Final Push

by Hla Soewai - Aug 02 2023

မင်းအောင်လှိုင်၏ စိတ်ထဲတွင် ကုသိုလ်ကောင်းမှု များ လုပ်လေ သူသည် အဆုံးတွင် အောင်ပွဲခံရလိမ့်မည်ဟု ယုံကြည်နေသူ ဖြစ်သည်။ သို့သော် တဖက်တွင်လည်း ထိုသို့ အလိုလို ဖြစ်လာမည် မဟုတ်သည့် အပြင် သူ့တွင် အချိန်များများစားစား မကျန်တော့၊ ၎င်း လွန်စွာ အားထားနေသည့် တပ်တွင်း ညီညွတ်ရေး သည်ကလည်း တိုက်ပွဲတိုင်း အရှုံးနှင့် ရင်ဆိုင်နေရပြီ ဖြစ်၍ အက်ကြောင်းထလာနေပြီ ဆိုသည်ကား ဖုံးမရ ဖိမရ ဖြစ်လာနေသည်။

 

ထို့အတွက် သူသည် ရှိသမျှ အင်အားများ စုစည်းကာ နောက်ဆုံး ထိုးစစ် Final Push ကို ပွင့်လင်း ရာသီ အတွင်း ကြိုးပမ်းလာဖွယ် ရှိသည်။ ထို့အတွက် တော်လှန်ရေး အင်အားစုများအား အဓိက ကူညီပံ့ပိုးပေးနေသည်ဟု သံသယ ရှိနေသော ကချင် လွတ်လပ်ရေး တပ်မတော် စစ်စခန်းများကို မလှုပ်နိုင်အောင် စတင် တိုက်ခိုက်လာခြင်းလည်း ဖြစ်သည်။

 

တရုတ်ဖက်ကလည်း မင်းအောင်လှိုင်အား ထွက်ပေါက် ပေးသည့် အနေဖြင့် နယ်စပ်ဒေသတွင် စစ်ရေး အရှိန် မြှင့်တင်လာသည်ကို ယခင်ကလို မဟုတ်တော့ပဲ ရေငုံနှုတ်ပိတ်ပေးနေခြင်း ဖြစ်သည်။

 

သို့သော် ယင်းသည်လည်း ရည်မှန်းချက် ပေါက်ရောက်ခြင်း မရှိပဲ အကျအဆုံး များစွာ နှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။ 

 

၎င်း၏ ထိုးစစ်ကြီးကို တော်လှန်ရေး အင်အားစုများက တောင့်ခံ နိုင်မည် ဆိုလျှင် မင်းအောင်လှိုင်၏ နိဂုံးကား အနှေး နှင့် အမြန် ဆိုသလို ရောက်ရှိလာတော့မည် ဖြစ်သည်။

 

ထိုသို့ လုပ်နိုင်ရန်လည်း ယာယီ သမ္မတ ဟု ဆိုသည့် မြင့်ဆွေအား ခေါ်ထုတ်ကာ အရေးပေါ် အခြေအနေအား နောက်ထပ် သက်တမ်းတိုးမြှင့် တော့မည် လည်း ဖြစ်သည်။

 

မြင့်ဆွေသည် ဒေါ်စိန်အေး၏ အမှတ်စဉ် (၁၅) ကျောင်းဆင်း တဦး ဖြစ်ပြီး လက်ရှိ စစ်ဗိုလ်ချုပ်များ၊ ဗိုလ်ချုပ်ဟောင်းများထက် ဝါစဉ် ကြီးသူ ဖြစ်ပြီး လက်ရှိ ဖွဲ့စည်းပုံအရ ကာကွယ်ရေး ဦးစီးချူပ်၏ အထက်တွင် ရှိနေသော်လည်း မြင့်ဆွေသည် မင်းအောင်လှိုင် ပြောသမျှ ခေါင်းငြိမ့် ခံ ဘဝ ဖြင့် အရှက်တကွဲ ဖြစ်နေရသည့် ဘဝမျိုး နေ့စဉ်နှင့် အမျှ ဖြတ်သန်းနေရပြီ ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

ဤသို့ ဖွဲ့စည်းပုံကို ဗြောင်ကျကျ ဖောက်ဖျက်ကာ ခြောက်လ သက်တမ်းအား လေးကြိမ်အထိ တိုးမြှင့် ပေးနေခြင်းကပင် မင်းအောင်လှိုင်၏ ကျဆုံးနေမှုကို အကောင်းဆုံး သက်သေခံနေခြင်းပင် ဖြစ်ပေတော့သည်။

 

လက်ရှိတွင်လည်း ပြည်တွင်း တွင် စီးပွားရေး အား အလွဲလွဲ အချော်ချော် စီမံ ခန့်ခွဲနေသည်ကြားမှ အဆိုးဆုံး အနေအထား အဖြစ် ရောက်လာအောင် မည်သူမျှ မဖန်တီးရပဲ ကျပ် နှစ်သောင်းတန် ဆင်ဖြူတော် ငွေစက္ကူ ကို ထုတ်လုပ်လာခဲ့သည်၊ ဤသည်ကို ကြည့်ခြင်းအားဖြင့် အနားရှိ စီးပွားရေး အကြံပေး ဆိုသူများသည်လည်း ၎င်း လုပ်ချင်ရာ လုပ်ခွင့် ပေးနေရပြီး အဆင်ပြေအောင် ရေလိုက် ငါးလိုက် နေ နေကြရသည် ဆိုသည်က ထင်ရှားသည်ထက် ထင်ရှားနေပေသည်။ ထိုသူများ အဖို့ က လက်ပြန်ကြိုးတုပ်ပြီး ကခိုင်း ခံနေရသည့် အဖြစ် နှင့် ထူးမခြားနား ဖြစ်လာခဲ့သည်။

