တနေ့တလံ ပုဂံ ဘယ်မရွေ့

by Hla Soewai - Aug 02 2023

ပြည်သူတို့သည် ငြိမ်းချမ်းစွာ ဖြင့် ၎င်းတို့ တောင်းဆိုသော တောင်းဆိုချက်များ ကို မည်သို့မျှ လိုက်လျောခြင်းလည်း မရှိသည့်အပြင် ရက်စက်စွာ အကြမ်းဖက် ဖိနှိပ်လာကြသည့် အခါ အခြားနည်းလမ်း မရှိတော့သည့် အတူတူ လက်နက် စွဲ ကိုင် လာကြခြင်းပင် ဖြစ်သည်။

 

စစ်ခေါင်းဆောင်များ၏ ဥပဒေမဲ့ အာဏာသိမ်းမှု အား တနိုင်ငံလုံးရှိ ပြည်သူများက ဆူပူ အကြမ်းဖက်ခြင်း မရှိပဲ ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ကို ဖိနှိပ်သူများက သေနတ်များ ပစ်ဖေါက်၍ နှိမ်နှင်းလာခဲ့ကြပြီး အချို့နေရာများတွင် လောင်ချာများ သုံး၍ပင် ဖြိုခွင်းလာခဲ့ကြသည်ကို အားလုံး အသိပင် ဖြစ်သည်။

 

ပြည်သူများ ရွေးချယ်တင်မြှောက်ထားသော ခေါင်းဆောင်များအားလည်း ကြက်ကလေး၊ ငှက်ကလေးများ သဖွယ် ဖမ်းဆီးကာ ပုဒ်မ အမျိုးမျိုး ဖြင့် ထောင်ဒဏ် နှစ်ရှည် ချမှတ်ခဲ့ကြပြန်သည်။

 

၎င်းတို့အား ဆန့်ကျင်သည်ဟု သံသယ ရှိသူမှန်သမျှ ကို ဖမ်း၊ မမိလျှင် မိဘဆွေမျိုး မွေးကင်းစ ကလေးပင် မကျန် ဓါးစာခံ အဖြစ် ဖမ်း၊ တော်လှန်ရေး အဖွဲ့များကို ထောက်ခံသည် ဆိုကာ ရွာများကို မီးတိုက်၊ ရက်ရက်စက်စက် ဗုံးကြဲ စက်သေနတ် နှင့် ပစ် အစရှိသည်တို့ ကျူးလွန်ခဲ့ကြသော ဖက်ဆစ်ဆိုသူများကပင် လက်မြှောက် အရှုံးပေးရလောက်အောင် အစွမ်းပြခဲ့ကြသူများ ဖြစ်သည်။

 

မီးကုန် ယမ်းကုန် လုပ်ခဲ့ကြသော်လည်း မှန်းချက် နှင့် နှမ်းထွက် မကိုက် ဖြစ်လာနေသော စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ စဉ်းစား၍ ရသမျှ ပုဒ်မ မျိုးစုံ တပ်ပြီး နှစ်ပြားမတန်အောင် အသရေ ဖျက် အကျဉ်းချထားသော နိုင်ငံတော် အတိုင်ပင်ခံ အား နောက်ဖေးပေါက်မှ တက်၍ အရှက်ကင်းမဲ့စွာ မျက်နှာချို သွေးလာကြပြီ ဖြစ်သည်။

 

ယခု ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ VIP အဆင့်အတန်းရှိ အိမ်ကြီး တအိမ်သို့ ‌ရွှေ့ပြောင်းပေးခြင်း၊ ၎င်းတို့ ၏ လက်ကိုင်တုတ် ဘဝကို ပျော်ပျော်ကြီး ခံယူနေသည့် ဦးတီခွန်မြတ် နှင့် တွေ့ဆုံစေခြင်း၊ ၎င်းတို့အလိုကျ ပြောပေးမည့် တရုတ် အထူး သံတမန် တိန် ရှီဂွမ်း နှင့် တွေ့ဆုံစေပြီး နှပ်ကြောင်းပေးရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်‌နေပြီ ဖြစ်သည်။ ထို့အပြင် သမ္မတကြီး ဦးဝင်းမြင့်၊ မန္တလေး တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်တို့အား လည်း ၎င်းတို့၏ နေအိမ်များသို့ ရွှေ့ပြောင်းပေးလိုက်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဤသည်က ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုကြောင့်သာ ဖြစ်ပေမည်။

 

