ထွက်ပေါ်လာဖို့ ရှိနေသည့် မင်းအောင်လှိုင်၏ တခန်းရပ် ဟာသ ပြဇာတ်

by Hla Soewai - Aug 02 2023

တိုင်းပြည်ကို အုပ်ချုပ် နေသော အဓမ္မဝါဒီ များသည် မြန်မာတို့ ၏ လူမှု ဘဝ ကို နည်းမျိုးစုံဖြင့် ဆက်လက် ချုပ်ကိုင်နိုင်ရန် ဉာဏ်နီ ဉာဏ်နက်များ ထုတ်နေကြပြီ ဖြစ်သည်။

 

၎င်းတို့ အဖို့ တိုင်းပြည်ကို ယခုလို ပုံစံ အတိုင်း ဆက်၍ သွားတော့မရ၊ ဓါးဓါးချင်း တုတ်တုတ်ချင်းဆိုပြီး စစ်ရေးအရ အပြီးအပြတ် အောင်ပွဲ ခံနိုင်ဖို့ လုပ်မည်လော၊ ထိုရည်မှန်းချက် ပေါက်မြောက်ဖို့ ပြည်ပ ၏ အထူးသဖြင့် အာဆီယံ နှင့် အနောက်အုပ်စု၏ ဆန့်ကျင်နေမှု များ အချိန် လျော့ကျသွားရန်၊ လူထု ၏ အမြင်တွင် တခုခု ဖြစ်လာလေမလား ဆိုသည့် မျှော်လင့်ချက်များ ကိန်း အောင်းလာပြီး လက်နက်ကိုင် တော်လှန်နေသော လူငယ်များအပေါ် ထောက်ခံမှု လျော့ကျသွားရန် တခုခု လုပ်ပြမှ ဖြစ်တော့မည် ဆိုသော အတွေးများ ဖြင့် one-size-fit-all ပေါ်လစီ မျိုး ထွင်နိုင်ရန် ကြံစည်နေကြပြီ ဖြစ်သည်။

 

ဤသည်က လက်ရှိ အခြေအနေများကို မှန်မှန်ကန်ကန် သုံးသပ်နိုင်မှသာ လုပ်သင့် လုပ်ထိုက်သည့် ကိစ္စ ဖြစ်သော်လည်း လွန်စွာ မောက်မာပြီး သွေးနားထင် ရောက်နေသူ ၎င်းတို့အဖို့က ထိုကဲ့သို့ စဉ်းစား မိကောင်းမှ မိကြလိမ့်မည် ဖြစ်သည်။

 

သူတို့အားလုံးသည် လူထု အား အသိဉာဏ် ပိုင်းအရာ တွင် ကလေးသာသာ အဆင့်သာ ရှိသည်ဟု ယူဆထားကြသူများ ဖြစ်သည်။

 

တတိုင်းပြည်လုံး ကတော့ ၎င်းတို့ တိုင်းပြည်အာဏာ အား ဆက်၍ ဆုပ်ကိုင်ထားနိုင်ရန် မည်သို့သော အခင်းအကျင်း အသစ်များ ချပြလာမည်ကို ဟာသ သ‌ဘောမျိုး စောင့်ကြည်နေကြပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်ကတော့ ၎င်းအနီးအနားရှိ အမာခံ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်များ ရှိနေသရွေ့ သူ၏ အာဏာ သည် အရာမယွင်း နိုင်ဟု ယုံကြည်နေဆဲပင် ဖြစ်သည်။ တဖက်တွင်လည်း စိတ်ဓါတ်များ ယို့ယွင်းလာနေပြီ အောက်လက်ငယ်သား များ အကြား defeatist mentality အရှုံးပေးနေသည့် သဘောမျိုး အထင်မရောက်စေရန်လည်းဟိတ်ဟန် ထုတ်နေရပြန်သည်။

 

စစ်တပ်၏ အာဏာ သိမ်းမှူသည် အစစ အရာရာ တိုးတက်လာနေပြီ ဖြစ်သော နိုင်ငံ ကို ကျွမ်းထိုး မှောက်ခုံ ဖြစ်သွား‌ စေခဲ့သည်ကတော့ မည်သူမျှ ငြင်းမရသည့် သမိုင်း တွင် ဖျက်မရသည့် အမည်းစက်ကြီး တင်ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့အား လက်ရှိတွင် ထောက်ခံနေသည့် ရုရှား၊ တရုတ်တို့ပင် မြန်မာ အရေးသည် ဖြေရှင်းရမည့် ပြဿနာ တရပ် အဖြစ် လက်ခံထားကြပြီး ဖြစ်သည်။

 

သို့သော် မည်သို့မျှ ရှက်ရကောင်းမှန်း မသိ thick skin ရှိနေသူများ အတွက် သံတမန် နည်း ဖြင့် ဖြေရှင်းရေးသည် မည်သို့မျှ မဖြစ်နိုင် ဆိုသည်ကိုလည်း သဘောပေါက်လာကြပြီ ဖြစ်သည်။

 

စစ်အာဏာရှင် စနစ်သည် နိုင်ငံအပေါ် ကင်ဆာ ရောဂါကြီးလို အမြစ်တွယ်နေရာမှ ယခု အခါ ဖုတ်လှိုက် ဖုတ်လှိုက် အသက်ငင်လာသည့် အဖြစ်သို့ ရောက်ရှိလာနေရာမှ နောက်ဆုံးအကြိမ် ကီမို သွင်း၍ အသက်ပြန်ဆက်ရန် ကြိုးပမ်းမှု ဟုသာ ဆိုရတော့မည် ဖြစ်သည်။

 

သို့သော် ပြည်သူများနှင့် ပြည်သူတော်လှန်ရေး အင်အားစုများသည် လက်တကမ်းသာ လိုတော့သည့် မိမိတို့ ရည်မှန်းချက် ပန်းတိုင် ကို မျက်ခြေပြတ် ခံကြတော့မည် မဟုတ်ပေ။

 

အီကော်နော်မစ် ၏ ညီနောင် တွဲဖက် မဂ္ဂဇင်း ဖြစ်သော 1843 တွင် သတင်းထောက် ဖြစ်သူ မှ Albino Tiger (ကျားဖြူ) တပ်ရင်း ထံ တပတ်မျှ သွားရောက်နေထိုင်ပြီး တွေ့ကြုံခဲ့ရသည်များကို ဓါတ်ပုံများ ဝေဝေဆာဆာ နှင့် ဆောင်းပါးရှည်ကြီး ‌ဖြင့် ဖေါ်ပြလာသည်ကိုလည်း အသိပေးလိုပါသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - ဧရာဝတီ သတင်း