ဖြစ်ရလေ သာဝ ရယ်...

by Hla Soewai - Aug 02 2023

မင်းအောင်လှိုငိ၏ သက်တမ်းတိုးခြင်း မတိုးခြင်းကို တကယ်တမ်း မည်သူမျှ စိတ်မဝင်စားလှ၊ ဘာများ အကွက်ဆန်း ထွင်လာလေမည်နည်းကိုသာ စောင့်ကြည့်နေကြခြင်း မျိုးသာ ရှိသည်။

 

သူ့ အနေနှင့် အမှန်တွင် သက်တမ်းတိုးစရာ မလို၊ သို့သော် ဂန်‌ဒူး များအလား ဖွဲ့စည်းပုံ ကို ဗန်းပြ၍ အာဏာ သိမ်းခဲ့ရ၍ သာ ဟန်ဆောင် ပန်ဆောင် လုပ်ပြနေရခြင်းမျိုးသာ ဖြစ်သည်။

 

သို့သော် ရယ်စရာ အကောင်းဆုံး ဖြစ်လာရသည်က ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်ရန် သက်တမ်းတိုးရပါသည် ဆိုသော စကားပင် ဖြစ်သည်။

 

ကမ္ဘာတွင် အရေးပေါ် အခြေအနေ အဆုံးသတ်ပြီးမှ ကျင်းပနိုင်သော ဒီမိုကရေစီ ရွေးကောက်ပွဲဆိုသည်မျိုး မည်သည့် အခါက ရှိခဲ့ဖူးပေသနည်း။ 

 

မည်သို့ပင် ဆိုစေ ၂၀၂၃ ဩဂုတ်လတွင် ပြုလုပ်မည်ဟု ကတိပေးခဲ့သည်ကို ယခုလို အရှက်ကင်းမဲ့စွာ သက်တမ်း တိုး လာနေရခြင်းကပင် ၎င်းအနေဖြင့် ရွေးကောက်ပွဲ ကျင်းပ နိုင်လောက်သည့် အခြေအနေမျိုး မရှိ၊ နိုင်ငံကို ထိန်းချုပ် နိုင်စွမ်း မရှိ ဆိုသည်ကို ဝန်ခံလိုက်ရခြင်း ဖြစ်သည်ဟု နိုင်ငံတကာ သတင်းများက ဗွေဆော်ဦး ဝေဖန်လာပြီ ဖြစ်သည်။ တဖက်တွင်လည်း ခြောက်လ အတွင်း စစ်အနိုင်တိုက်ရေး ဟု ကြွေးကျော်လိုက်ခြင်းပင် ဖြစ်သည်။

 

ရွေးကောက်ပွဲ လုပ်ရန် ဆိုသည်ကလည်း နိုင်ငံတကာ အား စောင့်ကြည့်ပေးကြပါရန် အချိုသပ် လိုက်ခြင်း မျိုးသာ ဖြစ်ပြီး သူ့အနေနှင့် အခြေအနေကို တိုးတက်အောင် လုပ်ဖို့ မဆို ထားဘိ လက်ရှိ အနေအထား အတိုင်း ဆက်၍ ရပ်တည် နိုင်အောင်ပင် ကျားကုတ် ကျားခဲ ရုန်းကန်ရပေဦးမည် ဆိုသည်ကို တတိုင်းပြည်လုံးက သိမြင်နေကြပြီး ဖြစ်သည်။

 

လူထု၏ ထောက်ခံမှု တစက်ကလေးမျှပင် မရှိပဲ ပြောသမျှ ခေါင်းငြိမ့်ရမည့် လူ ဆယ်တဦးအား ‌ကာလုံ အစည်းအဝေး အမည်တပ်ကာ သက်တမ်း အကြိမ်ကြိမ် တိုးနေခြင်းသာ ဖြစ်သည်။ ထိုသို့ တက်ရောက်၍ ခေါင်းငြိမ့်ခဲ့ရသူများထဲတွင် ဦးဗန်သီယူး တယောက်လည်း ပါဝင်လာခဲ့သည်။

 

 နှစ်နှစ်ခွဲ ကြာသည့်အထိ တိုင်းပြည်ကို တည်ငြိမ်အောင် လုပ်နိုင်စွမ်း မရှိသည့် စစ်ခေါင်းဆောင် တယောက်အနေဖြင့် အရှက်တရားလေး အနည်းငယ်သာ ရှိသည် ဆို‌ဦး ရာထူးက ဆင်းပေးရခြင်း၊ ယခုလို ပေကပ်နေပါက ဖယ်ရှားခံရခြင်းမျိုး မလွှဲမသွေ ဖြစ်ပေါ်လာမည်သာ ဖြစ်သည်။

 

ယခုလို အနေအထားကို သုံးသပ်ရမည် ဆိုက စစ်တပ်တွင် သူ့လောက်ပင် အရည်အချင်း ရှိသူ တဦးတယောက်မျှ မရှိဆိုသည့် စကားသည် မှန်ကန်ကြောင်း သက်သေပြနေသလိုပင် ဖြစ်သည်။

 