ယင်းသည် အခြားရည်ရွယ်ချက် မရှိနိုင်၊ ၎င်း၏ တရုတ်ပြည်သို့ သွားရောက်နိုင်ရေး အတွက် တရုတ်ဖက်မှ တောင်းဆိုမှုများကို လိုက်လျောနေရခြင်း မျိူးသာ ဖြစ်နိုင်၍ ပြည်သူများ အနေဖြင့် မိမိတို့ တော်လှန်ရေးကိုသာ အာရုံစိုက်သင့်ကြောင်း မြန်မာ အရေး လေ့လာသူ အီဂေါ ဘလာစီဗစ် မှ သူ၏ ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။

 

တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို အချိန်ဆွဲ နိုင်ရန် ဒေါ်အောင်ဆန်းစုကြည် နှင့် ဆွေး‌ နွေးနေသယောင် ဗန်းပြကာ စိတ်ဓါတ်ပြင်းပြစွာ ဖြင့် တိုက်ပွဲဝင်နေသော တော်လှန်ရေး အင်အားစု များကို နင်းခြေပစ်နိုင်ရန်ပင် ဖြစ်သည်။

 

၎င်းတို့နှင့် ဆွေးနွေး၍ ယခုထိ ဘာတခု မျှ မယ်မယ်ရရ ဖြစ်မလာသည်ကိုလည်း ‌တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက နောကြေအောင် သိထားကြပြီး ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည် သည် ၎င်းတို့နှင့် တွေ့ဖို့ ထက် သူမ၏ ခွေးကလေး တိုက်ချီတိုး နှင့် ပြန်ဆုံရဖို့လောက် အရေးထားမည့်သူ မဟုတ်ပေ။

 

အံ့ဩဖို့ ဖြစ်လာရသည်က ဆင်ဖြူတော် ကြောင့် သူ၏ ဘုန်းတံခိုး တက်လာရသည်ဟု ထင်မြင်နေသော မင်းအောင်လှိုင်အား မည်သူမျှ လာရောက်တွေ့ဆုံခြင်း မရှိပဲ ဒေါ်အောင်ဆန်းစုကြည် နှင့်သာ တွေ့ခွင့်ရဖို့ အာရှနိုင်ငံများမှ သံတမန်များက တောင်းဆိုလာနေကြခြင်းပင် ဖြစ်သည်။ စစ်ဗိုလ်ချုပ် များသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း ပြည်ပ တွင် အရှိန်အဝါ ကြီးစွာ ရပ်တည်နေဆဲ ဖြစ်သည်ကို မည်သို့မျှ မလှန်နိုင် ဖြစ်နေသည်ကို သဘောပေါက်လာကြပြီး ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း အသုံးချ ဖို့ ဝန်မလေးကြတော့ဟု The Diplomat စာစောင်တွင် ရေးသားထားသည်၊ ၎င်းတို့ ကြီးကျယ် ခမ်းနားစွာ ဖွင့်လှစ်မည့် ဒေါ်လာ ၇.၆ သန်းတန် မဟာဝိဇေယျ စေတီတော်ကြီး ဖွင့်ပွဲ အားလည်း လက်ပါးစေ များမှ လွဲ၍ မည်သူမျှ စိတ်ဝင်တစား မရှိတော့သည့် အဖြစ်နှင့်လည်း ကြုံလာရပြီ ဖြစ်သည်။

 

စစ်ခေါင်းဆောင်များနှင့် လက်ပွန်းတတီး နေခဲ့ဖူးပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် သည် ၎င်းတို့တွင် မောက်မာဖို့၊ အခြောက်တိုက် ဘဝင်မြင့်ဖို့ကလွဲ၍ ဉာဏ်ရည်လေး တပဲသား နှင့် ပုဇွန်ဆိတ် ဦးနှောက်မျိုးသာ ရှိထားကြသည်ကို ကောင်းစွာ သိထားပြီးလည်း ဖြစ်သည်။

 

တိုင်းပြည် စီးပွားရေး စီမံခန့်ခွဲဖို့ အရေး တွင် လည်း အုန်းသီးတလုံးကို ရထားသော မျောက်တ‌ကောင်သည် နှစ်နှစ်ခွဲသာ ကြာလာသည့် တိုင် မည်သို့ ခွဲရမည်ကို မသိသည့် အဖြစ်မျိုးနှင့် ကြုံနေကြရသည်ကို ဖုံးမရ ဖိမရ ထွက်ပေါ်လာခဲ့သည်။

 

