အီရန်၏ အစ္စလမ် တော်လှန်ရေး
အီရန်သည်လည်း သူ့ပြဿနာ နှင့် သူ မငြိမ်သက်မှုများ ရှိနေခဲ့ပြီး ဖြစ်သည်။ သဘာဝ အရင်းအမြစ်များ ပေါများ ကြွယ်ဝပြီး မဟာဗျုဟာ အရ အချက်အခြာ ကျသည့် နေရာတွင် တည်ရှိနေသော ယခင် ပါရှား အင်ပိုင်ယာကြီးသည် ဆယ့်ရှစ်နှင့် ဆယ့်ကိုးရာစု များ အတွင်း ဗြိတိန်၊ ရုရှားတို့၏ မျက်စိကျခြင်း ခံခဲ့ရသည်။ ဤသို့ဖြင့် ဥရောပတိုက်သားတို့၏ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှု နှင့် စီးပွားရေးအရ အမြတ်ထုတ်မှုများကို နှစ်ဆယ်ရာစု နှစ်အထိ ကျောကော့အောင် ခံခဲ့ကြရသည်။
ထိုကာလ များ အတွင်း တရုတ်ပြည် ခံခဲ့ရသလို ပါရှား၏ တာကစ် ကွာဂျာ မင်းသည်လည်း ရုရှားနှင့် ဗြိတိန် တို့မှ ချေးငှားသုံးနိုင်ရန် စီးပွားရေး အခွင့်အရေး များ ပေးကာ လိုက်လိုက်လျောလျော ဆက်ဆံခဲ့ရသည်။
ထို့အတွက် လူထု၏ မကျေနပ်မှု များ တဖြေးဖြေး ကြီးထွားလာခဲ့သည်။ ပါရှား၏ စီးပွားရေးအရ ပြည်ပကို မှီခို ခဲ့ရမှု ကြောင့် ကုန်စည်များ ပြတ်လတ်မှု နှင့် အတူ ကုန်ဈေးနှုန်းများ မြင့်တက်လာသည်။ ၁၉၀၅ နှင့် ၁၉၁၁ အကြား လက်ရှိ ဘုရင်ကို ဖြုတ်ချပြီး နောက်ထပ် မင်းတပါး တင်မြှောက်ကာ စည်းမျဉ်းခံ ဘုရင်စနစ် ကို စမ်းသပ်လာခဲ့ကြသည်။ ထိုစနစ်သည်လည်း မအောင်မြင်မှန်း သိလာကြသည့် အခါ လစ်ဘရယ် အစိုးရ ပုံစံကို ရွေးချယ်လာကြပြန်သည်။
သို့သော် ဗြိတိန် နှင့် ရုရှား နှစ်နိုင်ငံစလုံးက အစိုးရ သစ် ၏ အချုပ်အခြာအာဏာကို လေးစား အသိအမှတ် ပြု ဆက်ဆံခဲ့ကြခြင်း မရှိပေ။ ဤသို့ဖြင့် ၁၉၀၇ တွင် အင်္ဂလိပ်-ရုရှား ညီလာခံကြီး ပြုလုပ်ကာ ပါရှားအား ဗြိတိန် နှင့် ရုရှားတို့၏ ဩဇာခံ အဖြစ် နှစ်ပိုင်း ပိုင်းလိုက်ကြသည်။ နောက်တနှစ်တွင် ဗြိတိသျှ ဘူမိဗေဒ ပညာရှင်များက ရေနံကို ရှာဖွေတွေ့ရှိလာခဲ့မှု နှင့် အတူ ပါရှားအား လက်မလွှတ်နိုင် ဖြစ်လာကြသည်။
ပါရှားတို့သည် အကွဲကွဲ အပြားပြား ဖြစ်နေသော အုပ်စုများအကြား ဘုံရပ်တည်ချက် တခု ရရေး လုံးပမ်းနေချိန်တွင် ၎င်းတို့ မြေမှ ထွက်ရှိလာသော ရေနံများကို အင်ဂလို ပရပ်ရှား ကုမ္ပဏီကြီးမှ တူးဖေါ် သုံးစွဲနေကြပြီ ဖြစ်သည်။ သို့သော် ထိုကုမ္ပဏီကြီးသည် ၎င်းတို့တူးဖေါ် ရောင်းချ၍ ရသော အမြတ်ငွေများ ထဲမှ မစို့တပို့လောက်ကိုသာ ပါရှား အစိုးရအား ပြန်ပေးခဲ့သည်။ နောက်ပိုင်းတွင် အင်ဂလို ပရပ်ရှား ကုမ္ပဏီကြီးသည် ယနေ့ British Petroleum (BP) ဖြစ်လာခဲ့သည်။
၁၉၁၁ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပေါ်လာပြီး အကြမ်းဖက်မှုများ ဖြစ်ပွားလာသဖြင့် ရုရှားတပ်များသည်ကွန်ဆာဗေးတစ် အုပ်စု၏ အာဏာသိမ်းမှု ကို ထောက်ခံမှု ပေးရန် တီဟီရန် မြို့တော် အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