 

ယခုအခါ နိုင်ငံခြားငွေလဲ ဆိုင်များ၊ လက်ဝတ်ရတနာ နှင့် ရွှေဆိုင်များ လုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ ကားဈေး နှင့် ကုန်စည် ဈေးနှုန်းများလည်း ဈေးများ တရိပ်ရိပ်တက်စ ပြုနေလာနေပြီ ဖြစ်သည်။ ရွှေဆိုင် အချို့ ပြန် ဖွင့် လာပြီ ဖြစ်သော်လည်း အရောင်းမရှိ ‌သေးသော်လည်း တကျပ်သားလျှင် ၃၅ သိန်း အထိ ရောက်သွားခဲ့ပြီဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။

 

စီးပွားရေးသည် မတည်မငြိမ် ဖြစ်နေသည့် ကြားမှ ထိုသို့ ငွေစက္ကူ အသစ် ထုတ်လိုက်ပါက ထိုသို့ ဖြစ်လာနိုင်သည် ဆိုသည့် အခြေခံ ဗဟုသုတပင် ခေါင်းပါးနေကြသူ များ အဖြစ် နိုင်ငံတကာ က ရှုမြင်ခံခဲ့ရပြီ ဖြစ်သည်။

 

ထို့အတွက် ပြောခွင့်ရ ဇော်မင်းထွန်းမှ တီဗီမှနေ၍ ငွေစက္ကူများသည် ဆင်ပေါက် ကလေး တနှစ် ပြည့် အထိမ်းအမှတ် အဖြစ် အကန့်အသတ် နှင့် ထုတ်ဝေရခြင်း ဟု ဆိုကာ အလျှင်အမြန် damage control လုပ်လာရပြီ ဖြစ်သည်။ သို့သော် ငွေစက္ကူ အသစ် ရိုက်ထုတ်ရဖို့ က ဘလောက်တုံး၊ မှင်သား၊ စက္ကူ မှအစ ရင်းနှီးမြုပ်နှံရသည့် ပမာဏ က ကြီးမြင့်လွန်းသည် မှာ အားလုံး အသိပင် ဖြစ်သည်။ ကျွမ်းကျင်သူ များ ခန့်မှန်းချက်အရ ဆိုလျှင် ဘလောက် တချပ်ကိုပင် ဒေါ်လာ သုံးသန်းခန့်အထိ ရှိနိုင်ပြီး အနည်းဆုံး ဘလောက် ၁၈ ချပ် အထိ သုံးရမည်ဟု ဆိုသည်။

 

လူထုက ဇော်မင်းထွန်း၏ စကား အား အလေးဂရုပြုကြတော့ခြင်း မရှိပဲ ၎င်းတို့ မျက်စိရှေ့မှောက်တွင် တွေ့နေရသော အလွဲလွဲ အချော်ချော် ခုတမျိုး တော်ကြာတမျိုး လုပ်ကိုင်နေကြသည်များကို ကြည့်၍ အယုံအကြည် မရှိကြတော့ပေ။

 

နောက်ထပ် ရရှိသော သတင်းများအရ ၂၀၂၁ ခုနှစ် နှစ်လယ် တွင် ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သူ နှစ်ဦးအား နယူးယောက် တောင်ပိုင်း ခရိုင် တရားရုံး တွင် ရှစ်ရက်ကြာ ကြားနာ စစ်ဆေးခဲ့ပြီးနောက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်၊ အမေရိကန် တရားစီရင်ရေးစနစ် အရ တခါတည်း လုပ်လေ့ မရှိပဲ ပြစ်ဒဏ်ချမှတ်မည့် တရားခွင်ကို ၂၀၂၄ မတ်လ ၁၄ ရက်နေ့ တွင် ပြုလုပ်မည်ဖြစ်ပြီး အမှု ရင်ဆိုင်ခဲ့သည့်အတွက် အမြင့်ဆုံး အပြစ်ဒဏ် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံရဖို့ ရှိနေသည်။

 

နောက်ထပ် အေပီ သတင်းတပုဒ်တွင် နောက်လဆန်းတွင် ပြုလုပ်မည့် ဘုရား ဆင်းတုတော် ဖွင့်ပွဲ အခမ်းအနား အတွက် အကျဉ်းသားများအား သက်ညှာမှု ပေးသည့် အစီအစဉ်အရ ၎င်းတို့ လက်ထဲ အကျဉ်းချ ခံနေရသော နိုင်ငံတော် အတိုင်ပင်ခံအား နေပြည်တော် ရှိ နေအိမ်တအိမ် တွင် ပြောင်းရွှေ့ချုပ်နှောင်ထားရန် စီစဉ်နေသည်ဟု အမည်မဖေါ်လိုသူ အရာရှိတဦး ၏ ပြောကြားခဲ့သည်ကို ကိုးကား၍ AP သတင်းတွင် ဖေါ်ပြထားသည်။

 

သို့သော် အမျိုးသား ညီညွတ်ရေး အစိုးရ ပြောခွင့်ရ ဦးနေဘုန်းလတ်ကမူ ယင်းသည် စစ်ကောင်စီ ၏ ဝါဒဖြန့် ခြင်း သက်သက်သာ ဖြစ်မည်ဟု ဆိုကာ ပယ်ချခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!