တခါခြုံပြီး မှ မထူးတော့

by Hla Soewai - Aug 02 2023

မြန်မာနိုင်ငံ သည် သူရူးများ လက်ဝယ် ရောက်ရှိနေပြီ ဆိုသည့် ထင်ရှားသောလက္ခဏ အဖြစ် ဆင်ဖြူတော် တနှစ်မြောက် မွေးနေ့ဆိုကာ မင်းအောင်လှိုင် နှင့် ဇနီး ဖြစ်သူ ကိုယ်တိုင် တက်ရောက်ကာ နိုင်ငံတော် အခမ်းအနား ကျင်းပခဲ့ခြင်းပင် ဖြစ်သည်။

 

ထိုမျှ မကသေး ဆင်ဖြူ ဆိုသည်ကို အကြောင်းပြုပြီး ငွေစက္ကူ အသစ် ထုတ်လိုက်ခြင်း ကြောင့် တတိုင်းပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် စိုးရိမ်စိတ်များ ကြီးထွားလာနေချိန်လည်း ဖြစ်သည်၊ တပူပေါ် နှစ်ပူဆင့် ဆိုသလို ပိုက်ဆံများ သိမ်းတော့မည် ဆိုသည့် ကောလာဟလများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

 

ပိုက်ဆံသိမ်းခြင်း မခံရသည့် တိုင် နေ့စဉ်နှင့် အမျှ လူထု ၏ ချွေးနဲစာ၊ သမာအာဇီဝ ဖြင့် စုဆောင်းထားငွေများက နေ့စဉ်နှင့် အမျှ ၎င်းတို့ လက်ချက်ဖြင့် တတိတိ လျော့ပါးလာနေပြီ ဖြစ်သည်။ ယခင်က အခြေခံ ဆန်တအိတ်သည် သုံးသောင်းခန့်သာ ရှိခဲ့ရာမှ ယခု ခုနှစ်သောင်း ခန့်အထိ ဖြစ်လာ၍ လက်လုပ်လက်စားများသည် ထမင်းနပ်မှန်ဖို့ အရေး ၎င်းတို့၏ ရှိသမျှ ခွန်အား ဖြင့် နှစ်ဆတိုးကာ ရှာထွက် မတတ် ရုန်းကန်နေကြရချိန်လည်း ဖြစ်သည်။ ထိုသို့ ရုန်းကန်ဖို့ အခွင့်အရေးပင် မရရှာသူများ အဖို့ အငတ်ဘေး နှင့် ရင်ဆိုင်လာကြရသည်။

 

ထိုသို့ လူတဦးတယောက်၊ လူတစုတဝေး တည်း ပင် မဟုတ်တော့ သန်းပေါင်းများစွာသော လူများ၏ စိတ်နှလုံး ကို ညိုးနွမ်းအောင် ဖန်တီးခဲ့သည့် လုပ်ရပ်သည် မည်မျှ အကုသိုလ် ကြီး ပေမည်နည်း ဆိုသည်ကို ပင် ရိပ်စားသိရှိနိုင်စွမ်း မရှိလောက်အောင် မိုက်မဲခြင်း မက မိုက်မဲနေသူ ဖြစ်သည်။

 

နိုင်ငံတကာ အလယ်တွင်လည်း ထိုကဲ့သို့ ဆင်ဖြူတကောင် မွေးနေ့ကို နိုင်ငံတော် အခမ်းအနား နှင့် လုပ်ခဲ့သည်က မည်မျှ အထိ ရှက်ဖို့ ကောင်းပေမည်နည်း၊ ကြားထဲကပင် နိုင်ငံအစား ရှက်နေမိသည်။

 

ယခုလည်း တတိုင်းပြည်လုံး လှုပ်လှုပ်ရွရွ ဖြစ်လာသည့် အရေး နှင့် အမေရိကန်၏ ပို၍ ပြင်းထန်လာမည့် ပိတ်ဆို့ဒဏ်ခတ်မှု များ ကို ဟန့်တားလိုသဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ် သို့ ရွှေ့ပြောင်းပေးရန် စီစဉ် လာပြီ ဖြစ်သည်။

 

ထိုသတင်းကို ဘီဘီစီ နှင့် အေပီ သတင်းဌာန တို့မှ ဖေါ်ပြခဲ့သော်လည်း မည်သူမျှ အတည်ပြုနိုင်ခြင်း မရှိသေး၊ တကယ်တမ်း ဖြစ်လာမည်ဆိုက နောက်ထပ် တကြိမ် ထမိန်ခြုံလိုက်ခြင်း သာ ဖြစ်ပေတော့မည်။