၁၉၃၅ တွင် ပါရှားသည် အီရန်နိုင်ငံဟူ၍ ပြောင်းလဲခေါ်ဝေါ်လာခဲ့သည်။ ဗြိတိန်သည် ၁၉၅၀ ကျော် အထိ အီရန်၏ စီးပွားရေးကို လွှမ်းမိုး ချုပ်ကိုင်ထားနိုင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် အီရန်သည် အမေရိကန် အား မဟာမိတ် အဖြစ် သဘောထားခဲ့သော်လည်း ၁၉၅၃ ခုနှစ်တွင် လူကြိုက်များနေသော ဝန်ကြီးချုပ် အား ဖြုတ်ချ အာဏာသိမ်းမှုတွင် အမေရိကန်တို့၏ ခြေရာလက်ရာ များ တွေ့ရှိလာ၍ အီရန် လူထု နှင့် ချစ်ကြည်ရေး စတင် ပျက်ပြား လာခဲ့သည်။
ထိုနောက်တွင်တော့ ကြိမ်မီးအုံးသလို ဖြစ်လာနေသော အမေရိကန် ဆန့်ကျင်ရေး သဘောထားများသည် ၁၉၇၉ တွင် အီရန် တော်လှန်ရေးကြီး ဖြစ်ပွားလာအောင် မီးစာများ ဖြစ်လာခဲ့ရသည်။ ဆယ်စုနှစ်ပေါင်းကြာအောင် ရှိနေခဲ့သည့် အမေရိကန် ထောက်ခံသော ရှားဘုရင် မိုဟာမက် ရှား ရီဇာ ပါလာဗီ နှင့် အဝေးရောက် ရှီးယိုက် ဘုန်းတော်ကြီး အယာတိုလာ ရူဟိုလာ ခိုမေနီ တို့ အကြား တင်းမာမှုသည်လည်း တငွေ့ငွေ့ နှင့် လောင်မြိုက်လာနေခဲ့သည်။ ထိုအကြောင်းကို နောက်ပိုင်းတွင် တင်ပြသွားပါမည်။ (ပုံတွင် တွေ့နိုင်သည်)
၁၉၇၉ တွင် ပေါ်ပေါက်ခဲ့သော အီရန် တော်လှန်ရေးသည် ခေတ်သစ် သမိုင်းတွင် တမူထူးခြားခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အီရန် တော်လှန်ရေးသည် လစ်ဘရယ်ဝါဒ နှင့် ဒီမိုကရေစီ ပေါ်ထွန်းရေး ကို ရှေ့တန်းမတင်ခဲ့သောကြောင့်ပင် ဖြစ်သည်။
ထိုအစား ဘာသာရေး ကို အခြေခံပြီး ရှေးရိုးစွဲ အတွေးအခေါ်များ နှင့် ရှာရီယာ ဥပဒေသများ အပေါ် အခြေခံ အုပ်ချုပ်သွားမည့် အစိုးရ ပုံစံမျိုး ပေါ်ပေါက်ရန် အားထုတ်ခဲ့ကြသည်။ နောက်ထပ် ထူးခြားမှု တခုက တော်လှန်ရေးကြီးကို ဦးဆောင်ခဲ့သည့် အယာတိုလာ ခိုမေနီသည် အခြား အခြားသော တော်လှန်ရေး များ တွင် မရခဲ့ဖူးသည့် အတိုင်းအတာ နှင့် လူထု ထောက်ခံမှု ကို ရရှိခဲ့ခြင်းပင် ဖြစ်သည်။
အီရန် ၏ နိုင်ငံရေး နောက်ခံ သမိုင်းနှင့် ကမ္ဘာအနေအထားများသည် ထိုသို့ ရှီးယိုက် အစ္စလမ်ကို အခြေခံသော အမျိုးသားရေး ဝါဒ ပေါ်ပေါက်လာအောင် မည်သို့ မည်ပုံ တွန်းအား ပေးခဲ့သည်များကို ဆန်းစစ်သွားမည် ဖြစ်သည်။ ထို့အပြင် အီရန် တော်လှန်ရေး၏ ရည်မှန်းချက်များ တမူထူးခြားစွာ ထားရှိလာမှု နှင့် ယင်းကို အခြေခံပြီး အောင်မြင်မှု ရရှိလာပုံ သည် ခေတ်သစ် သမိုင်း၏ အခြားသော တော်လှန်ရေးများ နှင့် ကိုက်ညီမှု ရှိမရှိကိုလည်း သုံးသပ်တင်ပြသွားပါမည်။