ရခိုင် တပ်တော် မှ တိုက်ပွဲများ ပြန်ဖြစ်လာနိုင်ဟု စစ်ကောင်စီ အား သတိပေးပြန်

by Hla Soewai - Jul 25 2023

စစ်ကောင်စီ မှ အလွတ်သဘော အပစ်ရပ် ရေး သဘောတူညီချက် ပါ အကြောင်းအရာများ ကို ချိုးဖောက်နေ၍ တိုက်ပွဲများ အချိန်မရွေး ပြန်ဖြစ်လာနိုင်သည်ဟု ရခိုင် တပ်တော် ပြောခွင့်ရ ခိုင်သုခ မှ ဧရာဝတီ သတင်း အား ပြောခဲ့သည်ဟု သတင်း ပါရှိလာခဲ့သည်။

 

ခိုင်သုခမှ အပစ်ရပ်ရေး သဘောတူညီချက်သည် လူသားချင်း စာနာထောက်ထားမှု အပေါ် အခြေခံခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ စစ်ကောင်စီ ဖက်မှ အရပ်သားများ ကို ဖမ်းဆီးမှုများ ရပ်ဆိုင်းရန်၊ အဖမ်းခံထားရပြီးသူ များ ပြန်လွှတ်ရန် နှင့် ခရီးသွားလာခွင့် ကန့်သတ်ထားမှု များ ဖယ်ရှားပေးရန် သဘောတူထားခဲ့သော်လည်း ထိုသဘောတူညီချက်ကို ချိုးဖောက်ပြီး အရပ်သားများကို ၊ မတရား အသင်း ဥပဒေ၊ အကြမ်းဖက်မှု ဥပဒေဖြင့် ဖမ်းဆီးနေဆဲ ဖြစ်သည်ဟု ဆိုသည်။ မိမိတို့မှ ထိုလုပ်ရပ်များ အား ရပ်တန့်ရန် အကြိမ်ကြိမ် မေတ္တာ ရပ်ခံခဲ့သော်လည်း လုပ်မြဲ အတိုင်း ဆက်လုပ်နေ၍ လက်နက်ကိုင် ပဋိပက္ခများ အချိန် ပြန်ဖြစ်လာနိုင်သည်ဟု သတိပေးလာခဲ့သည်။

 

ယခုအချိန်အထိ ရခိုင်ပြည်နယ် ထဲသို့ ကုန်းလမ်း ရေလမ်းမှ သယ်ယူမည့် ပစ္စည်း မှန်သမျှ ကို နယ်စပ်လုံခြုံရေး ဝန်ကြီး၏ အတည်ပြုချက် ကို ရယူနေရဆဲဖြစ်သည်။ ယခုအခါ ဆိုင်ကလုံး မိုချာ အတွက် အကူအညီပေးနိုင်ရန် အကြောင်းပြချက် ဖြင့် ရခိုင်တပ်တော် ထိန်းချုပ်နယ်မြေ အတွင်း သို့ ဝင်ရောက်ပြီး ထောက်လှန်းနေသည့် ပုံမျိုး ဖြစ်လာ၍ အခြေအနေများ တင်းမာလာခဲ့ရခြင်းလည်း ဖြစ်သည်။ တကယ်တမ်း တွင် ၎င်းတို့ထံမှ အကူအညီ များ သည် ဆန်နို့ဆီဗူး ၁၂ လုံး၊ ခေါက်ဆွဲခြောက်များ လောက်သာ ရရှိနေဆဲ ဖြစ်သည်ဟု အခြား သတင်းများအရ သိရသည်။

 

လက်ရှိတွင် စစ်တပ်သည် ရခိုင်တပ်တော်အား တိုက်ရန် စိတ်ကူး မရှိသေးဟု ရခိုင် နိုင်ငံရေး သမား တဦးက ဆိုသည်။ အာဏာသိမ်းပြီးနောက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး ယမန်နှစ် နိုဝင်ဘာလ တွင် ဂျပန် အထူး သံတမန် ဖြစ်သူ ယိုဟီ ဆာဆာကာဝါ ၏ ဝင်ရောက် စေ့စပ်ပေးမှု ဖြင့် အလွတ်သဘော နှစ်ဖက် အပစ်ရပ်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

 

ထိုသို့ ရခိုင်တပ်တော်၏ သဘောထား ပြောင်းလာခြင်းမှာလည်း အဓိက အားဖြင့် ရခိုင်မြောက်ပိုင်း သို့ ဝင်ထွက်နိုင်သည့် ကုန်းလမ်း ရေလမ်းများကို နှစ်လကြာမျှ ပိတ်ဆို့ခြင်း ခံခဲ့ရခြင်းကြောင့်လည်း ဖြစ်သည်။

 