 

ပထမတကြိမ် ကလည်း မထင်မှတ်ထားပဲ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကို ပင့်ဖိတ်ကာ ပေးတွေ့ခဲ့ရသည် အထိ လိုက်လျောခဲ့ကြရသည့် အထိ သူမ၏ အရှိန်အဝါက ၎င်းတို့ အပေါ် ကြီးမားနေဆဲပင် ဖြစ်သည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပါ ဂျကာတာ သို့ ရောက်ရှိလာတော့မည့် အရေးကြောင့် အာဆီယံ မှ အချိန်ဇယား များ ဖြင့် တိတိကျကျ အရေးယူလာမည့် အဖြစ်ကို ကြောက်အားလန့်အား နှင့် ဒေါ်အောင်ဆန်းစုကြည် ၏ နာမည်အား အသုံးချခဲ့ကြခြင်းသာ ဖြစ်သည်။

 

တော်လှန်ရေး အင်အားစု အတွင်း သို့လော သို့လော ဖြစ်လာရန် တဖက်က ဝါဒ ဖြန့်ခဲ့ကြသလို တဖက်ကလည်း ပြဿနာ အဖြေရှာရေး သည် ဒေါ်အောင်ဆန်းစုကြည် အပေါ် မူတည်နေသယောင် အာဆီယံက မက်လုံးပေးလာခြင်းမျိုး ဖြစ်သည်။ ယခုလည်း ဒေါ်အောင်ဆန်းစုကြည် ကို ကြားခံ ၍ အပေးအယူ လုပ်ချင်ပုံရသည်။ ဆွေးနွေးရမည့် အတူတူ NUG နှင့် ဆွေးနွေးလိုဟန် မရှိ၊ သူတို့၏ လုံခြုံရေးကို အပြည့်အဝ အာမခံနိုင်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့်သာ စခန်းသွားလိုပုံရသည်၊ ဤသည်ကလည်း ကျိုးကြောင်း ဆင်ခြင် နိုင်စွမ်း ရှိမှသာ တွေးခေါ်နိုင်မည့် အယူအဆမျိုးသာ ဖြစ်သည်။

 

ယခုပင် အာဆီယံ အဖွဲ့ဝင် မလေးရှား ဝန်ကြီးချုပ် အန်နဝါ နှင့် ဖိလစ်ပိုင် သမ္မတ မာကို့စ် ဂျူနီယာ တို့ မလေးရှားတွင် တွေ့ဆုံခဲ့စဉ် အတွင်း အာဆီယံ တဖွဲ့ လုံး အနေဖြင့် မူငါးချက် ကို ဆက်လက်စွဲကိုင်ထားရမည် ကို ထောက်ခံသော်လည်း အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ စီ အနေဖြင့် အာဏာသိမ်း အဖွဲ့ နှင့် အလွတ်သဘော သီးခြားစီ ဆက်ဆံခြင်းကို ခွင့်ပြုသင့်သည်ဟု စကား ထွက်လာခဲ့ပြီ ဖြစ်သည်။ ဆိုလိုသည်က ထိုင်း ပုံစံမျိုး “မြန်မာ၏ မိတ်ဆွေ နိုင်ငံများမှ” ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းမျိုးကို ထောက်ခံသင့်သည်ဟု ပြောလိုခြင်းပင် ဖြစ်သည်။

 

တဖက်တွင် တရုတ်နှင့်လည်း အာဏာသိမ်း အဖွဲ့ ပြဿနာ စလာနေပြီ ဖြစ်သည်၊ ဥပဒေမဲ့ ဖြစ်လာနေသော တရုတ်-မြန်မာ နယ်စပ်ကို ခြေကုတ်ယူကာ အွန်လိုင်း မှ လိမ်လည်ရန် စခန်းချ လုပ်ဆောင်နေသည်များကို အမြစ်ပြတ် ချေမှုန်းပေးရန် ရန်ကုန်ရှိ တရုတ် သံအမတ်မှ အာဏာသိမ်း အဖွဲ့ ၏ နိုင်ငံခြားရေး ဝန်ကြီး နှင့် တွေ့ဆုံကာ ဖိအားပေးလာနေပြီ ဖြစ်သည်။

 

