ဗြိတိသျှ ကိုလိုနီ နိုင်ငံများတွင် လာရောက် အမှုထမ်းကြသည့် အလယ်အလတ် အဆင့် စစ်ဖက်နှင့် နယ်ဖက် အရာရှိများသည် စကော့တလန်၊ ဝေလ ပြည်နယ် များရှိ သာမန် မိသားစုများမှ ဆင်းသက်လာကြသူများသာ ဖြစ်သည်၊ မြန်မာပြည်တွင် နေရသော အခွင့်အရေးမျိုး တသက်နှင့် တကိုယ် မရရှိဖူးသူများလည်း ဖြစ်ကြသည်။
ဂဠုန် ဦးစောသည် သူသာ တိုင်းပြည် ခေါင်းဆောင် ဖြစ်ခဲ့ပါက ဒိုမီနီယံ အဆင့်ဖြင့် ကျေနပ်မည် ဖြစ်ကြောင်းလည်း ပြောဆိုထားခဲ့ပြီး ဖြစ်သည်။
မြန်မာပြည် ကက်စ်ဘီ အုပ်ချုပ်ရေး ခေတ်တွင် နေလို လလို ဘုန်းမီးတောက်ခဲ့ကြသော ဗြိတိသျှစစ်အရာရှိများ ပြည်တော်ပြန်ကာ သာမန် အရပ်သား ဘဝ နှင့် နေသွားရမည့် အရေးကို စိုးရိမ်လာကြသဖြင့် အာဏာငန်းဖမ်းနေသူ၊ မလုပ်ရဲတာ ဘာမှ မရှိသူ တဦးအား မြှောက်ပင့် ပေးခဲ့မှုကြောင့် လုပ်ကြံခံခဲ့ရခြင်းသာ ဖြစ်သည်။
ဗိုလ်ချုပ်၏ ရုပ်ကလပ် ဂျုဘလီဟော မှာ ရှိနေစဉ် မြေမကျ သေးခင် မှာပင် ပြည်တွင်းစစ်ကြီး တောက်လောင်ဖို့ အစပျိုးနေပြီ ဖြစ်သည်။
ထိုသို့သော လူမျိုး နှင့် မြန်မာပြည်သည် နောက်တကြိမ် ကြုံလာခဲ့ရပြန်ပြီ ဖြစ်သည်။
၁၉၄၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် စစ်ကြပ်သင်တန်း ဘွဲ့နှင်းအပ်ပွဲ၌ စစ်၀န်ကြီး မေဂျာဂျင်နရယ် အောင်ဆန်း၏ မိန့်ကြားချက်.
ဗမာ့တပ်မတော်ရဲ့တာဝန်ဟာ အရင်တုန်းက အင်္ဂလိပ်လက်ထက်က တပ်များလို ကြေးစားမဟုတ်ဘဲ နိုင်ငံနဲ့အမျိုးကို တကယ်ကာကွယ်ဖို့ပဲ။ ဒီသဘောကို ရဲဘော်တို့ဟာ မိမိရရနားလည်ပြီး ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင် လုပ်ကြရမယ်။
ဒီတပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက် ဒီလူမျိုးတွေရဲ့ ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာဖြစ်မယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားပဲဖြစ်မယ်။ ရဲဘော်တို့ ဒီမှာလာပြီး ဆင်းရဲရတာတွေ၊ နောက် တပ်ထဲမှာ ဆင်းရတာတွေ၊ စစ်မြေပြင်မှာ စွန့်ရမှာတွေအားလုံး အချည်းအနှီးဖြစ်မယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ ပြည်သူ့တပ်မတော်လို့ တစ်နိုင်ငံလုံးက ယုံကြည်အားကိုးလာအောင် ရဲဘော်တို့ဟာ မိမိတာဝန်များကို ထမ်းရမယ်”
ဗိုလ်ချုပ်သည် သူတည်ထောင်ခဲ့သော မြန်မာတပ်မတော် ၏ လားရာ နှင့် နိဂုံးကို ကြိုတင် နမိတ် ဖတ်နိုင်ခဲ့သူ ပင် ဖြစ်သည်။
ရန်ကုန် တက္ကသိုလ် မြေ ကို စတင် ခြေချခဲ့သည့် ၁၉၃၃ ခုနှစ်မှစ၍ အတွင်း၀န်ရုံးတွင် သေနတ်ဒဏ်ရာ ၁၃ ချက် ဖြင့် ကျဆုံးခဲ့ရသည့် ၁၄ နှစ်တာ ကာလ လုံး မြန်မာ တမျိူးသားလုံး သူ့ က္ဈန် ဘ၀ မှ လွတ်မြောက်နိူင်ရေး မနားမနေ ကြိုးပမ်းပေးခဲ့ရှာသူ၊ အနာဂတ် မျိုးဆက် သစ်များ အတွက် အတုယူ အားကျ စရာ သတ္တိ၊ ကိုယ်ကျင့်တရား များစွာ ချန်ထားရစ်ခဲ့သူ ဗမာ့သူရဲကောင်းကြီးအဖြစ် ကမ္ဘာတည်သရွေ့ ထင်ကျန်ရစ် နေမည်သာ ဖြစ်သည်။
