မဝေးတော့သော ကာလကို လက်ခြင်းမြဲမြဲချိတ်ကာ စောင့်ကြည့်ကြစို့

by Hla Soewai - Jul 25 2023

အမေရိကန် နှင့် အနောက်ဥရောပ နိုင်ငံများ က စစ်ကောင်စီ နှင့် ပတ်သက်နေသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား စီးပွားရေး အရ ‌မကြာသေးမီက ပိတ်ဆို့ ဒဏ်ခတ်လာမှုများသည် ၎င်းတို့၏ လူထု အပေါ် စစ်ပွဲ ဆင်နွှဲနိုင်မည့် အရေး တဖြေးဖြေး နှင့် ထိခိုက် ပျက်ပြားလာနေပြီ ဖြစ်သည်ဟု Asia Financial တွင် ရေးသားထားသည်။

 

ထိုသို့ ပိတ်ဆို့ဒဏ်ခတ်မှုများကြောင့် ဒေါ်လာ နှင့် ထိုင်း ဘတ်ငွေများ နှင့် လဲလှယ်မှု နှုန်းသည်လည်း ကျဆင်းသည်ထက် ကျဆင်းလိုက်လာနေပြီ ဖြစ်သည်ဟု ဆိုသည်။ အီးယူ၏ ပိတ်ဆို့ ဒဏ်ခတ်မှု ကြောင့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ မှ ရရှိထားသည့် ဒေါ်လာ သန်း ၅၀၀ ခန့်အား ထုတ်ယူ၍ မရ ဖြစ်သွားသည်ဟု ဆိုသည်။

 

ဘန်ကောက်ရှိ စစ်ရေး လေ့လာ သုံးသပ်သူများ၏ အဆိုအရ တော်လှန်ရေး အဖွဲ့များသည် စစ်ရေးအရ တဖြေးဖြေး အသာစီး ရလာနေပြီဟု လည်း ဖေါ်ပြထားသည်။

 

ထိုသို့ စစ်ရေး အရ အရှိန်မြင့်လာနေသည့် အချိန်တွင် တိုင်းပြည်၏ စီးပွားရေး သည် အကြီးအကျယ် ထိခိုက်လာဖို့ ရှိနေသည်ဟု ကမ္ဘာဘဏ်မှ ဇွန်လ အတွင်း ထုတ်ပြန်သော အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

 

ထိုသို့သော အခြေအနေများ ကြားတွင် စစ်ကောင်စီ ၏ ဖဲသုံးချပ် ကစားဝိုင်း တွင် ဝင်အော်လျှင် နိုင်မည် အထင်နှင့် ယစ်မူးနေကြသော လူတန်းစားများသည်ပင် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်လာခဲ့ကြရချေပြီ။

 

အွန်လိုင်းမှ ဈေးရောင်းကာ သမ္မာအာဇီဝ ဖြင့် လုပ်ကိုင်စားသောက် နေကြသူများကိုပင် ချမ်းသာ မပေးတော့ပဲ အခွန်ကောက် ရန် ကြံစည်လာခြင်း၊ ဆင်ဖြူ ဆိုသည့် တောတွင်း သတ္တဝါ တဦး၏ မွေးနေ့ဆိုကာ မဆီမဆိုင် ကျပ် နှစ်သောင်းတန် ထုတ်လုပ်ခြင်း များ၊ နိုင်ငံ အတွက် အရေးတကြီး လိုအပ်နေသည့် စက်သုံးဆီ ကိုပင် အလျှင်မီအောင် မဝယ်နိုင်တော့သောလည်း တဖက်တွင် ငွေကုန်ကြေးကျ များစွာ များစွာ ခံ၍ ကမ္ဘာအကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီး ဖွင့်လှစ်ရန် စီစဉ်လာခြင်း များသည် တိုင်းပြည် စီးပွားရေး ကို မည်သို့မျှ အထောက်အကူ မပြုပဲ အောက်သို့ ဆွဲချနေသည့် လုပ်ရပ်များသာ ဖြစ်သည်ကို စီးပွားရေး သီအိုရီ ကို နကန်း တလုံးမျှ နားမလည် ရှာသူများပင် ရိပ်စားမိလောက်သည့် လုပ်ရပ်များပင် ဖြစ်သည်။

 

အာဏာရှင် ဆိုသူများက လူထု အား လုံးဝ ငတ်သွားသည် အထိတော့ အဖြစ်ခံလေ့ မရှိ၊ သို့သော် လူအများစုအား စားရသောက်ရရေး ကို သေလု မျောပါး ရုန်းကန် နေရမည့် အဆင့်မျိုးတွင်သာ ထား ရှိ နိုင်ရန် စိတ်ကူး နေကြသူများ ဖြစ်သည်။

 