ယခုလည်း တော်လှန်ရေး အင်အားစုများ အောင်ပွဲခံလာနေ၍ စစ်ရေးအရ မည်သို့မျှ ဖြေရှင်းနိုင်စွမ်း မရှိတော့သည့် အဖြစ်ကို ရိပ်စားမိလာ၍ နိုင်ငံရေးအရ ထွက်ပေါက်ရှာရန် သွေးရူးသွေးတမ်း လုပ်လာကြခြင်းပင် ဖြစ်သည်။

 

၎င်းတို့ မသိသည်က ပြည်သူ့ ဆန္ဒ နှင့် မကိုက်ညီသော မည်သည့် ဖြေရှင်းချက်မျိုး မဆို နိုင်ငံရေး ထွက်ပေါက် ဖြစ်မလာ နိုင်‌ ဆိုသော အချက်ပင် ဖြစ်သည်။ ၎င်းတို့အား တော်လှန်ဖယ်ရှားမှ ဖြစ်တော့မည် ဆိုသည်ကို အားလုံး၏ စိတ်ဝယ် စွဲမြဲစွာ ကိန်းအောင်းနေပြီ ဖြစ်သည်။

 

ယခုလို ခေတ်သစ်၏ အာရုံဦး အလင်းရောင်ကို မြင်နေကြရသော အနေအထားတွင် အရှုံးပေး အညံ့ခံ၊ ၎င်းတို့ လိုက်လျောသမျှ နှင့် ကျေနပ်ဖို့ ဆိုသည်က နတ်သိကြား များ ဝင်ရောက်စေ့ဆပ်ပေးလျှင်ပင် လက်ခံကြတော့မည် မဟုတ်ပေ။

 

အာဆီယံကဲ့သို့သော နိုင်ငံများကမူ မြန်မာ သည် ဖက်ဆစ် ဖြစ်ဖြစ်၊ ဒီမိုကရေစီ ဖြစ်ဖြစ် အရေးမကြီး၊ နေ့စဉ် နှင့် အမျှ ကျပြီးရင် ကျနေသော ၎င်းတို့၏ သိက္ခာ ကို ဆယ်နိုင်ရန် ပြီးပြီးရော ဆိုကာ ဖြေရှင်းချက်တခု ရဖို့ ဖုတ်ပူမီးတိုက် တွန်းလာကြမည်သာ ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည် မနာစေရန် စေ့ဆပ် ဆွေးနွေးမှုမျိုးကိုတော့ ပစ်ပယ်မည် မဟုတ်၊ သို့သော် သူမ အနှစ်နှစ် အကာလ ခံယူထားခဲ့သော မူ ကို‌ တော့ စွန့်လွှတ်မည့် လူစားမျိူး မဟုတ်၊ သူ ယုံကြည်စိတ်ချရသော ပါတီ ခေါင်းဆောင်များ နှင့် ‌ဆွေးနွေး တိုင်ပင်ခွင့် မရမခြင်း မည်သည့် နည်းနှင့်မျှ ၎င်းတို့၏ ထောင်ချောက်ထဲကို တိုးဝင်သွားလိမ့်မည် မဟုတ် ဆိုသည်ကိုတော့ ယုံကြည်ထားဖို့ အရေးကြီးပေသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ မှ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းပေးရန်၊ တိုင်းရင်းသားများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်းပြီး ရေးဆွဲထားသည့် ဖက်ဒရယ် ပဋိဉာဉ် ကို လက်ခံရန်၊ စစ်တပ်အား နိုင်ငံရေး တွင် ပါဝင်နေခြင်းကို စွန့်လွှတ်ရန်၊ ထိုအချက်အား အာမခံနိုင်ရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ကို အမျိုးသား အစောင့်တပ် National Guard အဖြစ် ရပ်တည်သွားရေး တို့ ကို လက်မလွှတ်တမ်း ဆုပ်ကိုင်သွားမည်သာ ဖြစ်သည်။

 

 တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည်လည်း ဖက်ဒရယ် ဒီမိုကရေစီ အား ကာကွယ်စောင့်ရှောက်နိုင်ရန် မိမိတို့ ဒေသများတွင် အမျိုးသား အစောင့်တပ်များ အဖြစ် ရပ်တည်ခွင့် ရရေးသည်လည်း အရေးပါလှပေသည်။

 

အာဏာငန်းဖန်းနေသူများ ဖက်ကတော့ ဖြစ်လာနိုးနှင့် အချိန်ကို ဆွဲနေမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Illustration Credit – Democratic Voice of Burma