ကိုယ့်သေတွင်း ကိုယ်တူးခဲ့ကြသော အာဏာရှင်များ

by Hla Soewai - Aug 02 2023

အတော်များများ ဖြစ်စဉ်များတွင် အာဏာရှင်များသည် ကိုယ့်သေတွင်း ကိုယ်တူးခဲ့ကြသည့် အမှားများကို ကျူးလွန်ကြပြီးနောက်တွင်သာ ဒီမိုကရေစီ ဖြစ်ထွန်းလာခဲ့ရသည်ကို တွေ့ရှိခဲ့ရသည်။

 

ကမ္ဘာနေရာ အတော်များများ တွင် အာဏာရှင်များ အလျိုလျို ခေါင်းထောင်လာခဲ့ကြချိန်တွင် ထိုနိုင်ငံများရှိ လူထု အဖို့ ၎င်းတို့ လက်အောက်မှ လွတ်မြောက်အောင် မည်သို့ မည်ပုံ ရုန်းကန်ကြရပေမည်နည်းဟု တွေးဆ လာခဲ့ကြသည်။ ရုရှားရှိ ဗလာဒီမာ ပူတင်၊ တူရကီရှိ ရီဆက် တေယစ် အာဒိုဂန်၊ တရုတ်ပြည်ရှိ ရှီကျင့်ဖျင်တို့သည် အာဏာကို ကောင်းစွာ ဆုပ်ကိုင်ထားနိုင်လာသည်နှင့် အမျှ အတွေ့အကြုံလည်း များစွာ ရရှိလာကြသည်။ ၎င်းတို့အား လူကြိုက်မများလှဟုလည်း ဆို၍ မရပြန်ပေ။ ဤသည်ကို ကြည့်၍ ၎င်းတို့အား အတိုက်အခံ လုပ် ဆန့်ကျင်နေကြသူများ အဖို့ အကန့်အသတ် မရှိ သော၊ ၎င်းတို့၏ လစ်ဘရယ် မဆန်သော၊ အုပ်ချုပ်နေမှုကြီးအား အလွယ်တကူ အရှုံးပေး အညံ့ခံကြဖို့ ရှိနေပြီလော။

 

လော့အိန်ဂျဲလိစ် ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်ကြီး မှ နိုင်ငံရေးသိပ္ပံ ပညာရှင် ဒန်နီယယ် ထရိုက်စ်မင်း ကမူ ဤသည်ကို လက်မခံခဲ့ပေ။ မကြာမီက ၎င်းလေ့လာပြုစုခဲ့သော ၁၈၀၀ ခုနှစ် မှ ၂၀၁၅ အထိ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ်ပေါင်း ၂၁၈ ခု အား လေ့လာခဲ့သည့် စာတမ်းတွင် အများစုသည် အာဏာရှင်တို့၏ တိုင်းပြည်အာဏာ ကို ဆက်လက် ဆုပ်ကိုင်ထား နိုင်ရန် ကြိုးစားခဲ့ကြရင်း ဖြစ်ပေါ်လာသော အမှားများကြောင့် ဆိုသည်ကို ထောက်ပြခဲ့သည်။ (ထိုအထဲတွင် သတ္တမမြောက် ဒိန်းမတ်ဘုရင် ဖရက်ဒရစ်သည် ၁၈၄၈ ၌ ဖွဲ့စည်းပုံကို သူ့သဘောနှင့်သူ ခွင့်ပြုပေးခဲ့သည် ကိုတော့ ခြွင်းချက် အဖြစ် ဖေါ်ပြခဲ့သည်)။

 

၎င်း၏ စာတမ်းသည် အာဏာရှင်များ အတွက် ဆောင်ရန်ရှောင်ရန် လက်စွဲ ဖြစ်လာနိုင်သလို မည်မျှပင် လိမ္မာ ပါးနပ်သူပင် ဖြစ်စေ တချိန်မဟုတ် တချိန် အမှားများ လုပ်လာကြမည့် သဘောကိုလည်း သတိပြုမိအောင် မီးမောင်းထိုးပြနေသည်ဟုလည်း ယူဆ၍ ရပေသည်။

