တော်လှန်ရေး မဟာဗျူဟာ အဖြစ် လက်နက် စွဲကိုင်လာကြခြင်း (၅)
ပါလက်စတိုင်း ဒေသရှိ အာဂန် အဖွဲ့သည် ၁၉၄၆ ဇူလိုင်လ ထဲတွင် ဂျေရုဆလင် ရှိ ဒေးဗစ် ဘုရင် ဟိုတယ် အား စတင် တိုက်ခိုက်လာခဲ့သည်။ ထိုဟိုတယ် သည် ပါလက်စတိုင်း ဒေသသို့ ရောက်ရှိလာသော နိုင်ငံခြားသား များ၊ ဗြိတိသျှ စစ်ဖက် နှင့် အရပ်ဖက်မှ ဝန်ထမ်းများ ဥဒဟို ဝင်ထွက်သွားလာခြင်းကြောင့် ထင်ရှားသည်။ အာဂန် သည် ဟိုတယ် ရှိ ဗြိတိသျှ တို့ တည်းခိုရန် သီးသန့် သတ်မှတ်ပေးထားသော အဆောင်ဖက်ခြမ်း တွင် ဗုံးများ တပ်ဆင်ခဲ့ကြသည်။ ဖေါက်ခွဲခြင်း မပြုမီ သွေးထွက်သံယို ဖြစ်မှု နည်းနိုင်သမျှ နည်းရေး အတွက် ဟိုတယ်ထဲမှ အကုန်လုံး ထွက်ခွာသွားရန် ကြိုတင် သတိပေးခဲ့ပြန်သည်။
သို့သော်လည်း ပေါက်ကွဲမှု ဖြစ်ပြီးနောက်တွင် ဗြိတိသျှ နိုင်ငံသားများ၊ အာရပ် နှင့် ဂျူးများ အပါအဝင် လူပေါင်း ၉၁ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။
ထိုပေါက်ကွဲမှုကြီးကြောင့် ဒေသတွင်း စိုးရိမ်မကင်း ဖြစ်မှုများ တိုးပွားလာပြီး ကမ္ဘာတဝှမ်း၏ အာရုံစိုက်မှု ကို ရလာခဲ့သည်။ လန်ဒန် တွင် ထုတ်ဝေသော တိုင်းမ် သတင်းစာကြီး၏ မျက်နှာဖုံးတွင် “ပါလက်စတိုင်း ရက်စက်ရမ်းကားမှုကြီး” ဟု စာလုံးမည်းကြီး ဖြင့် ဖေါ်ပြခဲ့သည်။ ဗြိတိသျှ သတင်းစာများသည် အိုင်ယာလန် နိုင်ငံ အတွင်း ဗုံးဖေါက်ကွဲမှုများ အား လည်း ထိုသို့ပင် ရမ်းကားမှုကြီးဟု ခေါင်းစဉ်တပ်ခဲ့ကြသည်ကို ရှေ့ပိုင်းတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်ကို အမှတ်ရဦးမည် ထင်ပါသည်။
ဘီဂင် နှင့် အဖွဲ့သည် ထိုသို့ ဖြစ်လာရန် မျှော်လင့်နေကြသူများ လည်း ဖြစ်သည်။ ဒေးဗစ် ဘုရင် ဟိုတယ်အား ဗုံးခွဲခဲ့ခြင်းသည် ဗြိတိသျှ တို့ အား ခြောက်လှန့် နိုင်ရန် နှင့် ပါလက်စတိုင်း ဒေသတွင်း ပြဿနာအား နိုင်ငံတကာမှ အာရုံစိုက်လာစေရန် နကိုယ်ကတည်းက စနစ်တကျ အကွက်ချ စီမံခဲ့ကြခြင်း ပင် ဖြစ်သည်။ ထို့ပြင် ဗြိတိသျှ အာဏာကို ဒေသတွင်း စိန်ခေါ် လာနိုင်ရန်နှင့် ကမ္ဘာ စင်မြင့် တွင်လည်း ဗြိတိသျှ တို့ အရှက်ရစေရန် ရည်ရွယ်ခဲ့ကြခြင်းလည်း ဖြစ်ပေသည်။