ကျပ်တည်းလှသော ခေတ်ကြီး တွင် အွန်လိုင်းမှ ဈေးရောင်းချခြင်းဖြင့် စီးပွား ရှာနေကြသည့် လူလတ်တန်းစား များကိုလည်း ချမ်းသာပေးရန် စိတ်ကူး မရှိကြတော့၊ အရာရာတိုင်း ကို ၎င်းတို့ ထိန်းချုပ်မှု အောက်မှ လွတ်ကင်းပြီး ရပ်တည်နေနိုင်သည့် အဖြစ်ကို မည်သို့မျှ မရှုစိမ့်နိုင်ကြ၊ လူထု အား အသက်ရှုခြင်းမှ လွဲ၍ ကျန်သည့် ကိစ္စ အဝဝ အား ၎င်းတို့ နှင့် ကင်းလွတ်ခြင်း ကို အဖြစ်မခံနိုင်ဟု သတ်မှတ်ထားကြသူများ ဖြစ်သည်။

 

ဖေ့စ်ဘုတ်အား တရားဝင် အသုံးပြုခွင့် ပိတ်ပင်ထားပါလျက် ယင်းကို အသုံးပြုပြီး စီးပွား ရှာနေသူများကို တရားဝင် မှတ်ပုံတင်ရမည်ဟု ပြောလာခြင်းသည်လည်း အတော်ပင် စဉ်းစားရ ခက်သော လုပ်ရပ်မျိုးလည်း ဖြစ်နေပေသည်။

 

ယခု လက်ရှိ ထုတ်ဝေထားသော ငွေစက္ကူ တန်ဘိုး ၏ နှစ်ဆ ရှိသည့် ကျပ် နှစ်သောင်းတန် ငွေစက္ကူများ ကို ထုတ်ဝေလိုက်ခြင်းအားလည်း လက်ရှိ မတည်မငြိမ် ဖြစ်လာနေသော စီးပွားရေး ကို ဖြေရှင်းနည်း အဖြစ် ထွက်ပေါ်လာသည်ကို စီးပွားရေး လေ့လာသုံးသပ်သူများက တအံ့တဩ ဖြစ်ကြရသည်။ ၎င်းတို့ အဖို့က ဆင်ဖြူတော် ကိုးကွယ်နေကြသူများ သာ ဖြစ်၍ မည်သို့ပင်ထင်ထင် ဂရုမစိုက်၊ ဆင်ဖြူတော် အကြောင်းကိုပင် သတင်းစာများ မှ တလတကြိမ် ဘုန်းတော်ဘွဲ့ ဆောင်းပါးများ ရေးပေးနေကြရသည်။

 

ယခုလည်း တရားဝင် ထုတ်ပြောရဲခြင်း မရှိသော်လည်း ဆင်ဖြူတော် အထိမ်း အမှတ် အဖြစ် ထုတ်ဝေလိုက်ခြင်း ဆိုသည်ကို အားလုံးက သိနားလည် ထားကြပြီး ဖြစ်သည်။ ငွေကြေး ဖေါင်းပွ မှု မြင့်တက်လာနေချိန်တွင် ယခုလို ငွေစက္ကူ အသစ် ထုတ်လာသည့် ကိစ္စ အပေါ် အလိုလိုနေရင်း သွေးလန့်နေကြသည်ဟု အေပီ သတင်းဌာနတွင် ဖေါ်ပြထားသည်။

 

ဆင်ဖြူတော် ဆိုသည်က တကယ်တမ်း တွင် လူ သို့မဟုတ် တရိစ္ဆာန် ခန္ဓာကိုယ်တွင် melanin ဟု ခေါ်သော ဆံပင်၊ မျက်လုံး၊ အသားအရောင် ကို ဖြစ်စေသော ဒြပ်တမျိုး ပါရှိမလာမှု အဖြစ် ဆေးပညာရှင်များ က လက်ခံထားကြသည်။ သို့သော် စစ်ဗိုလ်ချုပ်များကတော့ ၎င်းတို့ အာဏာ ဘုန်းတံခိုးး မြင့်မားရေး အတွက် သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များ က ကောင်းချီးပေးခြင်းဟု ယူဆနေကြသူများ ဖြစ်သည်၊ ထိုအဖြစ်သည် အာဖရိက ရှိ တောတွင်းသား bush people များ အကြား အသားဆွတ်ဆွတ်ဖြူ ပြီး မွေးဖွားလာသူ တဦး အား နတ်ဘုရား အလား ကိုးကွယ်ခဲ့ကြသည့် ဓလေ့ထုံးတမ်းနှင့် မည်သို့များ ကွာခြားမှု ရှိနိုင်ပါဦးမည်လော။

 

အာဏာရှင်များသည် လူ့တဦးတယောက်၏ ပုဂ္ဂလိက ဘဝ နှင့် အများ နှင့် ဆိုင်သော ဘဝ ဆိုသည်ကို စည်းခြားထားခြင်း မရှိရ၊ abandonment of personal feelings ဟု ဆို၍ ရသည့် မိမိ၏ ကိုယ်ပိုင် ခံစားချက် ကို ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ စွန့်လွှတ်ပြီး ၎င်းတို့ကို ထောက်ခံရမည်ဟု ဒလန်များ၊ သတင်းပေးများ မွေးပြီး အတင်းအကျပ် ဖန်တီးလာကြသည်။ ဖေ့စ်ဘုတ် အမည်းရောင် ပရိုဖိုင်း ချိန်သူများ၊ မွေးနေ့ဆုတောင်း သူများ အား လူထု အကြား ထိုသို့ စိတ်များ ဖြစ်လာရန် စံပြ ဖမ်းပြခဲ့ခြင်းမျိုးပင် ဖြစ်သည်။