 

ထရိုက်စ်မင်း ကမူ အာဏာရှင်များဖက်က လူများကို လွတ်လပ်ခွင့်များ ပေးပြီး ဖြေလျော့ပေးလာခြင်း များသည် အကြောင်းရင်း သုံးခု ရှိသည်ဟု ဆိုသည်။ ပထမအကြောင်းမှာ ဖြစ်ပေါ်လာလတ္တံ့သော တော်လှန်ရေးကို ဟန့်တားနိုင်ရန်၊ ဒုတိယကား ပြည်ပမှ ကျူးကျော်လာသူများကို တိုက်ခိုက်နိုင်ရန် ၊ တတိယ ကား ၎င်းတို့နှင့် ပခုံးချင်း ယှဉ် လာကြသည့် အကျိုးစီးပွားတူ အင်အားစုများကို ချေမှုန်းရန် သို့မဟုတ် ပူးပေါင်းနိုင်ရန် အတွက် ဖြစ်သည်။ ထိုအကြောင်းများသည် ဒီမိုကရေစီ ဖြစ်ထွန်းလာမှု များထဲတွင် သုံးပုံတပုံခန့်သာ ပါရှိခဲ့သည်။ ကျန်သော ဖြစ်စဉ်များသည် ၎င်းတို့၏ အမှားများမှ မတော်တဆ ဖြစ်လာခဲ့ရခြင်းမျိုး များသာ ဖြစ်သည်။

 

ထိုအမှားများ ၏ အနေအထားများသည် ဆက်တိုက်ဆိုသလို ပြောင်းလဲသွားခဲ့ရသော်လည်း အာဏာရှင်များက တိုင်းပြည်အာဏာကို စွန့်လွှတ်ချင်စိတ် မရှိပဲ ဆက်လက် ဆုပ်ကိုင်ထားကြပြန်သည်။ မီခေးလ် ဂေါဘာချော့ အပါအဝင် အချို့တလေသာ ၎င်းတို့ အမှားကို သိမြင်နိုင်ခဲ့ကြသည်။

 

ထရိုက်စ်မင်း တင်ပြခဲ့သော အာဏာရှင်တို့၏ အခြေခံ အမှား ငါးမျိုး ဆိုသည်ကို လေ့လာသင့်လှပေသည်။

 

(၁) မောက်မာမှု

 

အာဏာရှင်တဦးသည် အတိုက်အခံတို့၏ အင်အား ကို အမြဲလို လျော့ပေါ့တွက်ဆလေ့ရှိသည်။ ထို့အတွက် အချိန်မနှောင်းမီ ၎င်းတို့နှင့် အပေးအယူ လုပ်ရန် ပျက်ကွက်ခဲ့သည်။ ၁၈၄၈ ခုနှစ်တွင် နန်းချခံခဲ့ရသော ပြင်သစ်မှ လူးဝစ် ဖီလစ် ဘုရင်ကြီးသည် မဆိုသလောက် မျှ ကိုပင် လိုက်လျောရန် ငြင်းပယ်ခဲ့သဖြင့် တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။ ရိုမေနီယား သမ္မတ နီကိုလိုင် ချောင်ဆက်စကူး ဆိုပါက သူ့အား ဖြုတ်ချရန် စုရုံး ရောက်ရှိလာနေသော လူအုပ်ကြီးကိုပင် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ ရုံးချုပ် လေသာဆောင်သို့ ထွက်၍ ပုံမှန် အတိုင်း ဆိုရှယ်လစ်တော်လှန်ရေး၏ အောင်မြင်မှုများ အကြောင်း မိန့်ခွန်း အပြောမပျက်ခဲ့ပေ။ လူအုပ်ကြီး၏ အော်ဟစ် ကြိမ်းဝါးသံများ၊ ခဲများ ဖြင့် ပစ်ပေါက်လာကြသည့် အရေးကို မြင်မှပင် ရပ်တန့်သွား ခဲ့သည်။ ၎င်း ကွပ်မျက်မခံရမီ ၇ ရက် အလို၌ပင် အီရန် သို့ ချစ်ကြည်ရေး ခရီး ထွက်ခွာသွားခဲ့ပေသေးသည်။ 

