင့် ၎င်းတို့ လက်ချက်ကြောင့် တပတ်လျှင် လူတသောင်းခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ကာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပြီ ဖြစ်သည်။

 

ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ် ကို ကာကွယ်ပေးပါမည် ဆိုကာ သစ္စာဆို ဖွဲ့စည်း ထားသည့် မြန်မာ့ တပ်မတော်ဟု တချိန်က ဂုဏ်ယူဝင့်ကြွားခဲ့ရသည့် စစ်တပ် လက်ချက်ဖြင့် လူပေါင်း ၃,၈၀၀ ခန့် အသက်သေဆုံးသွားခဲ့ရပြီး အိုးအိမ်စုစုပေါင်း ခုနှစ်သောင်း ကျော်ခန့် မီးလောင်တိုက်သွင်းခံခဲ့ရသည်၊ ယင်းနှင့်အတူ လူပေါင်း ၁.၆ သန်း ခန့်သည်လည်း တောတောင်များ၊ ဒုက္ခသည် စခန်းများ တွင် ထွက်ပြေး ခိုလှုံနေကြရသည်။

 

၎င်းတို့လက်ချက်အား ကိုယ်ထိလက်ရောက် မခံစားခဲ့သော်လည်း ဆင်းရဲမွဲတေ နေကြရသည့် တိုင်းပြည် လူဦးရေ၏ သုံးပုံတပုံသည်လည်း ပြီးခဲ့သည့် တနှစ် အတွင်း မှာပင် ၁၇၇ ရာနှုန်းအထိ မြင့်တက်လာနေသော ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်ကို အလူးအလဲ ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ ငွေကြေး ဖောင်းပွမှုနှုန်းသည် ၁၄ ရာနှုန်း ရှိနေပြီး ဘဏ္ဍာရေး လိုငွေပြမှုသည် တနိုင်ငံလုံး စုစုပေါင်း ကုန်ထုတ်လှုပ်မှု ပမာဏ ၏ ၅.၄ ရာနှုန်း ရှိနေချိန်လည်း ဖြစ်သည်။

 

သို့သော် တိုင်းပြည်ကို ထိုမျှ နှင့် ဖျက်ဆီးယုံဖြင့် အားမရသေးပဲ ငွေစက္ကူ ၂၀,၀၀၀ တန်ကို ဆင်ဖြူတော် ဆိုသည့် သတ္တဝါ တဦး၏ တနှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ဆိုကာ ထုတ်ဝေလိုက်ခြင်းဖြင့် လက်ရှိ အခြေအနေများ ဆိုးသည်ထက် ဆိုးအောင် ဖန်တီးလိုက်ပြီ ဖြစ်၍ ထိုဒဏ်များကို ပြည်သူများ ရှေ့လျောက် အလူးအလဲ ခံစားကြရဖို့ ရှိလာနေပြီ ဖြစ်သည်။ ထိုသို့ ပြည်သူများ အထိတ်တလန့် ဖြစ်လာနေချိန်တွင် တိုင်းပြည် ၏ အခွန်အကောက်များ၊ အတင်းအကျပ် ကောက်ခံထားသော အလှုငွေများ သုံးကာ သွေးစွန်းသော လက်ဖြင့် မတည် တည်ဆောက်လာသည့် သူ၏ ကမ္ဘာအမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီး ကို ချိန်ကိုက် ဖွင့်လှစ်လာခဲ့၍ မည်သူမျှ သာဓု အနုမောဒနာ ခေါ်နိုင်ကြမည် မဟုတ်တော့ပေ။

 

တနင်္လာနေ့တွင်ပင် အမေရိကန် တဒေါ်လာ၏ ပေါက်ဈေးသည် ကျပ် ၃,၅၀၀ နှင့် စတင် ဖွင့်လှစ်လာခဲ့ပြီ ဖြစ်သည်။ ထို့အတွက် ကျပ် နှစ်သောင်း တန် ငွေစက္ကူသည် အမေရိကန် ဒေါ်လာ ငါး ဒေါ်လာ သာသာ နှင့် ညီမျှသွားပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ထိုသို့ တိုင်းပြည် အခြေအနေသည် စိုးရိမ် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ဂျွမ်းထိုး မှောက်ခုံ ဖြစ်လာနေသော်လည်း အစဉ်အလာ ဗုဒ္ဓဘာသာ နိုင်ငံတွင် သာသနာပြု မင်းကြီး ယောင်ယောင် လူထုအား မှိုင်းတိုက်လှည့်ဖျားကာ သူသာ အမျိုးဘာသာ သာသနာ စောင့်ရှောက်သူ အဖြစ် အထင်ရောက်လာမည် ဆိုက ဝိုင်းဝန်း ထောက်ခံလာကြလိမ့်မည်ဟု ယုံကြည်နေသည်၊ သူ့ကို ဆန့်ကျင်သူသည် သာသနာ ကို ဆန့်ကျင်သူပင် ဖြစ်ရမည်ဟု ပုံဖေါ်လာခဲ့သည်။

 

နိုင်ငံသည် အေးချမ်းသာယာ စွာဖြင့် ဖွံ့ဖြိုးတိုးတက်လာနေချိန်တွင် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် အားလုံး အိပ်မော ကျနေချိန်တွင် လူတဦး တယောက်၊ မိသားစု တစု၏ အာဏာရူး လုပ်ရပ်ကြောင့် ယခုလို အမှောင်တိုက်ကြီးထဲ ထိုးဆင်းသွားခဲ့ရလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။

 