အေပီ သတင်းကပင် စစ်တပ်တွင် လူအင်အား နှင့် လက်နက်အင်အား အဆမတန် သာလွန်နေပါလျက် အရှုံးများ နှင့်သာ ရင်ဆိုင်နေရသည်ဟုပင် ရေးသားလာခဲ့သည်။

 

ထို့အတွက်ကြောင့်လည်း တူမီးသေနတ် နှင့် စခဲ့သည့် တော်လှန်ရေး သည် နေပြည်တော်ကိုပင် ခြိမ်းချောက်လာနိုင်သည့် အထိ လျှင်မြန်စွာ အရှိန်ရလာခဲ့ခြင်းဖြစ်‌၍ ပြည်သူများ အတွက် ၎င်း၏ ခေါင်းဆောင်မှုသည် blessings in disguise တနည်းအားဖြင့် ကံကြမ္မာ၏ မျက်နှာသာ ပေးမှု ကြီးသာ ဖြစ်‌လာပေတော့သည်။

 

အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံး အကြိမ် သက်တမ်းတိုးခဲ့သည် ဖေဖေါ်ဝါရီ ၁ ရက် မှ ဇူလိုင် ၁၅ ရက် အတွင်း ၎င်း၏ လက်ပါးစေ တပ်များ၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၃၈၃ ဦး သေဆုံးသွားခဲ့ရသည်ဟု international Myanmar Peace Monitor အဖွဲ့၏ ထုတ်ပြန်ချက်ကို RFA တွင် ဖေါ်ပြထားသည်။

 

အာဏာသိမ်း အဖွဲ့သည် မည်သို့ပင် စကားတန်ဆာများ နှင့် လိမ်ညာလှည့်ဖျား ပြောဆိုနေစေကာမူ ၎င်းတို့ ကျုးလွန်နေသော ရာဇဝတ်မှု များကို နိုင်ငံတကာ စစ်ရာဇဝတ်မှု ဆိုင်ရာ တရားရုံးများ၊ လူ့အခွင့် အရေး ကော်မရှင် စသည့် အဖွဲအစည်းများက သက်သေ အထောက်အထား အပြည့်အစုံ နှင့် မှတ်တမ်း တင်နေကြပြီ ဖြစ်သည်။

 

ကုလ သမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ညှိနှိုင်း အကူအညီပေးရေး ရုံးမှ ဇူလိုင် ၁၅ ရက်နေ့ ထုတ်ပြန်သော ကျေညာချက်တွင် မင်းအောင်လှိုင် အာဏာ သိမ်းပြီးနောက် နိုင်ငံ တဝှမ်း လူပေါင်း နှစ်သန်း ခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး ထိုအထဲတွင် စစ်ကိုင်းတိုင်း တတိုင်း လူ ရှစ်သိန်း ပါဝင်နေသည် ဟု ဆိုသည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့က "အကြမ်းဖက်သမားများ" ဟု ကင်ပွန်းတပ်ခံထားရသော ပြည်သူများ၏ ရွေးချယ် တင်မြှောက်ခံ CRPH, NUG, နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် ပြည်သူများ၏ အထောက် အပံ့ တခုတည်း ဖြင့် ရပ်တည်၍ ကြံ့ကြံ့ခံ တွန်းလှန်နေကြပြီ ဖြစ်သည်၊ ထိုသို့ အခြေအနေမျိုးသာ မရှိခဲ့ပါက ၎င်းတို့၏ နှိပ်စက် အနိုင်ကျင့် မှု များကို လူထု ကြီး တရပ်လုံး မည်မျှ အထိ ခံရမည်ကို တွေးပင် မတွေးဝံ့အောင်ပင်။

 

ကမ္ဘာဘဏ်မှ နိုင်ငံ တဝှန်း အစာအဟာရ ချို့တဲ့မှု များ နှင့် ရင်ဆိုင်နေရသည်ဟု အစီရင်ခံစာ ထုတ်ပြန်ပြီး တလ မပြည့်ခင် ဇူလိုင် ၂၁ ရက် နေ့တွင် ထုတ်ပြန်သော ပြန်တမ်းတွင် စစ်ဖက် ပင်စင်စားများ၏ လစာကို ကျပ် နှစ်ထောင်မှ ၁၅ သိန်း အထိ အဆင့်ဆင့် တိုးမြှင့်လိုက်ကြောင်း ပါရှိလာသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

အဓိက အားဖြင့် မဆလ၊ ငြိမ်ပိ နှင့် နဝတ အရာရှိကြီးများကို ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

 

မင်းအောင်လှိုင်သည် ၎င်းတို့ အသက်ဆက်နိုင်ရေး အတွက် အခွန်ထမ်း ပြည်သူများ၏ ငွေများ၊ တိုင်းပြည်၏ သယံဇာတ များကို ထုတ်ရောင်းရ ငွေများဖြင့် စစ်ယန္တရား ကြီး အား အဆက်မပြတ် ဖြည့်တင်း‌ နေရပေသည်။

 

ပြည်သူများ အဖို့ ယခုလို ဓါတ်ပြားဟောင်းကြီး ထုတ်ပြလိုက်ခြင်း ကြောင့် ဝေဝါးသွားစရာ မရှိတော့သည်ကလည်း အဆိုးထဲက အကောင်းပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!