ယင်းနှင့် အတူ ရခိုင်တပ်တော်၏ ရခိုင် နိုင်ငံတော် တည်ထောင်နိုင်ရေး ဟူသော မျှော်လင့်ချက်များလည်း မှေးမှိန် ပျောက်ကွယ်သွားပုံရသည်။ လက်ရှိတွင် တရုတ်၏ ထောက်ခံမှု ရနေသော်လည်း ရခိုင် နိုင်ငံဟူ၍ ဖြစ်လာပါက မြန်မာ နှင့် ရန်ဖက် အသွင် ဖြစ်သွားတော့မည် ဖြစ်၍ မြန်မာ နှင့် ဆက်ဆံရေး ကောင်းလိုပါက တရုတ်သည် ရခိုင် တပ်တော် အား ထောက်ခံမှု ပေး၍ မဖြစ်နိုင်တော့ပေ။ ထို့အတွက် ကုလသမဂ္ဂ၏ တရားဝင် အသိအမှတ် ပြုခံရဖို့ အလားအလာ ရှိတော့မည် မဟုတ်ပေ။ တဖက်တွင်လည်း အိန္ဒိယ နှင့် ဘင်္ဂလား‌ဒေ့ရှ် မှ ရခိုင်တပ်တော်အား လိုလားဟန် မပြခဲ့ပေ။ ရခိုင်ပြည်နယ်ရှိ ပြည်သူ တရပ်လုံး၏ ထောက်ခံမှုလည်း ယခုထိ အပြည့်အဝ မရရှိသေးပဲ ဖြစ်နေသည်။

 

မြန်မာ စစ်ကောင်စီမှ ယခုလို ပိတ်ဆို့ ခံခဲ့ရ၍ ဒေသခံ များ အပေါ် စာနာစိတ်ဖြင့် အပစ်ရပ်ခဲ့ရပါသည်ဟု ဆိုသော်လည်း တကယ်တမ်းတွင် ရခိုင် မြောက်ပိုင်းသည် မြန်မာဖက်မှ ပိတ်ဆို့ခဲ့မှု ကို ခံနိုင်ရည် မရှိ ဆိုသည်က ထင်ရှားနေသည်။

 

ထို့အတွက် ရခိုင်တပ်တော်သည် ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက် ဖြစ်သော သီးခြား နိုင်ငံ ထူထောင်ရေး မှသည် အမြင့်ဆုံး ကွန်ဖက်ဒရေးရှင်း အဆင့် ရရှိရေး အတွက် အပေးအယူ လုပ်ရန် စဉ်းစားလာပုံရသည်၊ ထိုသို့ အပေးအယူ လုပ်နိုင်ရန် အတွက်လည်း တဖက်က စစ်အင်အား တည်ဆောက်ရင်း ခြောက်ချီ တလှည့် ချော့ချီ တလှည့် ပုံစံမျိုး ဖြင့်သာ ဆက်လက် ရပ်တည်သွားဖို့ ရှိနေပေသည်။

 

မြန်မာတို့၏ ကိုယ်ကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့် ရရေး အတွက် တွန်းလှန်တိုက်ခိုက်နေမှု များ အရှိန်ရလာနေပြီ ဖြစ်ပြီး မကွေးတိုင်း အတွင်း ရှိ စစ်တပ်နှင့် ပျုစောထီး စခန်းများကို ဆက်တိုက်ဆိုသလို တိုက်ခိုက်လာနေပြီ ဖြစ်သည်။ ပုံတွင် ပခုက္ကူ မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ခေတ်မှီလက်နက် ကိုယ်စီ ဖြင့် တိုက်ပွဲဝင်နေကြသည့် မြင်ကွင်းကို ဧရာဝတီ သတင်းဌာနမှ ဖေါ်ပြထားသည်ကို တွေ့နိုင်မည် ဖြစ်သည်။

 

ဖိနှိပ်အုပ်ချုပ်ရေး ယန္တရားများ အခိုင်အမာ တည်ဆောက်ကာ နိုင်ငံ အပေါ် နှစ်ပေါင်း ၆၀ နီးပါး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီးတွင် တသွေးတသံတမိန့် ဖြင့် ဓါးမိုး အုပ်ချုပ်ခဲ့သည့် စနစ်တခုလုံး အား ဆက်ပြီး ဇက်စင်းခံ နေ၍ မဖြစ်တော့ ဆိုကာ မြေလှန်တိုက်ပွဲဝင်နေခြင်း လည်း ဖြစ်၍ ယခုလို အနေအထား အထိ အောင်ပွဲနှင့် နီးကပ်လာခြင်းသည် ပြည်သူတရပ်လုံး၏ အံ့မခန်း မယိမ်းမယိုင် စည်းလုံးညီညွတ်ခဲ့ကြ၍သာ ဖြစ်ပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!