 

အင်ဒိုနီရှား သမ္မတ ဆူဟာတို သည်လည်း နှုတ်ထွက်ခါနီး အချိန်အထိပင် တိုင်းပြည်ကို တင်းကျပ်စွာ အုပ်ချုပ်နိုင်နေဆဲဟု ထင်သွားခဲ့သူ ဖြစ်သည်။

 

(၂) မလိုအပ်သော စွန့်စားမှုများ

 

အာဏာရှင်များသည် တိုင်းပြည်ကို ချယ်လှယ် လှည့်စားရန် အကြံကုန်လာကြသည့် အခါ မျိုးတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးလေ့ရှိရာ အထင်ရှားဆုံး နမူနာ အဖြစ် ၁၉၈၈ တွင် ချီလီ အာဏာရှင် ဩဂတ်စတို ပီနိုချက် သည် ၎င်းအား အာဏာ ဆက်လက်ရယူထား ရန် ခွင့်ပြု၊မပြု လူထု သဘောထား ခံယူပွဲ ကျင်းပခဲ့ရာ အရေးနိမ့်သွားခဲ့သည်။ အချို့သော အာဏာရှင်များကလည်း စစ်ပွဲများ ဆင်နွှဲပြီး လူထုကို အာရုံ လွှဲရန် ကြိုးစားခဲ့ကြသည်။ အာဂျင်တီနား စစ်အာဏာရှင် လီယိုပေါဒို ဂယ်ထရီသည် ၁၉၈၂ ခုနှစ် တွင် ဖောက်ကလန် စစ်ပွဲ ကို အစပျိုးလာခဲ့ပြီး အရေးနိမ့်သွားခဲ့ရသည်။

 

(၃) လမ်းချော်သွားကြခြင်း

 

ဤနေရာတွင် ဂေါဘာချော့ သည် အထင်ရှားဆုံး ဖြစ်ခဲ့သည်။ ဆိုဗီယက် အစိုးရ အား သက်ဆိုးရှည်ရန် ပြုပြင်ပြောင်းလဲမှု များ စတင် ပြုလုပ်ပေးခဲ့သော်လည်း မျှော်လင့်မထားသော ပျက်စီးရာ ပျက်စီးကြောင်းသို့ ဦးတည်သွားခဲ့သည်။

 

(၄) အသားထဲက လောက်ထွက်ခြင်း

 

ထိုသို့သော အမှားမျိုးက အာဏာရှင်တို့ ကျူးလွန်ခဲလှသည်။ စပိန်ရှိ ဖက်ဆစ် အာဏာရှင် ဖရန်စစ်ကို ဖရန်ကိုသည် ဘုရင် ဂျွန် ကားလို့စ် ကို ရွေးချယ်ခဲ့ရာမှ ၎င်းသည် စပိန်တွင် ဖက်ဆစ်ဝါဒကို အပြီးအပိုင် ဖယ်ရှားနိုင်ခဲ့သူ ဖြစ်လာသည်။ ဆိုဗီယက် ပေါ်လစ်ဗြူရို အဖွဲ့သည်လည်း ၎င်းတို့ အာဏာ တည်မြဲရေး ကို ထိန်းသိမ်းပေးနိုင်မည့်သူ အဖြစ် ဂေါဘာချော့ကို မှားယွင်းစွာ ရွေးချယ်မိခဲ့သည်။

 

(၅) မရည်ရွယ်ပဲ ဖြစ်လာခဲ့သည့် အကြမ်းဖက်မှုများ

 

