ရွေးကောက်ပွဲတော့ ဖြစ်မလာ၊ ဖြစ်လာနိုင်သည်များက

by Hla Soewai - Jul 25 2023

အမေရိကန် အခြေစိုက် နိုင်ငံတကာ ရီပတ်ဘလီကင် အင်စတီကျု မှ Elections in Burma Aren't Coming, But Here's What is ခေါင်းစဉ် ပါ ဆောင်းပါးကို ပြန်လည် မျှဝေပါသည်။

 

စစ်ကောင်စီ သည် ၎င်းတို့ ကျုးလွန်ခဲ့သမျှသော အကြမ်းဖက်မှု များ ကြောင့် နိုင်ငံ အတွင်း ကသောင်းကနင်း ဖြစ်လာမှုများ ကို ဖြေရှင်းရန် ရွေးကောက်ပွဲ ဆိုသည်ကို ချပြလာခြင်းပင် ဖြစ်သည်။ တကယ်တမ်းတွင် ထိုသို့ လုပ်ရန် ၎င်းတို့ ဆန္ဒလည်း မရှိသည့် အပြင် ကျင်းပနိုင်စွမ်းလည်း မရှိ ပေ။

 

၎င်းတို့၏ ရည်ရွယ်ချက်ကား ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အရေခြုံကာ အာဏာရှင် ဆန်ဆန် အုပ်ချုပ်‌ ရေး ကို အခိုင်အမာ တည်ဆောက်နိုင်ရန်ပင် ဖြစ်သည်။

 

သို့သော် ရွေးကောက်ပွဲ ဆိုသည်ကား မျှော်တိုင်းဝေး ဖြစ်လာသည် နှင့် အမျှ ဒီမိုကရေစီ လှုပ်ရှားမှု ကြီး၏ သမိုင်းတွင်မည့် ညီညွတ်ရေးကို အကွဲကွဲ အပြားပြား ဖြစ်ရန် ဆက်၍ အားထုတ်လာဖွယ် ရှိနေသည်။ ထိုအတွက်လည်း အပစ် အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသူများ၊ မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို

"ငြိမ်းချမ်းရေး ဆွေးနွေးပွဲ" ခေါင်းစဉ် ဖြင့် မကြာခဏ ခေါ်ယူ ပြုလုပ်နေကြခြင်းလည်း ဖြစ်ပေသည်။ 

 

အလကားတော့ ခေါ်ပြောနေခြင်း မဟုတ်၊ ၎င်းတို့၏ ရွေးကောက်ပွဲ အား ကူညီ ပံ့ပိုးပေးမည် ဆိုက အထိုက်အလျောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် မျိုး ပေးမည် ဟူ၍ ကမ်းလှမ်းလာခဲ့သည်။

 

သို့မှသာ ၎င်းတို့အား အပြင်းအထန် စိမ်ခေါ်လာနေသည့် တော်လှန်ရေး အင်အားစုများ ခြေကုပ်ယူထားကြသည့် စစ်ကိုင်းတိုင်း၊ မကွေး တိုင်း၊ ကရင်နီ နှင့် ချင်းပြည်နယ်များတွင် စစ်ဆင်ရေးများကို အာရုံစိုက် လုပ်နိုင်မည်လည်း ဖြစ်သည်။

 

မကြာမီ က တရုတ်ပြည်၏ ကြားဝင်ပေးမှုဖြင့် စစ်တပ်သည် မြောက်ပိုင်း ညီနောင် သုံးဖေါ် အဖွဲ့နှင့် ဆွေးနွေးခွင့် ရခဲ့သည်။ အဓိက အားဖြင့် ၎င်းတို့ လုပ်မည့် ရွေးကောက်ပွဲအား ထောက်ခံလာစေရန် ဖြစ်သော်လည်း သဘောတူညီချက် တစုံတရာ မရပဲ အဆုံးသတ် သွားခဲ့သည်။

 

၎င်းတို့ ရည်ရွယ်ချက်သာ အောင်မြင်သွားမည် ဆိုက လက်ရှိ နွေဦးတော်လှန်ရေးသည် သိသိသာသာ အားပျော့သွားမည် ဖြစ်သည်။ သို့သော် ၎င်းတို့ ဖြစ်စေချင်သည် နှင့် ဆန့်ကျင်ဖက် မကြုံစဖူးအောင် ထောက်ခံမှုများ ရလာနေသည်၊ ယင်းသည် လတ်တလော သဘောတရားရေး အရရော၊ ရေရှည် တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး မျိုး ရရှိလာနိုင်မည့် လွန်စွာ အရေးပါလှသော ညီညွတ်မှု မျိုး ဖြစ်နေသည်။

 