ဗြိတိန်သည် ပါလက်စတိုင်း ဒေသတွင် ဆက်နေသင့် မနေသင့် ချိန်ဆလာနေစဉ် အတွင်း တိုက်ခိုက်မှု များ ဆက်လက် ဖြစ်ပွားလာနေခဲ့သည်၊ တော်လှန်ရေးကြီး စတင်ပြီး နှစ်နှစ်ပင် မပြည့်သေးသည် ၁၉၄၈ မေလ ၁၅ ရက်နေ့တွင်တော့ ဗြိတိသျှ တို့ အလျော့ပေးသွားခဲ့ခြင်းကြောင့် အာဂန်တို့သည် ၎င်းတို့ စွဲကိုင်ခဲ့သော အကြမ်းဖက် ဝါဒ ဖြင့် နိုင်ငံရေး ရည်မှန်းချက်များ ပြည့်ဝ သွားခဲ့ရသည်။ အာဂန် ၏ အောင်မြင်ခဲ့မှု များ ကို ကြည့်၍ အခြားသော ဒေသများ ရှိ ကိုလိုနီ ဆန့်ကျင်ရေး လှုပ်ရှားမှု အတွက် အတုယူ စရာ ဖြစ်လာခဲ့သည်။
ဗြိတိန်သည် ပါလက်စတိုင်း ဒေသမှ ဆုတ်ခွာသွားခဲ့ရသော်လည်း ဒေသတွင်း အကြမ်းဖက်မှုများက ဆုံးခန်းတိုင်ခဲ့ခြင်း မရှိပေ။ မပြီးပြတ်သေးသောာ အငြင်းပွားမှု များ ကြောင့် ဒေသတွင်း ရှေ့လျှောက် အကြမ်းဖက်မှု များ ဆက်လက် ဖြစ်ပွားလာခဲ့သည်။
နိုင်ငံပေါင်းချုပ် အသင်းကြီး နေရာကို ဆက်ခံလာသည့် ကုလသမဂ္ဂ အဖွဲ့ကြီးသည် ၁၉၄၇ ခုနှစ်မှစ၍ ဗြိတိန် မှ အုပ်ချုပ်မှု အခွင့်အာဏာကို လက်လွှတ်ရန် ပြင်ဆင်လာသည့် အတွက် လက်ဆင့်ကမ်း ရယူခဲ့ရသည်၊ ကုလသမဂ္ဂသည် ကနဦး တွင် လူမျိုးရေး အကြမ်းဖက်မှုများ ဖြစ်လာမည့် အရေးအား ကာကွယ်ရန် ပါလက်စတိုင်း ဒေသအား ဂျုး နိုင်ငံ နှင့် အာရပ်နိုင်ငံဟူ၍ ပိုင်းခြားနိုင်ရန် ကြိုးစားခဲ့သည်။ သို့သော် အာရပ်နိုင်ငံများက ထိုသို့ ပိုင်းခြားမည့် အစီအစဉ်အား ဂျုးများအား မျက်နှာသာပေးသည် ဆိုကာ ငြင်းပယ်ခဲ့ကြသည်။
သို့သော် အစ္စရေးသည် ကုလသမဂ္ဂမှ ပြဋ္ဌာန်းပေးထားသည့် အတိုင်း ၁၉၄၈ တွင် အစ္စရေး နိုင်ငံ ထူထောင်ကြောင်း ကျေညာခဲ့သည်။ အာရပ်တို့က ဂျုး အခြေချ နေထိုင်ရာ နေရာများကို တိုက်ခိုက်လာကြပြီး အာရပ်-အစ္စရေး စစ်ပွဲကြီး ဖြစ်ပွားလာခဲ့သည်။ ဂျုးတပ်များက အထက်စီးရလာခဲ့ပြီး ၁၉၄၉ ခုနှစ် တွင် စစ်ပွဲအား အောင်ပွဲနှင့် အတူ အဆုံးသတ်နိုင်ခဲ့သည်။