လိုအပ်သည့်အချိန်တွင် ဆန့်ကျင် အုံကြွလာမှုများကို နှိမ်နှင်းခဲ့ခြင်း မရှိသည်မှာ အာဏာရှင်တို့၏ မိမိကိုယ် မိမိ အထင်ကြီးနေမှုများကြောင့်ပင် ဖြစ်သည်။ နောက်ပိုင်းတွင် အလွန်အကျွံ တုန့်ပြန်လာခဲ့ခြင်းဖြင့် ကြီးမားသော အမှားကို ကျူးလွန်ခဲ့ကြပြန်သည်။ ဤနေရာတွင် ထရိုက်စ်မင်းသည် ဘင်္ဂလားဒေ့ရှ် သမ္မတ ဟူစိန် မိုဟာမက် အာဆတ် နှင့် ဥပမာ ပေးခဲ့သည်။ လူထု အစည်းအဝေးတခုတွင် တက်ကြွလှုပ်ရှားသူ တဦးသည် ရဲအဖွဲ့မှ လက်ချက်ဖြင့် သေနတ်ကျည်ဆံ ထိမှန်သေဆုံးခဲ့ရပြီးနောက် စတင်ခဲ့သော ဆန္ဒပြမှုမှအစပြု၍ ရာထူးမှ နှုတ်ထွက် ပေးခဲ့ရသည်အထိ ဖြစ်လာခဲ့သည်။ အလားတူ အမှားမျိုး အား ယူကရိန်းသမ္မတ ဗစ်တာ ယာနုကိုဗစ်ချ် လည်း ၂၀၁၃ တွင် ကျူးလွန် ခဲ့သည်။ ရာဂဏန်းမျှသာ ရှိသော ကျောင်းသား ဆန္ဒပြသမားများကို ရဲအဖွဲ့မှ ရက်ရက်စက်စက် ရိုက်နှက် ဖြိုခွင်းခဲ့ပြီးနောက် တွင် မခံမရပ်နိုင် ဖြစ်လာသော လူထု အုံကြွမှုကြောင့် ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသည်။

 

အဆိုပါ အမှား များ အားလုံးသည် အတွက်အချက် မှားယွင်းမှုများ ကြောင့် သာ ဖြစ်သည်။ အာဏာရှင်များသည် လူသားများသာ ဖြစ်၍ အမှားမကင်းကြ။ တခါတရံ စိတ်ထဲ ထင်လာသည်များကို လုပ်တတ်သည်။ ထိုသို့ အမှားများ ပြုလုပ်ခဲ့ခြင်းမှာလည်း အာဏာရှင်များ ဖြစ်နေခြင်းကြောင့်သာ ဖြစ်သည်ဟု ထရိုက်စ်မင်းက အလေးအနက် ထောက်ပြသွားခဲ့သည်။ ၎င်းတို့ အဖို့ လူထုက ရိုးသားစွာ ဆန္ဒ ထုတ်ဖေါ်ခွင့် မရခဲ့သည့် ရွေးကောက်ပွဲများ၊ လူထု ဆန္ဒခံယူပွဲ ရလဒ်များဖြင့် အရူးလုပ်ခံခဲ့ကြရသည်။ ၎င်းတို့ အတွက် ဝါဒဖြန့်ချီပေးမှုများတွင် မိန်းမောသာယာနေခဲ့ကြသည်။ မာလာဝီ သမ္မတသည် လူထု အစည်းအဝေးသို့ တက်ရောက်လာသော လူအင်အားကို ကြည့်၍ ၎င်းကို၎င်း အထင်တကြီး ရှိလာရာမှ ၁၉၉၃ တွင် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ရာ တွင် အကြီးအကျယ် အရေးနိမ့်သွားခဲ့ရသည်။ ၎င်း၏ လူထုအစည်းအဝေးသို့ တက်ရောက်ရန် လူများကို အတင်းအကျပ် ခေါ်ယူလာခဲ့ခြင်းကိုတော့ သိရှိနိုင်ခဲ့ခြင်း မရှိပေ။ တခါတရံ တွင် အာဏာရှင်များက တိုင်းပြည်ကို နှစ်ရှည်လများ အုပ်ချုပ်လာခဲ့ရာမှ ၎င်းတို့၏ အတွေးအခေါ် အယူအဆများသည် နုစဉ်ကလို မထက်မြက်တော့ပဲ သံချေးတက်လာခဲ့ရသည်များလည်း ရှိသည်။

