တရုတ်ပြည်သို့ မင်းအောင်လှိုင် သွားဖို့ ရှိနေပြီလော

by Hla Soewai - Jul 25 2023

တရုတ် ပြည်သို့ မင်းအောင်လှိုင် သည် စက်တင်ဘာလ အတွင်း သွားရောက်ရန် ရှိနေသည်ဟု သံတမန် သတင်းရပ်ကွက် နှင့် မြန်မာအရေး လေ့လာစောင့်ကြည့်နေသူ များ ထံမှ သတင်း အနံ့ ထွက်လာသည်ဟု ဧရာဝတီ သတင်းတွင် ရေးသားလာခဲ့သည်။

 

ထိုသတင်းသာ အမှန် ဖြစ်လာမည် ဆိုက မင်းအောင်လှိုင် အတွက် သွက်ချာပါဒ လိုက်မတတ် ခုန်ပေါက် မြူးတူး ရလောက်မည့် အံ့မခန်း ဖြစ်ရပ် ကြီး ဟု ဆိုသည်။

 

၎င်းအား တရုတ် နှင့် ရုရှား မှ လွဲ၍ တကမ္ဘာလုံးက ဝိုင်းကျဉ် နေကြပြီး အာဆီယံ မှ အစည်းအဝေး ပင် အတက်မခံ သည့် အထိ ဆန့်ကျင်နေကြချိန် ဖြစ်သည်။ အာဏာ သိမ်းပြီးနောက် မော်စကို သို့ အကြောင်းအမျိုး မျိုး နှင့် သွားရောက်ခဲ့ပြီး ဖြစ်သော်လည်း ကရင်မလင် နန်းတော်ကြီး အတွင်းသို့ ယခုထိ ခြေချ ခွင့် မရ ဖြစ်နေဆဲပင်။

 

ထိုသို့သော အနေအထား များ ကြောင့် မင်းအောင်လှိုင်သည် တရုတ်၏ တရားဝင် အသိအမှတ် ပြုခြင်းကို အလွန် အမင်း လိုအပ်လာနေခြင်းလည်း ဖြစ်သည်။ ထိုသို့ ဖြစ်ရန် သံတမန် လမ်းကြောင်းမှ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း တရုတ် အရာရှိများက ပယ်ချခဲ့သည် ချည်းပင် ဖြစ်သည်။ ယခု တရုတ်သည် hot potato ကြီး ဖြစ်နေသော မင်းအောင်လှိုင်ကို တကယ်ပင် ဖိတ်ကြားခဲ့ပြီလော ဆိုသည်က မေးစရာ ဖြစ်လာသည်။

 

ဧရာဝတီ သတင်းဌာန မှ ထိုသတင်းပေါ် သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးဟု လည်း ဖေါ်ပြထားသည်။

 

ယခု လူမြင်ကွင်းမှ ကွယ်ပျောက်နေသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်း၏ ခရီးစဉ် အပြီးတွင် ဇော်မင်းထွန်းသည် တရုတ်နိုင်ငံသို့ ရောက်ရှိသွားခဲ့သည်၊ သို့သော် နှစ်ဖက်စလုံး မှ တရားဝင် သတင်းထုတ်ပြန်ခြင်းမျိုး မရှိဟု ဆိုသည်။

 

ယခုလ အစောပိုင်းက မင်းအောင်လှိုင်သည် ကုန်သည်ကြီးများ အသင်းနှင့် တွေ့ဆုံပြီးနောက်တွင် ရက်အနည်းငယ် ခန့် ပျောက်ကွယ်သွားခဲ့သည်၊ အာရှ ထောက်လှန်းရေး သတင်းရပ်ကွက်များ အဆိုအရ တရုတ်ပြည် တောင်ပိုင်း ဂန်ဇူး သို့ ရောက်ရှိသွားခြင်း ဖြစ်ပြီး သွားရသည့် အကြောင်းရင်းကိုမူ မသိရ ဟု ဆိုသည်။ ဤသည်ကို ကြည့်မည် ဆိုက မင်းအောင်လှိုင် သည် တရုတ်ပြည်သို့ တရားဝင် သွားရဖို့ အရေး ဘာမဆို လုပ်မည့် သဘောကို တွေ့နေရသည်။

 

မေလ တွင် တရုတ် ပြည် ဗဟို စစ်ကော်မရှင် ၏ ထောက်လှန်းရေး အကြီးအကဲ ဗိုလ်ချုပ် ယန်ယန်း ရောက်ရှိလာပြီး စိုးဝင် နှင့် နှစ်နိုင်ငံ စစ်တပ် ပေါင်းစည်း ရေး ဆွေးနွေးရန် ဆိုကာ တွေ့ဆုံခဲ့သည်။

 