ရုရှားသည် မြန်မာ မှ ထုတ်လုပ်သော ၁၂၀ မမ အမြှောက်ဆံများကို သုံးနေသည်ဟု ယူကရိန်း စစ်ဖက်မှ အထောက်အထား ဓါတ်ပုံများ ဖြင့် ထုတ်ပြလာခဲ့သည်။

 

တရုတ်နယ်စပ်တွင် စစ်ကောင်စီ လက်အောက်ခံ တပ်များ နှင့် TNLA တို့ အကြား တနင်္ဂနွေ နေ့တွင် တိုက်ပွဲများ ဖြစ်ပွားလာပြီး အင်္ဂါနေ့တွင် လက်နက်ကြီးများနှင့် တိုက်ခိုက်မှု ကြောင့် အရပ်သား နှစ်ဦး သေဆုံးသွားရသည်ဟု သိရသည်။

 

အထက်ဗမာပြည်တွင် စစ်ဒေသ (၁) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် စစ်ကောင်စီ တပ်များ ဇွန်လ အတွင်း တိုက်ပွဲပေါင်း ၃၇၄ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၄၂၅ ဦး သေဆုံးသွားခဲ့သည် ဟု အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်၊ တိုက်ပွဲပေါင်း ၃၇၄ ကြိမ်တွင် ထိတွေ့မှု ၁၀၃ ကြိမ်၊ စခန်းများကို စီးနင်းတိုက်ခိုက်ခဲ့မှု ၁၂၅ ကြိမ် နှင့် ခြုံခို မိုင်းခွဲ တိုက်ခိုက်မှု ၇၄ ကြိမ် ပါဝင်သည်ဟု ဆိုသည်။ ထိုအတော အတွင်း စစ်ကောင်စီ တပ်များ မှ လေကြောင်း မှ ၂၆ ကြိမ် တိုက်ခိုက်ခဲ့သည်ဟုလည်း ပါရှိသည်။ မိမိတို့ဖက်မှ ၄၇ ဦး ကျဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

 

စစ်ကောင်စီ အား စစ်ရေးအရရော၊ ဘဏ္ဍာရေး အရ ပါ ညှပ်ပူးညှပ်ပိတ် အရှိန်မြှင့် တိုက်ခိုက်လာနေပြီ ဖြစ်သည်။

 

၎င်းတို့ အဖို့က လူထု၏ သည် ဘာမျှ သိနားလည်ခြင်း မရှိ နိုင်ငံရေး သမားများ သွေးထိုး လှုံ့ဆော်၍သာ ဖြစ်လာရသည်ဟု အမြဲလို ခံယူထားကြသူ များ သာ ဖြစ်သည်။ ထိုသို့လည်း စစ်အာာဏာရှင် အဆက်ဆက် မပြောင်းမလဲ ခံယူလာခဲ့သည်၊ ပြည်သူများသည် စစ်အာဏာရှင် အဆက်ဆက်၏ ဒဏ်ကို နှစ်ပေါင်း ၆၀ နီးပါး ခံလာခဲ့ကြရာ ဗိုလ်နေဝင်း၊ သူထက် ဆိုးသည် ဗိုလ်သန်းရွှေ၊ ယခု အဆိုးဝါးဆုံး ထင်ရာစိုင်းသည့် သာသနာ ဒါယကာ ဘွဲ့ခံ မင်းအောင်လှိုင် လက်ထက်တွင် ကျောကော့အောင် ခံလာခဲ့ကြရပြီ ဖြစ်သည်။

 

ထို သို့ ဆိုးသည်ထက် ဆိုးလာနေသော အန္တရာယ်ကြီးအား အနေချောင်ယုံ သက်သက်ဖြင့် မိမိတို့ မျိုးဆက်သစ်များ ဆက်ခံကြဟု လက်ဆင့်ကမ်း၍ မည်သို့မျှ တရားမျှတမှု ရှိလိမ့်မည် မဟုတ် ဆိုသည်ကို သိနားလည် လာကြ၍ ကျားကုတ်ကျားခဲ အသက်ပေါင်းများစွာ ရင်း၍ ပြည်သူများ၏ လှိုက်လှိုက်လှဲလှဲ ထောက်ခံမှု နှင့် အတူ တိုက်ပွဲဝင်နေကြခြင်းပင် ဖြစ်သည်။

 

မင်းအောင်လှိုင် ၏ အဆင်ခြင်မဲ့မှုများကလည်း ပေါက်ကွဲအံ့ဆဲဆဲ ယမ်းအိုးကြီးထဲသို့ မီးပွားများ တစပြီး တစ ခြွေချနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!