လက်ရှိ အဖြစ်နိုင်ဆုံး အနေအထားသည်က စစ်ကောင်စီ သည် အာဏာဆက်လက် ဆုပ်ကိုင်နိုင်ရေး မရေရာ မသေချာ ဖြစ်လာနေသည် နှင့် အမျှ တိုက်ပွဲများကို အရှိန် မြင့်လာပေမည်။ လာမည့် ခြောက်လ မှ ဆယ့်နှစ်လ အတွင်း "နယ်မြေရှင်းလင်းရေး" ခေါင်းစဉ် အောက်တွင် လေကြောင်းမှ တိုက်ခိုက်မှုများ တိုး၍ လုပ်‌လာနိုင်ပေသည်။ ထိုသို့ လုပ်ရခြင်းအားလည်း ရွေးကောက်ပွဲ ကျင်းပရန် တည်ငြိမ်သော အခြေအနေများ ဖြစ်ပေါ်လာရန် ဟု အကြောင်းပြကြမည်သာ ဖြစ်သည်။ 

 

၎င်းတို့ လိုလားသည့် ရွေးကောက်ပွဲ မျိုး ဖြစ်ရန် ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ် များ ပို၍ ဆုံးရှုံး ထိခိုက်လာတော့မည် ဖြစ်ပြီး ဒုက္ခသုက္ခ များ နှင့် တိုး၍ ရင်ဆိုင်လာရဖို့သာ ရှိပေသည်။

 

၎င်းတို့ ကျေးရွာများအား တိုက်ခိုက်လာကြခြင်း မှာလည်း လူမနေ နိုင်အောင် ပြုလုပ်ခြင်းဖြင့် တော်လှန်ရေး အင်အားစုများ ကို ရိက္ခာ၊ ရံပုံငွေ၊ လူအင်အား၊ နှင့် အခြား ပံ့ပိုးမှုများ ရမလာစေရန် အတွက် ဖြစ်သည်။ စစ်တပ်၏ ထိုကဲ့သို့ ကျင့်သုံးလာသော ဗျူဟာ ကြောင့် အာဏာသိမ်းပြီး နှစ်နှစ်ခွဲ ကာလအတွင်း အမျိုးသမီး နှင့် ကလေးသူငယ်များ အပါအဝင် လူများ ထောင်ချီ၍ အသတ်ခံခဲ့ကြရသည်။

 

ပဋိပက္ခများ ပိုမို ကျယ်ပြန့်လာသည် နှင့် အမျှ လူကုန်မှု၊ မူးယစ်ဆေးဝါး ‌မှောင်ခို လုပ်ငန်းများ၊ တရားမဝင် ကျောက်စိမ်းတူးဖေါ်ခြင်းများသည် နယ်စပ်တလျှောက် ဇကာပေါက်လို ဖြစ်လာနေသောနေရာများ မှ စိမ့်ဝင်လာလျက် ရှိနေပြီ ဖြစ်သည်။

 

စစ်တပ်သည် စစ်ရေး အရ အသာစီးရရန် ဂမူးရှူးထိုး ကြိုးပမ်းလာသည် နှင့်အမျှ တဖက်ရှိ တော်လှန်ရေး အင်အားစုများ တွင်လည်း ၎င်းတို့ လေကြောင်းမှ တိုက်ခိုက်လာမှူ များကို ကြိုတင် သတိ‌ပေး၊ တုန့်ပြန် နိုင်ခြင်း မရှိ၍ အပျက်အစီး ဆုံးရှုံးမှုများ ပို၍ များပြားလာဖို့ ရှိနေသည်။

 

ထိုသို့ ဖြစ်လာနိုင်ဖွယ် ရှိနေ၍ နိုင်ငံတကာ မှ မြန်မာတို့၏ ဒီမိုကရေစီ အရေး ရုန်းကန် တွန်းလှန်နေမှု များကို လက်တွေ့ကျကျ အကူအညီ ပေးသင့်နေပြီ ဖြစ်သည်။ အမေရိကန် အစိုးရသည် ယခုအခါ BURMA ACT ဖြင့် တရားဝင် အကူအညီ ပေးနိုင်စွမ်း ရှိလာနေပြီ ဖြစ်၍ တော်လှန်ရေး အဖွဲ့များ အသာစီးရလာရေး နှင့် လူထု တွေ့ကြုံရမည့် အသက် ဘေးအန္တရာယ် ထိခိုက်မှုများ လျော့ချနိုင်ရန် အချိန်မီ ဆောင်ရွက် သင့်နေပြီ ဖြစ်သည်။

 

အသက်အန္တရာယ် ထိခိုက်စေမှု မရှိသည့် အကူအညီများ ဆိုသည်အားလည်း ရှင်းလင်းပြတ်သားစွာ အဓိပ္ပါယ် ဖွင့်ဆိုဖို့ လိုအပ်လာသည်။ ထိုအထဲတွင် စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်လာမည့် အရေးကို ကြိုတင်သိရှိနိုင်မည့် ဆက်သွယ်ရေး စနစ်၊ ထောက်လှန်းရေး သတင်းများ၊ စစ်တပ်မှ ပြေးဝင်ခိုလှုံလာသူများ အား ပေါင်းစည်းပေးရေး၊ ERO များ နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ပို၍ ပေါင်းစည်းလာနိုင်ရန် နည်းလမ်းများ၊ အကြံဉာဏ်များ ‌ပေးခြင်းများ ပြုလုပ်ပေးရမည် ဖြစ်သည်။