 

ဤသည်နှင့် ပတ်သက်၍ နိုင်ငံတကာ က တလေးတစား ဆက်ဆံခဲ့ကြရသည့် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ချက် ခေါင်းဆောင် ဗားကလပ် ဟေဗယ်မှ ၁၉၇၈ ခုနှစ်တွင် ရေးသားခဲ့သော “The Power of the Powerless” စာတမ်းတွင် ယခုလို ရေးသားခဲ့သည်။

 

“ကုန်စုံဆိုင် ပိုင်ရှင် တဦးသည် သူ၏ ဆိုင်ရှေ့တွင် ကွန်မြူနစ် ကျေညာစာတမ်းပါ “ကမ္ဘာအလုပ်သမား ထုကြီး တရပ်လုံး စည်းလုံးကြ” ဆိုသည့် ဆောင်ပုဒ်ကို ရေးပြီး ချိတ်ဆွဲထားသည်၊ သူသည် ထိုအချက်ကို စိတ်ပါလက်ပါ ထောက်ခံခြင်း မရှိသော်လည်း အာဏာပိုင်များ၏ အနှောက်အယှက် မှ ကင်းဝေးလျှင် ပြီးရော ၎င်း အနေဖြင့် လက်ရှိ ကွန်မြူနစ် အာဏာပိုင်များ အပေါ် သစ္စာရှိသည် ဆိုသည်ကို ပြသလိုသည့် သဘောနှင့် ချိတ်ဆွဲလိုက်ခြင်းပင် ဖြစ်သည်၊ နောက်ပိုင်းတွင် ကျန်လူများသည်လည်း အားကျပြီး ထိုအတိုင်း လိုက်လုပ်လာကြ၍ နေရာတကာတွင် ထိုသို့သော ဆိုင်းဘုတ်များ ပြည့်နှက်လာခဲ့ရသည်ဟု ဆိုသည်”။ ထိုအခါ တွင် တော်လှန်ရေး အောင်မြင်ဖို့က ခက်ခဲလာခဲ့ရသည်ဟု ဥပမာ ပေးသွားခဲ့သည်။

 

ဤသည်က မိမိတို့ ရှင်သန်ရပ်တည်ရေး ကို ကြည့်ပြီး စိတ်ခံစားမှုများကို ပစ်ပယ်ခဲ့ကြရသည့် ဥပမာ ပင် ဖြစ်သည်။ 

 

တိုင်းပြည်၏ အဓိက ဒေါက်တိုင် ကြီး တခုလုံးသည် မုသား များ ဖြင့် လိမ်းခြယ်ထားနေသရွေ အမှန်တရား ဆိုသည်က တဖြေးဖြေး ခြိမ်းချောက်ခံလာနေရမည်သာ ဖြစ်သည်။ ဆိုရှယ် မီဒီယာများ ထွန်းကားလာနေသည့် ခေတ် တွင် ၎င်းတို့၏ ဝါဒဖြန့် လုပ်ကြံဇတ်များဖြင့် ထိုးဖောက်၍ မရအောင် ဖြစ်လာနေသည်ကို မကြာမီ က ဒေါ်အောင်ဆန်းစုကြည် မှ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးအား ပြောပါသည် ဆိုသော အလိမ်အညာများကို မည်သူမျှ လက်ခံယုံကြည်ကြခြင်း မရှိသည့် အဖြစ်က ထင်ရှားစွာ ပြဆိုနေပေသည်။

 

စစ်ရေးဖက်တွင်လည်း လေကြောင်း အင်အား အသာစီး ဖြင့် တော်လှန်ရေး အင်အားစုများကို ထိန်းထားရင်း တဖက်ကလည်း အချိန်ကြာလာသည်နှင့် အမျှ ၎င်းတို့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား အက်ကြောင်းလိုက် ပြိုကွဲလာလိမ့်မည်ဟူသော စိတ်ကူးယဉ်မှုများ ပြိုလဲ လိုက်လာနေပြီ ဖြစ်သည်။ ဒီအတိုင်း ဆက်သွားမည် ဆိုက အချိန် များများစားစား မကျန်တော့သည်ကိုလည်း ရိပ်စားမိလာကြပြီ ဖြစ်သည်။

 

လက်ရှိ သွားနေသည့် အနေအထား အရ တော်လှန်ရေး ကြီး မည်သည့် အချိန်တွင် ‌အောင်မြင်မည်ဟု အာရုံထားနေမည့် အစား စစ်တပ်သည် မည်သို့သော ပုံစံ၊ မည်သည့် အချိန်တွင် ပြိုကွဲ နိဂုံးချုပ်သွားမည့် အရေး တဖြေးဖြေး နီးကပ်လာနေပြီ ဖြစ်သည် ကိုသာ စောင့်ကြည့်ကြရမည် ဖြစ်သည်ဟု Asia Time တွင် ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!