ထို‌သို့ ‌‌ဆွေးနွေးစဉ် အတွင်း စိုးဝင်းမှ မြစ်ဆုံဆည် တည်ဆောက်ရေး ကို ပြန်စရန် စကားစခဲ့သည်ဟု ဆိုသည်။ တကယ်တမ်းတွင် မြစ်ဆုံဆည် တည်ဆောက်ရေး အား ရပ်ဆိုင်းခဲ့ခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဆန်းရှင်းများ ဖယ်ရှားရန် အနောက် အုပ်စု အား အချက်ပြလို၍သာ ဖြစ်သည်။

 

စိုးဝင်း မှ ထိုသို့ စကားစ လာခြင်းသည်ကပင် မင်းအောင်လှိုင် တရုတ်ပြည်သို့ အလည်‌သွားနိုင်ရေးကို မည်မျှ အထိ လိုလားနေသည် ဆိုသည့် နောက်ထပ် သက်သေတခုလည်း ဖြစ်သည်။

 

တရုတ်မှ မင်းအောင်လှိုင်အား အလည်ခေါ်ရန် ဆုံးဖြတ်ခြင်းသည် အကြမ်းဖက်မှုများ ဆက်တိုက် ကျုးလွန်နေသော အာဏာသိမ်း စစ်အုပ်စုအား တရားဝင် အသိအမှတ် ပြုလိုက်သည့် သဘော ဖြစ်သွား နိုင်၍ အလေးအနက် စဉ်းစားသင့်ကြောင်း ဆောင်းပါးတွင် တိုက်တွန်းထားသည်။

 

ယခု အချိန်အထိတော့ စစ်အာဏာသိမ်း အဖွဲ့မှ ဝန်ကြီး အဆင့်ရှိသူ တဦးတလေကိုမျှ သီးခြား ဖိတ်ကြား ခဲ့ဖူးခြင်း မရှိသေးပေ။ စစ်တပ် ချင်း ဆက်ဆံမှုသည်လည်း အဆင့်နိမ့် ပုံစံမျိုးသာ ရှိနေပေသေးသည်။

 

အကယ်၍ မင်းအောင်လှိုင်သည်သာ ဘီဂျင်းသို့ ခြေချ နိုင်မည်ဆိုက မြန်မာနိုင်ငံ အတွင်း တရုတ် ဆန့်ကျင်ရေး သဘောထားများ ပို၍ ပြင်းထန်လာနိုင်ပြီး နောက်ဆက်တွဲ အကျိုးဆက်များ ထွက်ပေါ်လာနိုင်မည် လည်း ဖြစ်သည်။ တော်လှန်ရေး အင်အားစုများမှ တရုတ် စီမံကိန်းများကို တိုက်ခိုက်လာနိုင်ပြီး ပြည်တွင်း ပြည်ပတွင်လည်း ကန့်ကွက် ဆန္ဒပြမှုများ ရှိလာနိုင်သည်ဟု ဧရာဝတီက ဆောင်းပါးတွင် သတိပေးလာခဲ့သည်။

 

ထိုခရီးသည် စက်တင်ဘာလ အတွင်း ဖြစ်ပေါ်နိုင်ဖွယ် ရှိသည်ဟု ဆိုထားသဖြင့် ကုလ သမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး နေရာ အတွက် ထပ်မံ ဆုံးဖြတ်ရမည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။

 

မိမိ အမြင်အရ ‌ဆိုလျှင် တရုတ်သည် လက်ရှိ အနေအထားအရ ပင် လိုခြင်သမျှ ကို အာဏာသိမ်း အဖွဲ့ ထံမှ လက်ကုန် နှိုက်၍ ရနေသဖြင့် ကမ္ဘာအလယ်တွင် မျက်နှာပျက် ခံကာ မင်းအောင်လှိုင်အား ဖိတ်ကြားရလောက်သည်အထိ မိုက်မဲလိမ့်မည်ဟု မထင်ပေ။

 

တဖက်တွင်လည်း အ‌မေရိကန်တို့ အား တားဆီးထားနိုင်မှု၊ အိန္ဒိယ သမုဒ္ဒရာ ကို ဝင်ထွက်နိုင်ခွင့် ရရှိလာနိုင်မှု၊ ပိုးလမ်းမ စီမံကိန်းများ အကောင်အထည် ဖေါ်လာနိုင်မှု တို့ကြောင့် Why not? လည်း ဖြစ်လာနိုင်ပေသည်။

 

သို့သော် မိမိတို့ ပြည်သူများ အနေဖြင့် ထိုသို့ အနေအထားကို ကြိုတင် တွက်ချက်ပြီး ပြောင်းလဲ လာနိုင်သည့် အကျိုးဆက်များ အတွက် ပြင်ဆင်ထားကြရမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Illustration credit - Original Creator