 

ရုရှား သမ္မတ ပူတင်ပင်လျှင် ကျွမ်းကျွမ်းကျင်ကျင် အမှားကင်းစွာဖြင့် အာဏာ ဆုပ်ကိုင်ထားခဲ့သည်မှာ ၁၇ နှစ်ပင် ရှိလာသော်ငြားလည်း တနေ့တွင် အတွက်အချက်မှားလာမည့် အန္တရာယ်မှာ ကြိမ်းသေရှိနေသည်။ (၂၀၂၀ အတွင်း ရေးသားခဲ့သော စာတမ်း) 

 

ရုရှားလူထု၏ တနေ့တခြား အဆိုးမြင်လာနေမှုကို ခန့်မှန်းရ ခက်လောက်အောင် ဖြစ်လာနေပြီး ၎င်း၏ အဓိပ္ပါယ်မဲ့ ဆန္ဒခံယူပွဲများ တွင် ထောက်ခံမဲများ ပုံအောပေးနေကြသည်။ တူရကီတွင်လည်း အာဒိုဂန်သည် နိုင်ငံအနေဖြင့် ရေရှည် တောင့်ခံမထားနိုင်သော စစ်ပွဲကြီးထဲ ပါဝင်လာနေပြီး အကြမ်းဖက်မှုများကို အတိုင်းအဆမဲ့ ကျင့်သုံးလာနေသည်။ တရုတ်ပြည်တွင်း ဖြစ်နိုင်ဖို့ အလှမ်းဝေးနေသေးသော်လည်း ရှီကျင့်ဖျင်၏ အကြွင်းမဲ့ အာဏာ တည်ဆောက်လာနေမှု ကို စိတ်ကုန်လာသော တရုတ်ကွန်မြူနစ်ပါတီမှ ပို၍ အလယ်အလတ်သဘောရှိသော လူတဦးအား သူ့နေရာတွင် ဆက်ခံရန်ရွေးချယ်လာနိုင်ဖွယ် ရှိနေသည်။

 

ထရိုက်စ်မင်းက သူလေ့လာခဲ့သော ဖြစ်စဉ်များ၏ ၈၅% သည် လူထုအုံကြွမှုကြီး ဖြစ်ပွားပြီးမှသာ ဒီမိုကရေစီ ပေါ်ထွန်းလာခဲ့သည်ဟု ဆိုသည်။ အနှေး နှင့် အမြန် ဆိုသလို လူထု အဖို့ ၎င်းတို့ ဝင်ရောက်ပြောဆိုနိုင်ခွင့် မရှိသော အုပ်ချုပ်သူများ အပေါ် စိတ်ကုန်လာကြမည် ဖြစ်သည်။ ထိုအခါ အာဏာရှင်များ၏ ခြေတလှမ်း မှားသွားသည်ကိုပင် သည်းငြီးခံကြတော့မည် မဟုတ်ပေ။ အာဏာရှင်များကလည်း ၎င်းတို့၏ အာဏာကို ပြည်ပ ရန်သူများ၊ အဝေးရောက်များ မှ အန္တရာယ် ပေးလာမည့် အရေးကိုသာ အလွန်အကျွံ အာရုံစိုက်ခဲ့ကြသူများသာ ဖြစ်သည်။

 

တကယ်တမ်း သုံးသပ်ကြည့်မည်ဆိုက ၎င်းတို့ ကိုယ်တိုင်သာလျှင် ၎င်းတို့အတွက် အကြီးမားဆုံး အန္တရာယ်ကြီး ဖြစ်နေရပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

(Bloomberg တွင် ဆောင်းပါးရှင် လီယိုနစ် ဘာရှစ်စကီး ရေးသားသော ‘Most dictators self-Destruct. Why?’ ကို ပြန်ဆိုသည်)