ကြုံကြိုက်၍ ဗဟုသုတ အဖြစ် တင်ပြချင်သည်က ဗြိတိသျှ ပြတိုက် ကြီး မှ "ရှုပ်ထွေး နက်နဲလှသော မြန်မာ သမိုင်းအား ခြေရာကောက်ခြင်း" ခေါင်းစဉ် ဖြင့် ပြပွဲကြီး ခင်းကျင်းပြသ ခဲ့ကြောင်း ဇူလိုင် ၁၈ ရက် နေ့ထုတ် လန်ဒန် ထုတ် Evening Standard သတင်းစာကြီးတွင် ဖေါ်ပြခဲ့သည့် သတင်းပင် ဖြစ်သည်။
ထိုပြပွဲကြီး တွင် တခမ်းတနား ထိပ်မှ နေ၍ ပြသလာသည်က ၁၇၅၆ ခုနှစ်တွင် အလောင်းဘုရား မင်းကြီး မှ ဒုတိယမြောက် ဂျော့ခ်ျ ဘုရင်ထံ ပေးပို့လိုက်သော သဝဏ်လွှာပင် ဖြစ်သည်။ ယင်းနှင့် အတူ အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာပြည်အား သရုပ်ဖေါ်ထားသည့် အမည်မဖေါ်လိုသည့် မြန်မာ အနုပညာရှင်များ၏ လက်ရာများလည်း ပါဝင်နေသည်။
အဆိုပါ သဝဏ်လွှာသည် သာမန်စာမျိုး တော့ မဟုတ်၊ ပရပိုက် တခုလုံးအား ရွှေအတိဖြင့် ပြုလုပ်ထားပြီး ပတ္တမြား အလုံးရေ နှစ်ဒါဇင် ခန့် ဖြင့် စီချယ်ထားသည်။ စာပါ အကြောင်းအရာ များသည် အဓိက အားဖြင့် ချစ်ကြည်ရေး သဘော ဆောင်သော်လည်း အရေးအသား သည် ဘုရင်ချင်းတန်းတူရည်တူ သဘောထားကာ ရေးသားလာခဲ့၍ ဂျော့ခ်ျ ဘုရင် သည် အမျက်ရှကာ သူပိုင် စာကြည့်တိုက်ထဲတွင် ချောင်ထိုးထားခဲ့သဖြင့် လူမသိ သူမသိ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ (ကွန့်မန့်တွင် ရှု)
ထိုစဉ်က မြန်မာသည် အလောင်းဘုရား လက်ထက် တတိယ မြန်မာနိုင်ငံတော်ကြီးကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သဖြင့် အာရှတွင် ဘုန်းမီးနေလ တောက်နေသည့် အချိန်လည်း ဖြစ်သည်။ ထို့အတွက်လည်း အလောင်းဘုရားသည် အင်္ဂလန် ပြည့်ရှင်အား သာမင်ညောင်ည မင်းတပါးလို ဆက်ဆံလိုက်ခြင်းလည်း ဖြစ်သည်။
မြန်မာ သည် တချိန်က ကမ္ဘာအလယ်တွင် မည်မျှ ချမ်းသာ ကြွယ်ဝကာ ကိုယ့်ထီးကိုယ်နန်း ဖြင့် နေထိုင် နိုင်ခဲ့သည် ဆိုသည့် သက်သေ သက္ကာရ တခု အဖြစ်လည်း ပေါ်ထွက်လာခဲ့ပေပြီ။
ထိုစာကို ပေးပို့ပြီး နှစ် ပေါင်း ၇၀ ခန့် အကြာတွင် မြန်မာသည် အင်္ဂလိပ် လက်အောက်သို့ စတင်ရောက်ရှိခဲ့ရတော့သည်။
ထို့နောက် နှစ်ပေါင်း ၁၂၄ နှစ်ကြာမှ ဗိုလ်ချုပ်၏ ဦးဆောင် ကြိုးပမ်းမှု ဖြင့် ဗြိတိသျှ လက်အောက်မှ လုံးဝ လွတ်လပ်ရေးကို ရရှိလာခဲ့သည်။
သို့သော် လွတ်လပ်ရေး အသီးအပွင့် များကို စစ်ဗိုလ်ချုပ် အဆက်ဆက် လက်ဆင့် ကမ်းပြီး ခံစား စံစားလာခဲ့ရာ တိုင်းပြည်လည်း ဖြူကာ ပြာကာ ကျသည် အထိ ဖြစ်လာခဲ့ရပေတော့သည်။
ထို့အတွက်လည်း မျိုးချစ် လူငယ်များက စစ်ဗိုလ်ချုပ်များ လက်တွင်း သက်ဆင်းနေရသည့် တိုင်းပြည်အား လက်နက်စွဲကိုင်က မဖြစ်ဖြစ်သည့် နည်းဖြင့် ကယ်တင်ရန် စိတ်ပိုင်းဖြတ် ခဲ့ကြခြင်းလည်း ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!