 

နောက်ဆုံး အချက် အနေဖြင့် အမေရိကန် သည် ၎င်းတို့ ရရှိထားသော ဆူပါ ပါဝါ အဆင့်အတန်းကြောင့် ဦးဆောင်မှု အခန်းမှ နေ၍ နိုင်ငံတကာရှိ အကျိုးတူ နိုင်ငံများကို စုစည်းကာ မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားမှု ကို တစုတစည်းတည်း ရေရှည် ထောက်ပံသွားရန် ဒီထက်မက တံခါးဖွင့်‌‌ ပေးဖို့သာလို‌တော့သည် ဟု ရေးသားထားသည်ကို ကောက်နှုတ် တင်ပြလိုက်ပါသည်။

 

ဗြိတိသျှ ရုပ်သံ ချန်နယ် Sky News မှ မြန်မာ နိုင်ငံ အတွင်း ဖြစ်ပွားနေသော ထိတ်လန့်ဖွယ် အဖြစ်များကို အဖွဲ့ဖြင့် တလနီးပါး ကွင်းဆင်း ရိုက်ကူး ပြီး ကမ္ဘာတဝှမ်းသို့ ထုတ်လွှင့် ပြသခဲ့ရာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။

 

အဆိုပါ ရုပ်သံ သတင်း အပေါ် ချက် မြိုတော် ပရာဂ် သို့ ရောက်ရှိနေသော ဗြိတိသျှ ထောက်လှန်းရေး အဖွဲ့ MI-6 အကြီးအကဲ ဆာ ရစ်ချတ် မိုး အား ထင်မြင်ယူဆချက် တောင်းခံခဲ့ရာတွင် ၎င်းက မိမိ အနေဖြင့် ပြီးခဲ့သည့် နှစ်အနည်းငယ်က မြန်မာသို့ ရောက်ခဲ့ကြောင်း၊ နိုင်ငံ တွင်း ကြေကွဲဖွယ်ရာ ဖြစ်ပျက်နေသည်များ အတွက် အဓိက တာဝန်ရှိသူသည်တရုတ် ဖြစ်ကြောင်း၊ ၎င်းတို့သာ စစ်အာဏာ သိမ်း အဖွဲ့ကို ကူညီပံ့ပိုး ပေးနေ၍ ဖြစ်သည်ဟု ပြောသွားခဲ့သည်။

 

 Sky News သတင်းထောက်မှ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ထိုကဲ့သို့ ရက်စက်မှု များ ကျူးလွန်နေသည့် အာဏာသိမ်း အဖွဲ့အား တရုတ် နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် သွားရောက်တွေ့ဆုံသည့် အပြင် ပံ့ပိုးမှုများ လုပ်နေခြင်း၊ လက်နက်များ ရောင်းချနေခြင်း သည် မည်သည့် အတွက်ကြောင့်ဟု ခိုင်လုံသော အကြောင်းပြချက် ပေးနိုင်မည် လောဟု မေးခွန်းထုတ်လာခဲ့သည်။

 

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိူးသမီးမှ မြန်မာအရေး အပေါ် တရုတ်၏ သဘောထားသည် ရှင်းကြောင်း၊ သက်ဆိုင်နေသူအားလုံး နိုင်ငံ နှင့် ပြည်သူ အကျိုးကို ရှေးရှူ၍ ဖွဲ့စည်းပုံ ဘောင် အတွင်းမှ နိုင်ငံရေး အရ ဆွေးနွေး အဖြေရှာရန်သာ ဖြစ်ပြီး Sky News သတင်းကိုလည်း မသိကြောင်း ဖြေဆိုသွားသည်။

 

ထိုအချက်ကို ထောက်ခြင်းအားဖြင့် တရုတ်သည် စစ်ကောင်စီ အလိုကျ လိုက်ပြောနေရခြင်း ဖြစ်ပြီး ၎င်းတို့ အနေဖြင့် စစ်ကောင်စီ အပေါ် ထိုကိစ္စ နှင့် ပတ်သက်ပြီး ခြိမ်းချောက် အကျပ်ကိုင်မည်ဆိုက အကျိုးရှိနိုင်‌သော်လည်း ထိုနည်းလမ်းကို ယခုထိ မသုံးသေးပဲ အချိန်ဆွဲနေသည်မှာ ထင်ရှားနေသည်။

 

သို့သော် စစ်ကောင်စီ ၏ လူမဆန်စွာ ရက်စက်ကြမ်းကြုပ်မှု များ တိုး၍ ကျုးလွန်လာမည် ဆိုက တရုတ်သည်လည်း မျက်နှာပြောင်တိုက် ဆက်နေ၍ မဖြစ်သည့် အနေအထားမျိုး ရောက်လာတော့မည်သာ ဖြစ်သည်။