စစ်ကောင်စီ ဘာလဲ ဘယ်လဲ

by Hla Soewai - Aug 02 2023

ခြောက်လ တကြိမ် ဖြင့် သုံးကြိမ် အထိ သက်တမ်းတိုးထားသော အရေးပေါ် အခြေအနေ တနင်္လာနေ့တွင် အဆုံးသတ်သွားဖို့ ရှိနေသဖြင့် စစ်ကောင်စီ အနေဖြင့် မည်သို့ ဆက်၍ လှုပ်ရှားလာမည် အပေါ် လေ့လာသူ များ အနေဖြင့် ၎င်းတို့ ဘာလဲ ဘယ်လဲ ဆိုသော ဝေဖန်သုံးသပ်ချက် အမျိုးမျိုး ထွက်ပေါ်လာနေပြီ ဖြစ်သည်။

 

ဖြစ်နိုင်ခြေ တခု ရှိနေသည်က ဖွဲ့စည်းပုံအရ နှစ်ကြိမ်သာ ခွင့်ပြုထားသော်လည်း ဇူလိုင် ၃၁ ရက်နေ့တွင် မျက်နှာပြောင်တိုက်ကာ စတုတ္ထ အကြိမ် အဖြစ် နောက်ထပ် ၆ လ သက်တမ်း တိုးမြှင့် လာနိုင်သည့် အရေး နှင့် နောက်တချက် အဖြစ် ကောလဟာလ အဖြစ် ဦးသိန်းစိန် သို့မဟုတ် ဦးတင်အေး ဦးဆောင်သော အရပ်သား ကြားကာလ အစိုးရ အဖြစ် အယောင်ဆောင် ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ကို တနှစ်အတွင်း ကျင်းပပေးမည် ဆိုခြင်းပင် ဖြစ်သည်။

 

သို့သော် ဦးသိန်းစိန်တို့ ဖက်မှ မင်းအောင်လှိုင် စခဲ့သော အရှုပ်ထုတ်ကြီးကို လက်ပြောင်း ယူလိုဟန် မရှိသော်လည်း စစ်ခေါင်းဆောင်များ ထွက်ပေါက်ရရေး အတွက် စဉ်းစားလာနိုင်ဖွယ် ရှိနေသည်။

 

စစ်တပ်သည် ဇူလိုင်လ အတွင်း နိုင်ငံရေး ကျားကွက်များ ရွှေ့လာခဲ့ရာ မည်သူမျှ ထင်မှတ်မထားသော ထိုင်း နိုင်ငံခြားရေး ဝန်ကြီး နှင့် နိုင်ငံတော် အတိုင်ပင်ခံ အား ပေးတွေ့လာခဲ့သည်။ သို့သော် ဒွန် ပရာမူဒွင်နိုင်းသည် ၎င်းတို့ ပြောစေလိုသည်ထက် ပိုပြောမည် မဟုတ်ဆိုသည်ကို သေချာပေါက် ထွက်ထားခဲ့၍လည်း ဖြစ်သည်။

 

ထို့နောက် နှစ်ပတ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တအိမ်သို့ ရွှေ့ပြောင်းပေးလိုက်ပြီ ဆိုခြင်း နှင့် ဦးတီခွန်မြတ် နှင့် တွေ့ဆုံခဲ့သည် ဆိုသော သတင်းများ ထွက်ပေါ်လာသော်လည်း စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းကမူ သူမသိ ပါဟု ငြင်းဆိုသွားသည်။ အစီအစဉ် မရှိပါ၊ မဟုတ်ပါ ဟု ပြတ်ပြတ်သားသား ငြင်းဆိုသွားခြင်း မရှိ၍ မင်းအောင်လှိုင်၏ ဘုရားဖွင့်ပွဲ နေ့ ထောင်ခါဖို့ ရှိနေချိန်ကိုသာ စောင့်ကြည့်ရဖို့သာ ရှိနေသည်။

 

လက်ရှိတွင် နိုင်ငံတွင်း ရောက်ရှိနေသော အာရှရေးရာ တရုတ် အထူးသံတမန် တိန်ရှီဂွမ်း နှင့် တွေ့ဆုံဖွယ် ရှိသည်ဟု ဆိုသော်လည်း ယနေ့အထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

မည်သို့ပင် ဖြစ်စေ လက်ရှိ အစီအစဉ်များသည် ဂန္ဓလရာဇ် ပြည်ကြီး ၏ လက်ရာခြေရာများ ပါဝင်နေပြီး ယခု ရာထူးက ပြုတ်သွားသော နိုင်ငံခြားရေး ဝန်ကြီးသည် သံတမန်အစဉ်အလာကို ကျော်လွန်ကာ ဗိုလ်သန်းရွှေ နှင့် သွားတွေ့ခဲ့သည် ဆိုသည်ကိုလည်း မေ့လျော့ထား၍ မရပြန်ပေ။

 

မည်သို့ပင် ဆိုစေ ပြည်သူများ အတွက် အဓိပ္ပါယ် ရှိသော ပြုပြင် ပြောင်းလဲရေးမျိုးက ရှိမလာနိုင်၊ သို့သော် စစ်ခေါင်းဆောင်ဟောင်းများသည် ၎င်းတို့ အတွက် ဝန်ထိုဝန်ပိုး ဖြစ်လာနေသော မင်းအောင်လှိုင်ကို ယဉ်ယဉ်ကျေးကျေး ဖယ်ထုတ်နိုင်ဖို့ စိတ်ကူးနေကြသည်ကတော့ ထင်ရှားနေပေသည်။

 

လေ့လာသူများကမူ မင်းအောင်လှိုင်ဖက်မှ နောက်ထပ် သက်တမ်း ကို နောက်ဆုံးအကြိမ် တိုးခွင့်ပေးရန် ပြောလာနိုင်ပြီး သူ့အနေနှင့် တော်လှန်ရေး အင်အားစုများကို အပြီးအပိုင် ချေမှုန်းပစ်မည်ဟု လေလုံးထွားထားသည်ကလည်း ရှိနေ၍ ယင်းသည် အဖြစ်နိုင်ဆုံးဟု သုံးသပ်လျက် ရှိသည်။

 

၎င်းတို့ ထွက်ပေါက်သည် တိုင်းပြည်အား ၎င်းတို့ လက်အောက်တွင် နောက်ထပ် နှစ်ပေါင်းများစွာ ဆက်ထားနိုင်ရန် ရှဉ့်လည်းလျှောက်သာ ပျားလည် စွဲသာ ကြံစည်နေကြခြင်းမျိုးသာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တော်လှန်စစ် မုချ အောင်ရမည်!!!

 

 ကိုးကား - ဧရာဝတီ / မဇ္ဇျိမ