တိုင်းပြည်အား ၎င်းတို့ မိသားစု လက်အောက်မှ ကယ်တင်ရန် လူငယ်များသည် အသက်သွေးချွေးပေါင်း များစွာ ရင်း၍ တိုက်ပွဲဝင်နေကြပြီ ဖြစ်သည်။ 

 

ဧရာဝတီ သတင်း အဆိုအရ စစ်ကောင်စီ ၏ ခြေမြန်တပ်မ ဌာနချုပ် ၄၄ လက်အောက်ခံ ခလရ (၂) မှ တပ်ရင်းမှုး ဒုတိယ ဗိုလ်မှုးကြီး အာကာအောင် နှင့် ဒုတပ်ရင်းမှုး ဗိုလ်မှုး ကျော်သူမောင် တို့ နှစ်ဦးအား မြဝတီ အနီးရှိ တော်လှန်ရေး အဖွဲ့များအား တိုက်ခိုက်ရန် ငြင်းဆန်ပြီး စစ်ကြောင်းအား နောက်ပြန်လှည့်ခိုင်းခဲ့မှု ဖြင့် ဌာနချုပ် အရောက်တွင် ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။ စစ်ကောင်စီသည် တော်လှန်ရေး တပ်ဖွဲ့များ နှင့် ထိတွေ့မှု ဖြစ်တိုင်း အကျအဆုံးများစွာ ရှိလာနေသည့် အတွက်လည်း ထိုသို့ ငြင်းဆန်ခဲ့ကြခြင်း ဖြစ်ပုံရသည်။

 

မင်းအောင်လှိုင်သည် သာသနာပြု မင်းကောင်းမင်းမြတ် ကြီး အဖြစ် ကိုယ့်ကိုကိုယ် ဘွဲ့များ ပေးကာ ကြွေးကျော် နေချိန်တွင် အမျိုးသား ညီညွတ်ရေး အစိုးရသည် မှန်ကန်သော လမ်းကြောင်း ဖြင့် ချီတက်လာနေပြီ ဖြစ်သည်၊ ယခုလည်း ယာယီ ဗဟိုဘဏ် ၏ အကြံပေး အဖြစ် ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင်တန်နယ်အား ဇွန်လ ၁၃ ရက်နေ့တွင် တရားဝင် ခန့်အပ်ခဲ့ပြီး ယခုလည်း လွတ်လပ်ဧကန် နွေဦးဘဏ် Spring Development Bank (SDB) အား မတည်ငွေ ဒေါ်လာ ငါးသိန်း ဖြင့် စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်ဟု မြန်မာနောင်း သတင်းတွင် ပါရှိလာခဲ့သည်။

 

NUG မှ ရှယ်ယာ ၅၁ ရာနှုန်း နှင့် အများပြည်သူမှ ရှယ်ယာ ၄၉ ရာနှုန်း ပိုင်ဆိုင်မှု ဖြင့် ဖွဲ့စည်းထားသည့် SDB ဘဏ်အား ပြည်ပတွင် အခြေစိုက်ထားပြီး ဌာန ကိုးခု၊ ကျွမ်းကျင် ဝန်ထမ်း ၅၀ ဖြင့် စီမံခန့်ခွဲသွားမည် ဖြစ်သည်၊ ရှယ်ယာ တခုစီအား ဒေါ်လာ ၀.၀၀၀၁ ဖြင့် ရှယ်ယာပေါင်း တစ်ဘီလီယံ အထိ ရောင်းချသွားမည် ဖြစ်သည်။

 

အပ်နှံငွေများ အပေါ်လည်း ထားရှိသည့် အချိန် ပေါ်မူတည်ပြီး အတိုးနှုန်း အား ၁၁ ရာနှုန်းအထိ ပေးသွားမည် ဖြစ်သည်။

 

ထူးခြားမှု အဖြစ် အာဏာသိမ်းပြီးနောက် အမေရိကန် အစိုးရမှ ထိန်းချုပ်လိုက်သည့် ဒေါ်လာ ၁.၃ ဘီလီယံ အား ဘဏ် ၏ အပေါင်ငွေ အဖြစ် အသုံးချသွားမည် ဆိုခြင်းပင် ဖြစ်သည်။ ထိုကိစ္စ အတွက်လည်း အမေရိကန် အစိုးရ နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်ပြီး ကန့်ကွက်ဖွယ် မရှိသည့် အလားအလာ များ တွေ့နေရပြီဟု ဆိုသည်။

 

NUG သည် နည်းမျိုးစုံ ဖြင့် တော်လှန်‌ရေး အတွက် ရံပုံငွေ စုဆောင်းလာခဲ့သည်မှာ ယခုနှစ် နှစ်လယ်အထိ ဒေါ်လာ သန်း ၁၅၀ ရရှိထားပြီး ဖြစ်သည်။ ဘဏ္ဍာရေး ဝန်ကြီး ဦးတင်ထွန်းနိုင်မှ လှုဒန်းသူများ မည်သူမည်ဝါ ဖြစ်သည် ဆိုသည်ကို ယခုအချိန်အထိ တစွန်းတစမျှ ပင် ပေါက်ကြားခြင်း မရှိအောင် ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

 

ဩဂုတ်လ ကုန်ပိုင်းမှစ၍ Apple Store, Google play store တို့မှ App များ ဒေါင်းလုပ်ဆွဲ၍ အသုံးပြုနိုင်ပြီဟုလည်း သိရသည်။

 

ထိုဘဏ်တိုက်သည် တော်လှန်ရေးကြီး အောင်မြင်သွားသည့် တိုင် ဆက်လက်တည်ရှိသွားမည်လည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!