ကုလသမဂ္ဂ သည် ၁၉၄၉ တွင် နှစ်ဖက် အပစ်အခတ် ရပ်စဲရန် ဝင်ရောက် ဖြန်ဖြေပေးခဲ့ပြီး အသစ်တည်ထောင်လာသော အစ္စရေး နိုင်ငံအား အသိအမှတ် ပြုခဲ့သည်။ အစ္စရေး တို့အား လည်း ပိုင်းခြားပေးထားသည့် အစီအစဉ်အတိုင်း နယ်မြေများ တိုးချဲ့ရန် ခွင့်ပြုခဲ့သည်။ ဤသို့ဖြင့် ယခင် ပါလက်စတိုင်း တို့ နေထိုင်ရာ နယ်မြေ သုံးပုံ နှစ်ပုံသည် အစ္စရေး ပိုင် ဖြစ်သွားခဲ့ပြီး ကျန်သည့် သုံးပုံတပုံသည် အီဂျစ် နှင့် ဂျော်ဒန်တို့ ထိန်းချုပ်မှု အောက် သို့ ရောက်ရှိသွားခဲ့သည်။
ပါလက်စတိုင်း တသန်းနီးပါး အစ္စရေး သိမ်းပိုက် နယ်မြေ များ မှ ထွက်ပြေးလာခဲ့ကြပြီး အိမ်နီးချင်း အာရပ်နိုင်ငံများရှိ ဒုက္ခသည် စခန်းများသို့ ဝင်ရောက်ခိုလှုံခဲ့သည်။ ထိုစခန်းများ တွင် ပါလက်စတိုင်းများသည် ဆင်းဆင်းရဲရဲ နေထိုင်ခဲ့ကြရသည်။ ထိုအဖြစ်အား အနီးအနား ရှိ နိုင်ငံများမှအပ ကမ္ဘာကြီးက လျစ်လျူ ရှုထားခဲ့ပြန်သည်။
ထိုသို့ ဆင်းရဲပင်ပန်းစွာ နေထိုင်ရသည်မှာ အချိန်ကြာမြင့်လာသည် နှင့် အမျှ ပါလက်စတိုင်း တို့သည် ၎င်းတို့ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရယူ နိုင်ရန် လက်နက်ကိုင် အဖွဲ့များ ဖွဲ့စည်းလာခဲ့ကြသည်။ ၁၉၆၄ ခုနှစ် တွင် ကိုင်ရို တွင် ကျင်းပသော အာရပ်နိုင်ငံများ အဖွဲ့ချုပ် ညီလာခံ တွင် ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ Palestine Liberation Organization (PLO) ဟူ၍ တစုတဝေးတည်း ဖွဲ့စည်းလာနိုင်ခဲ့သည်။ သို့သော်လည်း ထိုစဉ်က ပါလက်စတိုင်း နိုင်ငံ ထူထောင်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့သည့် နိုင်ငံရေး အသင်းအဖွဲ့ အဆင့်သာ ရှိပေသေးသည်။
နောက်ပိုင်းတွင် အဖွဲ့ကြီး အတွင်းရှိ လူငယ်များသည် ထိုမျှ လောက်နှင့် ဘာမျှ ဖြစ်မလာနိုင်၊ လက်နက်ကိုင် တော်လှန်နိုင်မှသာ အစ္စရေး တို့ လက်အောက်မှ လွတ်မြောက်နိုင်မည်ဟု ယုံကြည်လာကြသည်။ ထို့အတွက် လူငယ်များသည် အလယ်အလတ် သဘောထား ရှိသော အဖွဲ့ကြီးမှ ခွဲထွက်ကာ ဖါတာ Fatah ဆိုသော ပျောက်ကြား အဖွဲ့ကို ဖွဲ့စည်းလိုက်ကြသည်။